ရခိုင်ပြည်နယ်ကိုပြန်တဲ့ စစ်ဘေးဒုက္ခသည်တွေ ဆက်တိုက်ဖမ်းဆီးခံနေရ

RFA Burmese
2025.03.12
ရခိုင်ပြည်နယ်ကိုပြန်တဲ့ စစ်ဘေးဒုက္ခသည်တွေ ဆက်တိုက်ဖမ်းဆီးခံနေရ ရခိုင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

Update: 4: 55 PM, Mar 12, 2025

အာရက္ခတပ်တော် (AA) က ရခိုင်တစ်ပြည်နယ်လုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် တခြားဒေသတွေကနေ နေရပ်ပြန်ဖို့ ကြိုးစားကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ကနေ ရခိုင်ပြည်နယ်ကို ပြန်လာကြတဲ့ စစ်ဘေးဒုက္ခသည် ၁၂ ဦးနဲ့ ဆိုင်ကယ်အငှားမောင်းသူ လေးဦး၊ စုစုပေါင်း ၁၆ ဦးကို မရမ်းချို သစ်ထုတ်လုပ်ရေးစခန်း အနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။

"ကားမှန်သမျှ အကုန်စစ်တာ။ ဆိုင်ကယ်တွေ ဖမ်းတယ်။ ကားတွေ လိုင်စင်တွေ ဖမ်းတယ်။ ပိတ်တယ်။ စစ်တယ်။ ကားပေါ် တက်စစ်တယ်”

ဖမ်းဆီးခံရသူတွေဟာ ရခိုင်တိုက်ပွဲကာလအတွင်း ဧရာဝတီတိုင်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ စစ်တွေနဲ့ ဂွမြို့နယ်က ဒေသခံတွေဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သာပေါင်းမြို့ခံတစ်ဦးက ပြောပါတယ်။

“သူတို့ ရိုး(ရခိုင်ရိုးမ) ဟိုဘက်ကိုကျော်အောင်လို့ ဆိုင်ကယ်တက္ကစီနဲ့ ညဘက် ခိုးထွက်တယ်။ အဲဒီမှာ ကလေးတွေရော၊ လူကြီးတွေရော အကုန်လုံးပေါ့ကွာ။ ပြောရလို့ရှိရင် ကလေးတွေဆိုရင် ၁ နှစ်သား၊ ၂ နှစ်သား ကလေးတွေတောင် ပါတယ်။ ဆိုင်ကယ်နဲ့ သွားတဲ့အချိန်မှာ စစ်တပ်နဲ့ ရဲနဲ့တွေ့တဲ့အခါကျတော့ အဲဒီမှာ သံသယနဲ့ သူတို့ကို စစ်ဆေးတယ်ပေါ့။ စစ်ဆေးတဲ့အခါကျတော့ အဲဒီ ၁၁ မျဉ်းစောင်းတွေမှန်သမျှကို အကုန်လုံး ဖမ်းလိုက်တယ်။ ဖမ်းပြီး ကားပေါ်ကိုတင်ပြီး ဘုရားကြီးရောက်အောင် လက်ပြန်ကြိုးတုပ်ပြီး ခေါ်လာတယ်။ ၁၂ ယောက် က တစ်ယောက်က အဲဒီကားနောက်မှာ ကြိုးချည်ထားရင်းနဲ့ ညဘက်ကြီးမောင်းတော့ ဘယ်လိုဘယ်လို ကြိုးပြုတ်ပြီး ဆင်းကျန်ခဲ့လည်း မသိဘူး။ ဘုရားကြီးရောက်တော့ ၁၁ ယောက်ပဲ ရောက်လာတယ်”

သူတို့ကို ရေကြည်မြို့နယ် ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့လည်းဆိုပါတယ်။ ရခိုင်တိုက်ပွဲကာလအတွင်း သံတွဲနဲ့ ဂွမြို့နယ်တွေကနေ ဧရာဝတီတိုင်း၊ ရေကြည်၊ သာပေါင်းနဲ့ ကျုံပျော်မြို့နယ်တွေကို ထွက်ပြေးတိမ်းရှောင် ခဲ့ကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့လကစလို့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေကို ရှောင်လွှဲပြီး တောလမ်းတွေကနေ နေရပ်ပြန်နေကြတာပါ။


ဆက်နွှယ်သောသတင်းများ

ရခိုင်ပြန်ဖို့ ကြိုးစားတဲ့ လူငယ် တစ်ရာကျော် ရန်ကုန်မှာ ထိန်းသိမ်းစစ်ဆေးခံနေရ

ရန်ကုန်မှာရှိတဲ့ ရခိုင်လူငယ်တွေ နေရပ်ပြန်ခွင့် အပိတ်ခံထားရကြောင်း ကိုယ်တိုင်ကြုံခဲ့သူတွေ ပြော

စစ်ကောင်စီရဲ့ ပိတ်ဆို့ဖြတ်တောက်မှုကြောင့် ရခိုင်ဒေသခံတွေ အခက်အခဲမျိုးစုံကြုံနေရ


အခုလိုပြန်ရာမှာ ရခိုင်ရိုးမကိုကျော်ဖြတ်ဖို့အတွက် ဆိုင်ကယ်အငှားလိုက်သူတွေကို လူတစ်ဦးအတွက် ငွေကျပ် သုံးသိန်းခွဲကနေ လေးသိန်းအထိပေးရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနဲ့ မတ်လ ဒုတိယပတ်အတွင်းကလည်း ရေကြည်နဲ့ ကျုံပျော်မြို့နယ်တွေကနေ ရခိုင်ပြည် နယ် ဂွမြို့နယ်ကို ပြန်တဲ့ စစ်ဘေးဒုက္ခသည် ၂၆ ဦးကို ငသိုင်းချောင်းမြို့အနီးက ရခိုင်ရိုးမအစပ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။

“ငသိုင်းချောင်းတို့၊ ရေကြည်တို့ကနေ ကိုယ့်နေရာကို ပြန်တာကွာ။ ဆိုင်ကယ်တွေနဲ့ အဲဒီမှာ ဆင်းဖမ်းတာ။ ပြန်တဲ့အဖွဲ့က လူပေါင်းနှစ်ဆယ် တစ်ဖြတ်ဖမ်းတယ်။ ခြောက်ယောက်တစ်ဖြတ် ဖမ်းတယ်။ အဲဒါတွေက အခုရက်ပိုင်းထဲမှာ ဖမ်းနေတာ။ အခုဟာက တောလမ်းထဲကို ရောက်သွားရင်ကတော့ လွတ်တယ်လို့ ပြောလို့ ရတယ်။ အခုဟာက တောလမ်းထဲမှာ မဟုတ်ဘဲနဲ့ ဒီငသိုင်းချောင်းရဲ့ ပတ်ဝန်းကျင်မှာ ဆိုတဲ့အခါကျတော့ မလွတ်တော့ဘူးပေါ့”

ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ်အောက် ကလေးတွေနဲ့ အသက် ၅၀ ဝန်းကျင်အရွယ်တွေ ပါဝင်ပြီး ရေကြည်မြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းခံထားရတယ်လို့ သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့ရှိ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုအတွင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
ရခိုင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့ရှိ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုအတွင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

စစ်ကောင်စီက ရန်ကုန်ကနေ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲ ဝင်လာတဲ့သူတွေကိုပါ စစ်ဆေးရေးဂိတ်တွေမှာ တင်းကျပ်စစ်ဆေးနေပြီး ရခိုင်ပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်သူဆိုရင် သံသယနဲ့ ဖမ်းဆီးတာတွေ လည်း ရှိနေတယ်လို့ ငသိုင်းချောင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုတောင် ရန်ကုန်က ပြန်လာတဲ့ ငါ့အမျိုးထဲက တူမတစ်ယောက် ပန်တိုင်ဂိတ်မှာ ဖမ်းထားတယ်။ ၁၁ မျဉ်းစောင်းဆိုပြီးတော့ ရခိုင်ဘက်က လာတယ်ဆိုပြီး ဖမ်းတာ။ ရေနံ့သာဂိတ်မှာလည်း စစ်တာဆိုတာ မင်းကလည်း အကုန်လုံး ဆင်းလျှောက်ရတယ်။ ကားမှန်သမျှ အကုန်စစ်တာ။ ဆိုင်ကယ်တွေ ဖမ်းတယ်။ ကားတွေ လိုင်စင်တွေ ဖမ်းတယ်။ ပိတ်တယ်။ စစ်တယ်။ ကားပေါ် တက်စစ်တယ်”

ရေကြည်နဲ့ ငသိုင်းချောင်းမြို့က ရဲအချုပ်ခန်းတွေမှာ နေရပ်ပြန်ရင်း ဖမ်းဆီးခံရသူ ရာဂဏန်း နီးပါးရှိနေတယ်လို့ ရေကြည်မြို့နယ်မှာ ခိုလှုံနေတဲ့ ရခိုင်စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“အဖမ်းခံရသူတွေကျတော့လည်း သူတို့ ခြံဝင်းထဲမှာ၊ ရဲစခန်းဝင်းထဲမှာ ချက်ပြုတ်စားသောက်ပြီးတော့ ထိန်းသိမ်းထားတယ်တဲ့။ အဲဒါတွေက အမှုဘာမှ မလုပ်သေးဘူးလို့ ပြောတယ်။ ကျန်တဲ့ဟာတွေ၊ သူတို့နဲ့ မလွတ်ကင်းတဲ့ ဟာမျိုးတွေကျတော့ ဆီတို့၊ ဆေးတို့၊ ဘာတို့ ညာတို့ကျပြန်တော့လည်း ခုနပြောတဲ့ အမှုတွေ ဖွင့်ထားတယ်လို့ ကြားတယ်။ ကြားရသလောက်ဆိုရင်တော့ ဒီရေကြည်နဲ့ ငသိုင်းချောင်းစခန်းတွေမှာတော့ မိသားစုဝင်တွေရော၊ ကလေး၊ လူကြီးစခန်းထဲမှာတောင် မဆံ့သလောက်လို့တော့ ကြားမိတာပဲ”

ရခိုင်တစ်ပြည်နယ်လုံးနီးပါး လက်လွှတ်ထားရတဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို စက်သုံးဆီနဲ့ စားသုံးကုန် သယ်ယူမှုတွေကို ပိတ်ပင်ထားပါတယ်။ အခု ဆက်တိုက်ဖမ်းဆီးခံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကိုလည်း ရခိုင်ပြည်နယ်ထဲ စားသုံးကုန်တွေ တရားမဝင်သယ်ယူမှုအပြင် AA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂(က) နဲ့ပါ စစ်ကောင်စီက အမှုဖွင့်တာတွေရှိနေတယ်လို့လည်း ဆိုပါတယ်။

အခုလို ဆက်တိုက်ဖမ်းဆီးတာတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေး ဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဒီနေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ငါးသိန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရဆဲဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေး ခက်ခဲလာတယ်လို့ ဒုက္ခသည် တွေနဲ့ အကူအညီပေးနေသူတွေက ပြောထားပါတယ်။

(မှတ်ချက် - ဤသတင်းတွင် ဖမ်းဆီးခံရသူတစ်ဦး၏ မိတ်ဆွေ၊ ငသိုင်းချောင်းဒေသခံ၊ ရခိုင်စစ်ဘေးဒုက္ခသည်တစ်ဦးတို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။