အမေရိကန်အကူအညီတွေပြန်ရဖို့ ဒုက္ခသည်တွေ မျှော်လင့်
2025.03.05

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကပေးနေတဲ့ အကူအညီတွေ ရက်ပေါင်း ကိုးဆယ်အလွန်မှာ ပြန်ရဖို့ မျှော်လင့်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေ က RFA ကို ပြောပါတယ်။
ပေးနေတဲ့အကူအညီတွေဟာ အမေရိကန်ပြည်သူတွေအတွက် အကျိုးရှိ မရှိ ပြန်သုံးသပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရက်ပေါင်း ကိုးဆယ် ဆိုင်းငံ့ထားဖို့ သမ္မတ ဒေါ်နယ်ထရမ့်အမိန့်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ အဲဒီအကူအညီတွေ ရပ်ဆိုင်းထားတာပါ။ ဒါကြောင့် ရှမ်း၊ ကရင်၊ ကချင်၊ ချင်းနဲ့ ကယားပြည်နယ် (ကရင်နီပြည်) မှာ အဓိကသက်ရောက်မှုရှိနေတာ ဖြစ်ပါတယ်။
“ကိုးဆယ်ရက်အလွန်မှာ အရင်အတိုင်း အကူအညီတွေ ပြန်ပေးရင် သူတို့ (စစ်ဘေးဒုက္ခသည်တွေ) ရဲ့ ဂုဏ်သိက္ခာနဲ့အညီ အသက်ရှင်နေထိုင်ခွင့်ရှိပြီး စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာတွေပိုပြီးတော့ အဆင်ပြေလာမှာပါ”
USAID ရဲ့ အကူအညီ ယာယီရပ်ဆိုင်းထားတဲ့ အခြေအနေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကို RFA က ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းတဲ့အခါမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတစ်ခုချင်းစီတိုင်းဟာ အမေရိကန်နိုင်ငံရဲ့ အကျိုး စီးပွားရှိ၊ မရှိ ပြန်သုံးသပ်နေ တယ်လို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ အကြောင်းပြန်ကြားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ USAID တို့က ညှိနှိုင်းထောက်ပံ့ရေးအဖွဲ့ Coordination Support Team (CST) ကို ဖွဲ့စည်းပြီး နိုင်ငံခြားတိုင်းပြည်တွေကိုပေးနေတဲ့ အကူအညီတွေကို ပြန်လည်သုံးသပ်တာ၊ USAID ဝန်ထမ်းတွေကို တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်တွေကို လိုက်နာတယ်ဆိုတာ သေချာစေဖို့အတွက် လုပ်ငန်းအဖွဲ့တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်သမ္မတရဲ့ အရေးပေါ်အသက်ကယ်ဆယ်ရေးအစီအစဉ် (President's Emergency Plan For AIDS Relief - PEPFAR) ကနေ HIV ဝေဒနာသည်တွေ ကုသစောင့်ရှောက်ရေး၊ မိခင်နဲ့ ကလေးတွေကို ကူးစက်တာတွေ တားဆီးရေးတွေအပါအဝင် အရေးပေါ်အသက်ကယ်ဆယ်ရေးတွေကို အကန့်အသတ်နဲ့ ခွင့်ပြုအကောင်အထည်ဖော်ဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရို ကို တာဝန်ပေးအပ်ထားတယ်လို့ ဆိုပါတယ်။
အကူအညီတွေ ဆိုင်းငံ့လိုက်တာကြောင့် သူတို့ မိသားစုဘဝမှာ ရိုက်ခတ်မှုကြီးမားခဲ့တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
"ရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင် ခုနစ်ဆယ့်ငါး၊ ရှစ်ဆယ်လောက်က ကျွန်တော်တို့ဘဝရှင်သန်ဖို့၊ ရပ်တည်ဖို့အတွက် ခက်ခဲသွားတာပေါ့။ စားဖို့သောက်ဖို့အတွက် ရပ်တည်မှုရယ် ဆေးဝါးကုသမှုအတွက်ပေါ့။ အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ဖို့ အခြေအနေက မပေးဘူးလေ။ ရောင်းဝယ် ဖောက်ကား စားသောက်ဖို့အတွက် အခြေအနေက မပေးတဲ့အခါကျတော့ သုံးလ ရက်ပေါင်း ကိုးဆယ် ဆိုင်းငံ့တယ်ဆိုတော့ ကျွန်တော်တို့အနေနဲ့ကတော့ ရရှိနိုင်ပါစေလို့ပဲ ဆုတောင်းတာပေါ့နော်"
ဆက်နွှယ်သောသတင်းများ
အမေရိကန်ရဲ့ အကူအညီဆိုင်းငံ့မှု မြန်မာဒုက္ခသည်တွေ ထိခိုက်
အမေရိကန်ရဲ့ အကူအညီဆိုင်းငံ့မှု မယ်တော်ဆေးခန်းနဲ့ နယ်လှည့်ကျောပိုးအိတ်အဖွဲ့ ထိခိုက်
နယ်စပ်ဆေးရုံတွေ ပိတ်လိုက်တဲ့နောက် ဆေးကုသဖို့လိုအပ်တဲ့ ဒုက္ခသည်တချို့ အသက်ဆုံးရှုံး
ကယားပြည်နယ် (ကရင်နီပြည်) မှာ USAID ရဲ့ အကူအညီတွေ ရပ်ဆိုင်းပြီးနောက် ဒုက္ခသည် ငါးသောင်းကျော်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာနဲ့ အရေးပေါ်လူထုအကာကွယ်ပေးရေးဆိုင်ရာတွေအတွက် ရိုက်ခတ်မှု ရှိတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောပါတယ်။
အမေရိကန်ရဲ့ အကူအညီတွေပြန်ရရင် ဒုက္ခသည်တွေ အသက်ရှင်နေထိုင်ခွင့် ပိုရှိလာမယ်လို့ ကရင်နီအမျိုးသမီး အစည်းအရုံး (KNWO) ဥက္ကဋ္ဌ မော်ဖရေးမြာ က RFA ကို ပြောပါတယ်။
“ကိုးဆယ်ရက်အလွန်မှာ အရင်အတိုင်း အကူအညီတွေ ပြန်ပေးရင် သူတို့ (စစ်ဘေးဒုက္ခသည်တွေ) ရဲ့ ဂုဏ်သိက္ခာနဲ့အညီ အသက်ရှင်နေထိုင်ခွင့်ရှိပြီး စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာတွေပိုပြီးတော့ အဆင်ပြေလာမှာပါ”
KNWO ဟာ USAID ရဲ့ အကူအညီနဲ့ ကရင်နီဒေသက စစ်ဘေးဒုက္ခသည်အပါအဝင် အမျိုးသမီး တစ်သောင်းခွဲကျော်ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအကာအကွယ်ပေးတဲ့ ခိုလှုံရာနေရာတွေ၊ ကလေးသူငယ်အခွင့်အရေး အကာအကွယ်ပေးရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးနေခဲ့တာပါ။ အခုတော့ မဖြစ်မနေပေးရမဲ့ လူသားချင်းစာနာမှုအကူအညီတွေကလွဲလို့ တချို့ကဏ္ဍတွေ ရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း USAID ထောက်ပံ့မှုကို မှီခိုနေရတဲ့ ဒုက္ခသည် သုံးသိန်းနီးပါးအတွက် အရေးပေါ်စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ပြန်လည်ထူထောင်ရေး၊ အမျိုးသမီးကဏ္ဍ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးဆိုင်ရာအသိပညာပေးရေးလုပ်ငန်းတွေ ရပ်တန့်သွားတယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။
အခုလဆန်းပိုင်းကစပြီး အရေးပေါ်ကိစ္စတွေမှာပဲ ကူညီနိုင်တော့တယ်လို့ ရှမ်းနဲ့ ကချင်မှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှာ ပါဝင်ဆောင်ရွက်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“အခုလုပ်ရင် ထိရောက်တဲ့ဟာမျိုးကို လုပ်ခိုင်းတာ။ တကယ်တော့ သူတို့ရဲ့ ရေရှည်ကျန်းမာရေးအတွက်ကတော့ ဆေးလေးတစ်ခုပေးတာနဲ့ မရဘူးလေ။ တစ်ဖက်မှာလည်း အကူအညီတွေကို လျှော့ချလိုက်တဲ့ဝန်ထမ်းတွေ လျှော့လိုက်ရတော့ လုပ်နိုင်စွမ်းတွေလည်း မရှိကြတော့ဘူးပေါ့နော်။ ရှမ်းမြောက်ကတော့ USAID ထောက်ပံ့မှု ပိုများတော့ ပိုထိခိုက်တာပေါ့”
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်က ဒုက္ခသည်စခန်း ကိုးခုမှာ လူဦးရေ တစ်သိန်းခွဲနီးပါးကို အမေရိကန်အစိုးရရဲ့ အကူအညီနဲ့ IRC အဖွဲ့က ကျန်းမာရေးနဲ့ တခြားကူညီစောင့်ရှောက်မှုတွေ ပေးနေတာပါ။
ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး ဒီအကူအညီတွေ ပိတ်လိုက်တဲ့အတွက် လူဦးရေ သုံးသောင်းကျော်နေထိုင်တဲ့ မယ်လဒုက္ခသည်စခန်း၊ လူဦးရေတစ်သောင်းကျော် နေထိုင်တဲ့ အုန်းဖျန် ဒုက္ခသည်စခန်းနဲ့ ကရင်နီ နယ်စပ်က ဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အခက်ကြုံနေကြရပါတယ်။
ဒီရက်ပိုင်းအတွင်း နာတာရှည်ရောဂါခံစားနေရတဲ့ ဒုက္ခသည်တချို့ သေဆုံးမှုရှိလာတယ်လို့ နယ်စပ်ဒေသမှာ ဒုက္ခသည်အရေး ဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။
“ဒုက္ခသည်တွေကို စပြီးဖြတ်မယ်ဆိုတော့ မယ်လဒုက္ခသည်စခန်းတို့၊ အုန်းဖျန့်တို့ဆိုတာ မယ်လဒုက္ခသည် စခန်းက ပိုပြီးတော့ များသွားတာပေါ့နော်။ လူနာတွေ ချက်ချင်းဆင်းပေးရတယ်လေ။ အခုလည်း စခန်းမှာဒုက္ခ ရောက်တယ်။ တချို့လည်း အလုပ်နားသွားရတယ်။ လူနာတွေဆိုလည်း တချို့ဆို မဲဆောက်ကို သွားရတယ်။ တချို့လည်း အုန်းဖျန်ရဲ့ တိုက်နယ်ဆေးရုံကြီးတွေပေါ့နော် အဲလိုသွားကြတယ်။ တချို့လည်း လှေကူးပြီး တော့ တပ်မဟာ (၇) ဘက်ကို ပြောင်းရတယ်ပေါ့နော်။ တချို့ကျတော့လည်း စိတ်မကောင်းဖြစ်ပြီး ဆုံးသွားတယ်”
ကရင်ပြည်နယ် ဒုက္ခသည်ကူညီရေးကော်မတီကတော့ ပိတ်လိုက်ရတဲ့ ဆေးရုံဆေးခန်းတွေနေရာမှာ ကိုယ်ထူ ကိုယ်ထဆေးခန်းတွေ ပြန်ဖွင့်နိုင်ရေးအတွက် တခြားစေနာရှင်နိုင်ငံတွေကို အခုရက်ပိုင်းမှာပဲ အကူအညီတောင်းထားပါတယ်။
ရခိုင်ပြည်နယ်မှာလည်း ဒုက္ခသည်အရေအတွက် ခုနစ်သိန်းနဲ့အထက်ရှိတယ်လို့ ကူညီသူတွေက ခန့်မှန်းပါတယ်။
အခုတော့ အမေရိကန်ရဲ့အကူအညီဆိုင်းငံ့မှုကြောင့် အခက်အခဲဖြစ်တာတွေရှိတယ်လို့ ရခိုင်စစ်ဘေး ဒုက္ခသည်အရေး ကူညီဆောင်ရွက်သူ ဦးခိုင်ကောင်းစံကပြောပါတယ်။
“ရခိုင်မှာရှိနေတဲ့ ဒုက္ခသည်တွေအတွက်က သူတို့ဖြတ်တောက်လိုက်မှုက သက်ရောက်မှုပိုရှိတာပေါ့လေ အခက်အခဲ ပိုရှိတာပေါ့လေနော်။ ပြောရရင် ဆယ်ရာခိုင်နှုန်းသော ဒုက္ခသည်တွေ ဒုက္ခကြုံကြရတော့ပေါ့ နော်။ WHO က မထောက်ပံ့တာရယ်၊ ပညာရေးဆိုင်ရာကိစ္စတွေမှာ ရပ်တန့်သွားတာရယ်၊ တချို့ ဝန်ထမ်းတွေဆိုရင် USAID ရဲ့ ထောက်ပံ့မှုနဲ့ရထားတဲ့ ဝန်ထမ်းတွေလည်း အလုပ်လက်မဲ့တွေ ဖြစ်ကုန်တာပေါ့”
USAID ကို ၁၉၆၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းက ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေမှာ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ ရောဂါဘယတိုက်ဖျက်ရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ စီးပွားရေးနာလန်ထူရေးအတွက် ကူညီနေတာပါ။
မြန်မာနိုင်ငံမှာလည်း ကျန်းမာရေး၊ ပညာရေးနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးအပါအဝင် စီးပွားရေး၊ စိုက်ပျိုးရေးနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီဖြစ်ထွန်းရေးကဏ္ဍတွေမှာ ပံ့ပိုးကူညီနေတာ အနှစ် ခြောက်ဆယ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။