ရခိုင်ပြည်နယ်မှာ လူတစ်သန်းခန့် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

RFA Burmese
2024.12.09
ရခိုင်ပြည်နယ်မှာ လူတစ်သန်းခန့် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင် စစ်ဘေးဒုက္ခသည်စခန်းတွင် လာရောက်ခိုလှုံနေသူတချို့အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်ခဲ့တဲ့အတွက် ရခိုင်နဲ့ တခြားလူမျိုးတွေရော ရိုဟင်ဂျာတွေပါ စုစုပေါင်း တစ်သန်းကျော်လောက် စားရေး သောက်ရေး အတော်ခက်ခဲနေပြီး နိုင်ငံတကာရဲ့ အရေးပေါ်အကူအညီ လိုအပ်နေပြီလို့ ပြည်တွင်းပြည်ပက ဒုက္ခသည်ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။

အထူးသဖြင့် ပေါက်တောမြို့နယ် ငှက်ချောင်းဒုက္ခသည်စခန်း၊ အနောက်ရဲ ဒုက္ခသည်စခန်း၊ စစ်တွေမြို့နယ်က ဒုက္ခသည်စခန်းတွေနဲ့ ဘူးသီးတောင်၊ မောင်တောမှာရှိတဲ့ ရိုဟင်ဂျာတွေ အခက်အခဲဖြစ်နေကြတာပါ။

"ဘယ်နိုင်ငံတကာအဖွဲ့တွေကမှ အကူအညီလာပေးတာမရှိဘူး။ နောက်ထပ် တစ်လလောက်ဆိုရင် လူတွေက ငတ်ပြီးသေမဲ့အခြေအနေပါ”

ပေါက်တောမြို့နယ်က လူဦးရေတစ်သောင်းကျော် ခိုလှုံနေတဲ့ ငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းနဲ့ လူဦးရေ ငါးထောင်ကျော် ခိုလှုံနေတဲ့ အနောက်ရဲ ဒုက္ခသည်စခန်းမှာဆိုရင် နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီ အထောက်အပံ့တွေမရတာ ဆယ်လခန့်ရှိနေပြီလို့ ငှက်ချောင်းဒုက္ခသည်စခန်းက ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ငှက်ချောင်းဒုက္ခသည်စခန်းမှာ စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။ လူတွေက ထမင်းကို အရည်ကျိုပြီး စားနေရတယ်။ အကူအညီတွေက လုံးဝမရဘူး။ ဘယ်နိုင်ငံတကာအဖွဲ့တွေကမှ အကူအညီလာပေးတာမရှိဘူး။ နောက်ထပ် တစ်လလောက်ဆိုရင် လူတွေက ငတ်ပြီးသေမဲ့အခြေအနေပါ”


ဆက်နွှယ်သောသတင်းများ

မြန်မာနိုင်ငံမှာ လူဦးရေ ၁၃ သန်းကျော် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရ

ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ စောင်၊ အနွေးထည်နဲ့ဆေးဝါး လိုအပ်

တောင်ကုတ်မှာ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ


ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာလည်း အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာ သိန်းနဲ့ချီရှိတယ်လို့ ပြည်ပရောက် ရိုဟင်ဂျာအရေးဆောင်ရွက်သူ ကိုနေဆန်းလွင်က RFA ကို ပြောပါတယ်။

“ဘူးသီးတောင်၊ မောင်တောမှာ ရိုဟင်ဂျာဒုက္ခသည် သုံးသိန်းလောက်ရှိတယ်။ ဒီသုံးသိန်းလုံးက အကုန်လုံး အိုးမဲ့အိမ်မဲ့ဖြစ်နေသူတွေကြီးပဲ။ လုပ်ကိုင်စားသောက်စရာလည်း ဘာမှမရှိဘူး။ လူသားချင်းစာနာမှုအကူအညီပေးမဲ့အဖွဲ့တွေလည်း ဘာမှမရှိဘူး။ တကယ့်ကို ခက်ခက်ခဲခဲဖြစ်နေတယ်။ အငတ်ဘေးကြုံတွေ့နေရတဲ့ သူတွေလည်းရှိတယ်။ မောင်တောမှာလည်း ဒီအတိုင်းပါပဲ”

စစ်တွေမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တွေလည်း ရိုဟင်ဂျာ တစ်သိန်းကျော် အခက်အခဲဖြစ်နေတယ်လို့ သူက ပြောပါတယ်။

ကျောက်ဖြူမြို့မှ ကျောက်တစ်လုံးမွတ်စလင် ဒုက္ခသည် စခန်းအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ကျောက်ဖြူမြို့မှ ကျောက်တစ်လုံးမွတ်စလင် ဒုက္ခသည် စခန်းအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒါကြောင့်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နိုင်ငံတကာအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ နယ်စပ်ကနေတစ်ဆင့် ဒုက္ခသည်တွေကို ကူညီပေးသင့်တယ်လို့လည်း မောင်တောမြို့နယ်က ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နိုင်ငံတကာရဲ့ လူသားချင်းနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး တော့ နယ်စပ်ကနေ ဒုက္ခသည်တွေရှိတဲ့နေရာ ပြီးတော့ အရပ်သားပြည်သူတွေရှိတဲ့နေရာ အကုန်လုံး အကူအညီတွေရရှိအောင် ချိတ်ဆက်ပြီးတော့ အကူအညီပေးသင့်တယ်လို့ ကျွန်တော်က မြင်ပါတယ်။ အကြံလည်း ပြုပါတယ်”

အလားတူပဲ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ရခိုင်နဲ့ တခြားလူမျိုးစစ်ဘေးဒုက္ခသည် ငါးသိန်းခွဲခန့်ရှိပြီး နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီမရဘူးလို့ ရခိုင်စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို အီးမေးလ်ကနေ RFA က မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။ စစ်ကောင်စီ တာဝန်ပေးထားတဲ့ ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့လည်း လက်ခံဖြေဆိုတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ ရခိုင်မှာ တိုက်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ရက်နေ့ကစလို့ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် ၅၇၀,၀၀၀ နီးပါးအထိ ရှိလာပြီလို့ နိုဝင်ဘာ ၂၇ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်ထဲကို အစားအသောက်၊ ဆေးဝါးနဲ့ တခြားကုန်စ္စည်သယ်ယူပို့ဆောင်မှုတွေကို စစ်ကောင်စီတပ်က ကန့်သတ်ထားတာကြောင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ အဟန့်အတား ဖြစ်နေတယ်လို့လည်း UNOCHA အဖွဲ့က ပြောဆိုထားပါတယ်။

အဲဒီအပြင် ရခိုင်ပြည်နယ်ကို အကူအညီတွေပေးမဲ့ ပြည်တွင်းပြည်ပအဖွဲ့တွေကို ပိတ်ထားသလို၊ ဒေသတွင်း စားနပ်ရိက္ခာထုတ်လုပ်မှု မလုံလောက်တဲ့အတွက် လာမဲ့နှစ် မတ်နဲ့ ဧပြီလောက်ကစပြီး စားနပ်ရိက္ခာ ငတ်မွတ်ခေါင်းပါးတဲ့ဒဏ်ကို လူ နှစ်သန်းလောက်ခံရနိုင်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။