တောင်ကုတ်မှာ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
2024.12.04
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် စားဝတ်နေရေး ခက်ခဲနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက RFA ကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ ပြောပါတယ်။
တိုက်ပွဲတွေကြား ထွက်ပြေးလာရတာ ဖြစ်တာကြောင့် စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ တခြားအသုံး အဆောင်ပစ္စည်းတွေ အပြည့်အစုံမပါသလို အကူအညီတွေလည်း မရတာကြောင့် ခက်ခဲနေကြတာလို့ ရခိုင်ဒေသမှာ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေတဲ့ ကိုဝေဟင်အောင်က ပြောပါတယ်။
“အခုတောင်ကုတ်မှာ ဒုက္ခသည်နှစ်သောင်းကျော်လောက် အခက်အခဲဖြစ်နေတယ်။ ကူညီပေးဖို့ ကျွန်တော့်ကို အကူအညီလာတောင်းတယ်။ သူတို့ ထွက်ပြေးလာကတည်းက ဘာမှ မယူလာခဲ့ဘူးလေ။ ပြီးရင် အကူအညီတွေကလည်း မရကြဘူး။ အခုဆောင်းရာသီဆိုတော့ ရိက္ခာအပြင် အနွေးထည်တွေ၊ စောင်တွေ အကူအညီလိုအပ်နေတာ”
တောင်ကုတ်မြို့နယ်မှာ နိုဝင်ဘာလဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ခံထားရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ တောင်ကုတ်မြို့ပေါ်နဲ့ မြို့အနီးအနားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ဆယ်ခုခန့်ကို AA က သိမ်းပိုက်ထားပြီး သံတွဲ-တောင်ကုတ်ကားလမ်းအနီးမှာရှိတဲ့ အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်းတွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲ တစ်နှစ်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ငါးသိန်းငါးသောင်းကျော်ရှိတယ်လို့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။