ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ စောင်၊ အနွေးထည်နဲ့ဆေးဝါး လိုအပ်

နန်းဆိုင်ဖူး (ဝါရှင်တန်ဒီစီ)
2024.12.05
ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ စောင်၊ အနွေးထည်နဲ့ဆေးဝါး လိုအပ် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မသန့်ရှင်းသော သောက်သုံးရေ အသုံးပြုနေရသည့် စစ်ဘေးဒုက္ခသည်တချို့အား ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့က တွေ့ရစဉ်။
Photo: Ponnagyun Youths Association - PYA

ဆောင်းရာသီရောက်လာတဲ့အတွက် ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် အနွေးထည်နဲ့ စောင်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ စခန်းမှာနေရတဲ့သူ၊ ဆွေမျိုးနီးစပ်တွေရဲ့ အိမ်မှာနေရတဲ့သူနဲ့ တောတောင်တွေထဲ နေရတဲ့သူဆိုပြီး သုံးမျိုးရှိနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

"စစ်ဘေးဖြစ်သွားတဲ့နောက်ပိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ အကုန်လုံးပြိုလဲသွားတယ်။ ဆေးဝါးရရှိမှုက တော်တော်ခက်ခဲဖြစ်သွားတယ်"

အဲဒီသုံးမျိုးထဲက တောတောင်တွေထဲမှာနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စောင်နဲ့အနွေးထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ပရဟိတသမား ကိုဝေဟင်အောင် ကပြောပါတယ်။

“နဂိုရှိတဲ့ အခက်အခဲမှာ နောက်တစ်ခုထပ်ပြီး ဝင်လာတယ်လို့ပဲ ပြောလို့ရတာပေါ့နော်။ လက်ရှိ အခင်း အကျင်းအရဆိုရင် အနွေးထည်တို့ စောင်တို့ များများစားစားလိုအပ်နေပါတယ်”

ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက အမ်းမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ အအေးပတ်ပြီး သက်ကြီးပိုင်း လေးယောက်အထိ သေဆုံးသွားတယ်လို့ ကိုဝေဟင်အောင်က ပြောပါတယ်။

ဒါကြောင့် သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါသည်တွေနဲ့ ကလေးသူငယ်တွေအတွက် စိုးရိမ်ရ တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ လင်းရောင်ခြည်ဖောင်ဒေးရှင်းအဖွဲ့က အမည်မဖော်လိုသူတစ်ဦး ကပြောပါတယ်။

“လက်ရှိဆောင်းရာသီလည်းဖြစ်တဲ့အတွက် ရခိုင်ဆောင်းရာသီက အရမ်းအေးပါတယ်။ အနွေးထည်တို့ စောင်တို့မရှိကြတဲ့ စစ်ဘေးရှောင်တွေ အများကြီးရှိနေပါတယ်။ သူတို့ ကျန်းမာရေးအတွက်လည်း အလွန်စိုးရိမ်စရာ အနေထားတစ်ခုပါ။ စစ်ဘေးရှောင်အများစုဟာ စားနပ်ရိက္ခာ၊ ဆေးဝါးကုသမှုနဲ့ စောင်၊ အနွေးထည်တို့ လိုအပ်နေပါတယ်”

ဆောင်းရာသီမတိုင်ခင်တုန်းကလည်း စစ်ဘေးဒုက္ခသည်စခန်းတွေမှာ အရေပြားနဲ့ဆိုင်တဲ့ရောဂါတွေ ကူးစက်ခဲ့တဲ့အတွက် အဲဒီရောဂါတွေကို ကုဖို့ ဆေးလုံလုံလောက်လောက် မရှိခဲ့ဘူးလို့ ကူညီနေသူတွေက RFA ကို ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးစခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး ကုန်းလမ်းရော ရေလမ်းကိုပါ စစ်ကောင်စီက ပိတ်ထားတဲ့အတွက် ကျန်းမာရေးသုံးဆေးတွေအပါအဝင် ကုန်စည်စီးဆင်းမှု အခက်အခဲဖြစ်နေတာလို့ ပရဟိတသမား ကိုဝေဟင်အောင်က ပြောပါတယ်။

“ဆေးကုသမှုအပိုင်းက မလုံလောက်ဘူးဗျ။ စစ်ဘေးဖြစ်သွားတဲ့နောက်ပိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ အကုန်လုံးပြိုလဲသွားတယ်။ ဆေးဝါးရရှိမှုက တော်တော်ခက်ခဲဖြစ်သွားတယ်။ ဆေးဝါးကျတော့ စစ်ကောင်စီဘက်က ကုန်းလမ်းရေလမ်း‌တွေ ပိတ်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့က စားနပ်ရိက္ခာအပြင် ဆေးဝါးရရှိမှုက တော်တော်ခက်ခက်ခဲခဲဖြစ်သွားတဲ့အတွက် ဆေးဝါးမလုံလောက်မှုဒဏ်ကို ခံရတယ်”

စခန်းတွေမှာ အိမ်သာ၊ သန့်ရှင်းတဲ့သောက်သုံးရေနဲ့ ဆပ်ပြာ လုံလုံလောက်လောက်မရှိတဲ့အတွက် ‌‌ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ရသေ့တောင်၊ ကျောက်တော်နဲ့ ဘူးသီးတောင်မြို့နယ်တွေက ဒုက္ခသည်စခန်းတွေမှာ အရေပြားရောဂါတွေရခဲ့တာလို့ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်အချို့အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။  (Photo: Ponnagyun Youths Association - PYA)
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်အချို့အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Ponnagyun Youths Association - PYA)

ဒီရောဂါဟာ ဗိုင်းရပ်စ်ပိုးလို တစ်ယောက်ကနေတစ်ယောက် ကူးစက်ကြတဲ့အတွက် ကလေးငယ်တွေ အများစုခံစားခဲ့ရတယ်လို့လည်း ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက RFA ကိုပြောပါ တယ်။

“ဒီဟာက ဗိုင်းရပ်စ်နဲ့တူတယ်။ ဒီအရေပြားက လူကို သေစေနိုင်လောက်တဲ့ ဗိုင်းရပ်စ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ လူကို ကူးစက်လွယ်တယ်။ ဒီအရေပြား ဖြစ်နေတဲ့လူနဲ့ နီးနီးကပ်ကပ်နေရင်တောင်မှ နောက်တစ်ဦးကို ကူးစက်တဲ့အခြေအနေမျိုးမှာ ရှိတယ်။ သူ့ကို အချိန်ယူပြီး ကုသရင်တော့ ကောင်းတယ်။ အစားအသောက်တွေ ရှောင်ပြီးတော့နေရင် ပြန်ပြီးတော့ ကောင်းတယ်။ သေလောက်အောင်ထိတော့ မဟုတ်ဘူး”

ဒီရောဂါဟာ ဒီနှစ်ဆန်းပိုင်းကတည်းက စဖြစ်နေကြပြီး ဆေးလုံလုံလောက်လောက်မရှိလို့ ကူးစက်တဲ့သူ ပိုများသွားတယ်လို့ လင်းရောင်ခြည်ဖောင်ဒေးရှင်းက ပြောပါတယ်။

“ကျွန်တော်တို့ရရှိထားတဲ့စာရင်းအရ အရေပြားရောဂါဖြစ်ပွားနေသူ တစ်ထောင်ကျော်ထိရှိခဲ့ပါတယ်။ အဲ့ဒီထဲက ဆယ်နှစ်အောက်ကလေးတွေကို အဓိကထားပြီးတော့ လူသုံးရာစာကို ကျွန်တော်တို့ ဆေးဝါးကုသပေးထားပါတယ်။ ဘဏ္ဍာရေး အင်အားမလုံလောက်တဲ့အတွက် အကုန်လုံးကို မကုသပေးနိုင်သေးပါဘူး”

အခုတော့ ဆောင်းရာသီဝင်လာပြီဖြစ်တဲ့အတွက် အရေပြားရောဂါဖြစ်တဲ့နှုန်း လျော့နည်းလာပြီး ဆေးကုပေးရမယ့်သူ နှစ်ရာဝန်းကျင်ပဲ ကျန်တော့တယ်လို့ ကိုဝေဟင်အောင်က‌ ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေ ရပ်တည်ရေးပိုခက်ခဲလာ

ရခိုင်မှာ လူနှစ်သန်းကျော် အငတ်ဘေးကျရောက်နိုင်ကြောင်း UNDP သတိပေး

ရခိုင်မှာ စစ်ဘေးဒုက္ခသည်ခြောက်သိန်းခန့် စားဝတ်နေရေးခက်ခဲနေ


ရခိုင်ပြည်နယ်က သိန်းနဲ့ချီတဲ့ဒုက္ခသည်တွေရဲ့ လိုအပ်ချက်ကို ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေ ကူညီမှရမယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့ အကူအညီတောင်းစရာဆိုလို့ UN နဲ့ INGO အဖွဲ့အစည်းတွေပဲ မြင်တယ်။ အဲ့ဒါ ကြောင့် UN နဲ့ INGO အဖွဲ့အစည်းတွေအနေနဲ့လည်း ဒီဟာတွေကို ဥပေက္ခာမပြုပဲနဲ့ ဝိုင်းဝန်းပြီးတော့ ကူညီဖို့ မေတ္တာရပ်ခံချင်တဲ့ သတင်းစကားလေးတော့ ပါးချင်ပါတယ်”

ဒီကိစ္စနဲ့ပတ်သက်ပြီး နေပြည်တော်က ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် သူ့အနေနဲ့ဖြေဆိုဖို့ အချိန်မရသေးဘူးလို့ ပြောပါတယ်။

အာရက္ခတပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကိုလည်း RFA ကဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ရခိုင်ပြည်နယ်ကို ပြည်တွင်း ပြည်ပကပေးမယ့်အကူအညီတွေပိတ်ဆို့ခံထားရသလို၊ ဒေသတွင်း စိုက်ပျိုး ထုတ်လုပ်မှုတွေ ကျဆင်းနေရတဲ့အတွက် လာမယ့် ၂ဝ၂၅ မတ်၊ ဧပြီလလောက်ကစပြီး လူဦးရေ နှစ်သန်းကျော် အစားအသောက်မလုံလောက်တာတွေကြုံရနိုင်တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က နိုဝင်ဘာလ ၇ ရက်နေ့မှာ သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။