ရခိုင်ပြန်ဖို့ ကြိုးစားတဲ့ လူငယ် တစ်ရာကျော် ရန်ကုန်မှာ ထိန်းသိမ်းစစ်ဆေးခံနေရ

RFA Burmese
2024.02.26
ရခိုင်ပြန်ဖို့ ကြိုးစားတဲ့ လူငယ် တစ်ရာကျော် ရန်ကုန်မှာ ထိန်းသိမ်းစစ်ဆေးခံနေရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရန်ကုန်မြို့ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖမ်းဆီးခံလိုက်ရသည့် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ယောချောင်းဒေသ၊ ရွာသာယာကျေးရွာက လူငယ် ၁၄ ဦးအား တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်မြို့ကနေ ရခိုင်ပြည်နယ်ကို ကားနဲ့ပြန်ဖို့ ကြိုးစားတဲ့ ရခိုင်လူငယ်တစ်ရာကျော်ဟာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီးနောက် ‌ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ အဆက်အသွယ်မရဘဲ ပျောက်နေတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

သူတို့ဟာ အောင်မင်္ဂလာအဝေးပြေးကားကွင်းကနေ အောင်စစ်ခိုင် အမည်ရ ကားနှစ်စီး၊ ပွင့်ဖြူ အမည်ရ ကားတစ်စီး၊ စုစုပေါင်း ကားသုံးစီးနဲ့ ထွက်ခွာလာခဲ့ပြီးနောက် ရွှေပြည်သာမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာလို့ အဲဒီလူငယ်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ လုံခြုံရေးအရ ဘွဲ့အမည်မဖော်လိုတဲ့ ဦးဇင်းတစ်ပါးက RFA ကို မိန့်ပါတယ်။

"ရန်ကုန်မြို့ထဲမှာကို ဖမ်းလိုက်တာ။ ကားသုံးစီး အဖမ်းခံလိုက်ရတဲ့အထဲ ဦးဇင်းကူညီပေးတဲ့ ကားနှစ်စီးမှာတော့ လူပေါင်း ကိုးဆယ်နဲ့ တစ်ရာကြားမှာ ရှိတယ်။ နောက်တစ်စီးပါဆိုရင် လူတစ်ရာကျော်တာပေါ့။ နောက်ဆုံး သိလိုက်ရတာက ဖမ်းတာကိုပဲ သိလိုက်ရတာ။ ဒီတပ်စခန်းထဲဝင်သွားပြီး ပြန်ထွက်မလာတော့ဘူးဆိုတော့ ဒါဖမ်းပြီလို့ သိလိုက်တာ"

လက်ရှိမှာတော့ သူတို့ကို ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က စစ်ကောင်စီတပ်မထဲမှာ ထိန်းသိမ်းထားတယ်လို့သိရပေမယ့် အဆက်အသွယ်တော့ မရသေးဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူငယ်တွေဟာ အသက် ၁၈ နှစ်ကနေ ၃၀ ကြား အရွယ်ရှိပြီး မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် စတဲ့ မြို့နယ်တွေက ဖြစ်ပါတယ်။ သူတို့ဟာ ရန်ကုန်မြို့က အထည်ချုပ်စက်ရုံတွေ၊ ဖိနပ်စက်ရုံတွေနဲ့ တခြား စက်ရုံတွေမှာအလုပ်ကိုင်နေကြတဲ့သူတွေဖြစ်ပြီး စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ရပ်ကွက်က ဧည့်စာရင်းမပေးတော့တာတွေ၊ ဖမ်းဆီးခံရမှာကို စိုးရိမ်တာတွေနဲ့ အလုပ်အကိုင် အဆင်မပြေတော့တာတွေကြောင့် မိမိနေရပ်ကို ပြန်လာကြတာလို့လည်းဆိုပါတယ်။

အဲဒီအထဲမှာ မြေပုံမြို့နယ် ယောချောင်းဒေသ ရွာသာယာကျေးရွာက လူငယ်တစ်ဆယ်ကျော်လည်း ပါသွားတယ်လို့ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"အဖမ်းခံလိုက်ရတဲ့အထဲမှာ ကျွန်တော်တို့ရွာက ၁၄ ယောက်ပါသွားတယ်။ ယောက်ျားလေးက လေးယောက်၊ မိန်းကလေး ဆယ်ယောက်။ သူတို့နဲ့ ဒီနေ့အထိ ဘယ်လိုမှအဆက်အသွယ် မရသေးဘူး။ သူတို့က ရန်ကုန်မှာ အထည်ချုပ်စက်ရုံတွေမှာ၊ ဖိနပ်စက်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့သူတွေပါ"

သူတို့တွေဟာ ရန်ကုန်မှာအလုပ်လုပ်ပြီး တစ်ဖက်တစ်လမ်းကနေ မိသားစုကို ကူညီထောက်ပံ့နေတဲ့သူတွေဖြစ်သလို ပြစ်မှုကျူးလွန်သူတွေလည်း မဟုတ်တာကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်လို့လည်း ဆိုပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့အထဲမှာ ရခိုင်လူငယ်တစ်ရာကျော် ပါဝင်တယ်ဆိုတာကို အကူအညီပေးနေသူတွေက အတည်ပြုနိုင်ပေမယ့် ဘယ်မြို့က ဘယ်နှဦးဆိုတာနဲ့ အမည်၊ အသက်အရွယ်စတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

"ရခိုင်မှာတိုက်ပွဲဖြစ်လို့ ဒီကိုရှောင်လာတာ။ ဒီမှာလည်း မလုံခြုံဘူး။ အခုက အဲဒီလိုဖြစ်နေတယ်"

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ရန်ကုန်မြို့မှာ အလုပ်လုပ်ကိုင်နေသူတွေ၊ ပညာသင်ကြားနေသူတွေနဲ့ စစ်ဘေးရှောင်နေတဲ့ ရခိုင်လူမျိုးတွေဟာ အတော်လေးကိုအခက်ခဲဖြစ်နေကြတယ် လို့ ကာယကံရှင်တွေက RFA ကိုပြောပါတယ်။

ရန်ကုန်မှာနေရင်လည်း ဖမ်းဆီးခံရတာတွေရှိသလို ရခိုင်ကိုပြန်ရင်လည်း ကားလမ်းတွေနဲ့ လေဆိပ်တွေမှာ ဖမ်းဆီးခံရတာတွေရှိတယ်လို့ ရန်ကုန်မြို့မှာအလုပ်လုပ်ကိုင်နေတဲ့ ရခိုင်လူငယ်တစ်ဦးက ပြောပါတယ်။

"ဧည့်စာရင်းတွေတိုင်ရင်လည်း ဖမ်းဆီးခံရတာတွေရှိတယ်။ အခုရခိုင်ကိုပြန်သွားရင်လည်း စစ်တွေလေဆိပ်မှာဆိုရင်လည်း ဖမ်းဆီးခံရတာရှိတယ်။ ကျောက်ဖြူလေဆိပ်မှာဆိုရင်လည်း ဖမ်းဆီးမှုတွေရှိတယ်။ ဒီမှာ နေရင်လည်း စစ်မှုထမ်းဥပဒေနဲ့ အခက်အခဲတွေ ရှိတယ်။ ရခိုင်မှာတိုက်ပွဲဖြစ်လို့ ဒီကိုရှောင်လာတာ။ ဒီမှာလည်း မလုံခြုံဘူး။ အခုက အဲဒီလိုဖြစ်နေတယ်"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ နဲ့ ၂၀ ရက်နေ့တွေကလည်း ရန်ကုန်မြို့ကနေ စစ်တွေနဲ့ ကျောက်ဖြူ ကို လေယာဉ်နဲ့ ပြန်လာတဲ့ ခရီးသည် ခြောက်ရာလောက်ကို စစ်ကောင်စီတပ်က အဲဒီလေဆိပ်တွေကနေ ကားနဲ့တစ်ပါတည်း ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဖမ်းဆီးခံလိုက်ရသူတွေရဲ့ မိသားစုဝင်တွေက RFA ကို ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်အတွင်း စောင့်ဆိုင်းနေသည့်ခရီးသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်အတွင်း စောင့်ဆိုင်းနေသည့်ခရီးသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အဲဒီအထဲက သက်ကြီးပိုင်းတွေ၊ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အထောက် အထား ခိုင်ခိုင်မာမာပြနိုင်တဲ့ တချို့ကိုတော့ ပြန်လွှတ်ပေးတာမရှိပေမယ့် ကျန်တဲ့သူတွေကိုတော့ ဒီနေ့အထိ ဖမ်းဆီးထားဆဲလို့ ဆိုပါတယ်။

အခုလို ရန်ကုန်ကနေ ရခိုင်ကိုပြန်တဲ့ ရခိုင်လူငယ်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးတာဟာ ရခိုင်လူငယ်တွေ ရက္ခိုင့်တပ်တော် (AA) ထဲကို ရောက်သွားမှာကို စိုးရိမ်လို့ဖြစ်နိုင်တယ်လို့လည်း ရခိုင်စစ်ရေးလေ့သူတွေက သုံးသပ်ကြပါတယ်။

ရွှေပြည်သာမြို့နယ်မှာ လူငယ်တွေ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဖုန်းဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ရက္ခိုင့်တပ်တော် (AA) ကတော့ စစ်ကောင်စီတပ်ဟာ ရန်ကုန်နဲ့ မန္တလေးစတဲ့မြို့တွေမှာ ရခိုင်လူမျိုးတွေကို လူမျိုးရေးအမုန်းတရားတွေနဲ့ ဥပဒေမဲ့ ဖမ်းဆီးတာ၊ စစ်သားသစ်စုဆောင်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ခြိမ်းခြောက် ငွေညှစ်တာ၊ သတ်ဖြတ်တာတွေ နေ့စဉ်ကျူးလွန်နေတယ်လို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ရခိုင်ဒေသနဲ့ မြန်မာနိုင်ငံရဲ့ စစ်ရေးအခြေအနေအရ အဲဒီမြို့တွေမှာ တိမ်းရှောင်နေမယ့်အစား ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြောင်းရွှေ့နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။