အမေရိကန်ရဲ့ အကူအညီဆိုင်းငံ့မှု မြန်မာဒုက္ခသည်တွေ ထိခိုက်

RFA Burmese
2025.01.29
အမေရိကန်ရဲ့ အကူအညီဆိုင်းငံ့မှု မြန်မာဒုက္ခသည်တွေ ထိခိုက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့က ကူညီထောက်ပံ့ပေးစဉ်။
Photo: RFA

အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာကိုပေးနေတဲ့ အကူအညီတွေဟာ အမေရိကန်ပြည်သူတွေအတွက် အကျိုးရှိ၊ မရှိ ပြန်သုံးသပ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရက်ပေါင်း ကိုးဆယ် ဆိုင်းငံ့ဖို့ သမ္မတ ထရမ့် အစိုးရ သစ်က အမိန့်ပေးလိုက်ပါတယ်။

ဒီအမိန့်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေအတွက်ပါ ထိခိုက်တာတွေ ရှိနေပါတယ်။

အကူအညီတွေ ဆိုင်းငံ့လိုက်တဲ့အတွက် ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည်တွေအတွက် ဆေးဘက်ဆိုင်ရာ ခက်ခဲသွားတယ်လို့လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦး က RFA ကို ပြောပါတယ်။

“လက်ရှိဒုက္ခသည်စခန်းမှာရှိတဲ့ ဆေးခန်းမှာတက်နေတဲ့သူတွေ ဆေးခန်းကနေ ပြန်လွှတ်တာရှိတယ်။ အိမ်ပြန်ခိုင်းတာမျိုးတွေရှိတယ်။ အခုက ကျန်းမာရေးဝန်ဆောင်မှုပေးသူတွေသွားတဲ့အချိန်မှာလည်း ယာယီရပ်ဆိုင်းမှုကြောင့် နောက်ပြန်လှည့်ရတာတွေ ရှိတယ်ပေါ့နော်။ အဲတော့ အခက်အခဲတွေကတော့ဖြင့် ဒီလူသားချင်းစာနာမှုအကူအညီတွေနဲ့ ပတ်သက်ပြီးတော့ တချို့နေရာတွေမှာ ကျွန်တော်တို့ ကွာဟမှုတွေ ရှိလာတယ်။ ဆက်လုပ်ဖို့ အတွေ့အကြုံလေးတွေ ခက်ခဲလာတယ်။ အဲလိုမျိုးတော့ တွေ့ရတာပေါ့”

USAID ရဲ့ အကူအညီနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ ကျန်းမာရေးပြုစုစောင့်ရှောက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်း နှစ်ဆယ်ခန့် လုံးဝရပ်ဆိုင်းသွားမဲ့ အခြေအနေရှိနေတယ်လို့လည်း သူက ပြောပါတယ်။

မယ်လစခန်း၊ အုန်းဖျန်စခန်း၊ နို့ဖိုး အပါအဝင် ထိုင်း- မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ International Rescue Committee( IRC) က ထောက်ပံ့နေတဲ့ ကျန်းမာရေးအပါအဝင် ကဏ္ဍသုံးခုကို ဇန်နဝါရီလကုန်ကစတင်ပြီး လုံး၀ရပ်စဲသွားမယ်လို့ ကရင်ဒုက္ခသည်များ ကော်မတီ (KRC) အတွင်းရေးမှူး စောပွယ်စေးကပြောကြောင်း ကရင်သတင်းဌာန (KIC) က ဇန်နဝါရီ ၂၈ ရက်နေ့က ဖော်ပြပါတယ်။

“ကျွန်တော်တို့ထက်ဆိုးတဲ့ ဥပမာ HIV/ AIDS ဖြစ်နေတဲ့ ရောဂါသည်တို့၊ နိုင်ငံတကာမှာရှိတဲ့ ကျွန်တော်တို့ လူသားချင်းစာနာမှုအကူအညီ စသဖြင့်ရှိတယ်။ အဲဒါတွေအားလုံးမှာ အကျုံးဝင်တယ် အားလုံးဒုက္ခရောက်နေကြတာနော်"

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်းကိုးခုမှာ လူတစ်သိန်းခွဲခန့်ကို IRC က ကျန်းမာရေးနဲ့ တခြားကူညီစောင့်ရှောက်မှုတွေ ပေးနေတာပါ။

ဒါကြောင့် ဒုက္ခသည်တွေအတွက် ကျန်းမာရေးကဏ္ဍထိခိုက်တဲ့အပြင်၊ ပညာရေးကဏ္ဍရော အမေရိကန်ကို ပြောင်းရွှေ့အခြေချခွင့်အတွက်ပါ ထိခိုက်သွားတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

“အခုလောလောဆယ်က အဆိုးရွားဆုံး ဒီစစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာ ထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းကို ကြည့်မယ်ဆိုရင်လည်း ကျောင်းပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု ကြီးကြီးမားမားကို တွေ့ရတယ်။ နောက်တစ်ခုကတော့ တတိယနိုင်ငံကို အခြေချတဲ့လုပ်ငန်းစဉ်အားလုံး အထူးသဖြင့် ဒီ အမေရိကန် ရန်ပုံငွေကနေ ရတဲ့ပိုက်ဆံနဲ့ဖြစ်စေ သို့တည်းမဟုတ် အမေရိကန်ကိုသွားမဲ့ ခရီးစဉ် အားလုံးကတော့ လောလောဆယ် ရပ်ဆိုင်းထားတာပေါ့။ အဲဒီဟာက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို တော်တော်များများ ကြုံနေရပြီပေါ့နော်”

USAID ကပေးတဲ့ အကူအညီတွေ ရပ်ဆိုင်းသွားတာကြောင့် ပညာရေးကဏ္ဍမှာ ဆရာ၊ ဆရာမတွေကို လစာပေးတာနဲ့ ကျောင်းသုံးစာအုပ်နဲ့ စာရေးကိရိယာအပါအဝင် ကျောင်းသားတွေအပေါ် ထောက်ပံ့ကူညီမှုတွေကို ထိခိုက်လာစေမှာဖြစ်တယ်လို့ ကိုဗညားက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

အမေရိကန် ပြည်ပထောက်ပံ့ရေးအစီအစဉ်ဆိုင်းငံ့မှု မြန်မာနိုင်ငံကို ဂယက်ကြီးစွာ ရိုက်ခတ်နိုင်

ရိုဟင်ဂျာတွေကို ဆက်လက်ကူညီဖို့ အမေရိကန်အတည်မပြုသေး

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်နား


စာသင်ကျောင်းနဲ့ ကျောင်းသား၊ ကျောင်းသူအရေအတွက် ဘယ်လောက်အပေါ် သက်ရောက်မှုရှိနေလဲဆိုတာကိုတော့ စိစစ်နေဆဲလို့ ဆိုပါတယ်။

ထိုင်းနယ်စပ်လိုပဲ မလေးရှားနိုင်ငံမှာလည်း ဒုက္ခသည်တွေကို USAID က အကူအညီပေးနေတာတွေ ရှိပါတယ်။ ဒါကြောင့် မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေလည်း ထိခိုက်မှုရှိနေပြီလို့ ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“ထိခိုက်မှုရှိနေပြီ။ နောက်ပြီး အဓိက ဒီသုံးလပေါ့နော်။ (သမ္မတသစ်) တက်ခါစဆိုတော့ ကျွန်တော် မြင်တာတော့ ဒီသုံးလ သူတက်ခါစမှာ သူ(ဒေါ်နယ်ထရမ့်) အကွက် သူရွှေ့တယ်ပေါ့။ ဒီသုံးလပြီးရင်တော့ ကျွန်တော်တို့တွေ အဖြူအမည်း နည်းနည်း သဲကွဲလာမယ်ထင်ပါတယ်။ အဲတော့ သူ့ကိုသာ စောင့်မျှော်နေရမှာလား၊ မမျှော်ဘဲနဲ့ ကိုယ့်လမ်းကို ပြန်ဖောက်ရတော့မှာပေါ့နော်။ ဒီသုံးလကတော့ အရေးကြီးတဲ့အချိန်လို့ ကျွန်တော် ထင်ပါတယ်”

မလေးရှားနိုင်ငံမှာ လက်ရှိ ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံက ဒုက္ခသည် နှစ်သိန်းကျော်ရှိနေပြီး အကူအညီတစ်ဝက်နီးပါးကို အရပ်ဘက် NGO အဖွဲ့အစည်းတွေက ကူညီပေးနေတာလို့ မလေးရှားက ဒုက္ခသည်အရေးကူ ညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

USAID က အဲဒီ NGO အဖွဲ့အစည်းတွေကို ရန်ပုံငွေပေးတာ ရပ်ဆိုင်းလိုက်ရင် ဒုက္ခသည်တွေအနေနဲ့ ခေါင်းပုံဖြတ်ခံရတာတွေ၊ လစာမရတာတွေအပြင် တခြား ပြဿနာတွေပါ ကြုံတွေ့လာရမှာကို ဒုက္ခသည်တွေက စိုးရိမ်နေကြပါတယ်။

ကရင်နီပြည်နယ်တွင် ကလေးသူငယ် အာဟာရချို့တဲ့မှုနှင့် ပတ်သက်ပြီး USAID က ကူညီထောက်ပံ့ပေးခဲ့စဉ်။ (Photo: USAID Burma)
ကရင်နီပြည်နယ်တွင် ကလေးသူငယ် အာဟာရချို့တဲ့မှုနှင့် ပတ်သက်ပြီး USAID က ကူညီထောက်ပံ့ပေးခဲ့စဉ်။ (Photo: USAID Burma)

အမေရိကန်ကထောက်ပံ့တဲ့အစီအစဉ်တွေ ဆိုင်းငံ့လိုက်တဲ့အတွက် နောက်ထပ်ထိခိုက်တဲ့ကဏ္ဍကတော့ သတင်းမီဒီယာတွေ ဖြစ်ပါတယ်။ USAID ရဲ့ ထောက်ပံမှုရပ်ဆိုင်းလိုက်တာကြောင့် ဆက်လက်လုပ်ကိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားမီဒီယာတစ်ခုရဲ့ တာဝန်ခံ အယ်ဒီတာက RFA ကို ပြောပါတယ်။

“ကျွန်မတို့အတွက် အခက်အခဲတွေအများကြီးဖြစ်တယ်။ ကျွန်မတို့ မီဒီယာနဲ့ပတ်သက်တဲ့ အလုပ်တွေကို ဆက်ပြီးတော့မှ လုပ်ဖို့အတွက်ကို ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်တော့ဘူးပေါ့နော် အဲလိုမျိုး ဖြစ်သွားတာပါ”

ထိုင်းနိုင်ငံအခြေစိုက် လွတ်လပ်သော သတင်းမီဒီယာကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်ကလည်း ထိုင်းနိုင်ငံမှာ လုပ်ကိုင်နေတဲ့ မြန်မာ တိုင်းရင်းသားသတင်းမီဒီယာ ခြောက်ဆယ်ကျော်နဲ့ သတင်းသမား ငါးရာ ကျော်ရှိနေပြီး အားလုံးဟာ လစာမရရှိမဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

အမေရိကန်ရဲ့အကူအညီတွေ ဆိုင်းငံ့လိုက်ပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ အာဟာရအတွက်ကိုတော့ အမေရိကန်က ဆက်လက်ပံ့ပိုးသွားမယ်လို့ တရားဝင်ပြောတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ကျေးဇူးတင်တဲ့အကြောင်း ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပြောပါတယ်။

ဒါကြောင့် ရိုဟင်ဂျာတွေကိုဆက်ကူညီသလို၊ တခြားစစ်ဘေးဒုက္ခသည်တွေကိုလည်း ဆက်ပြီးကူညီပေးဖို့ အမေရိကန်အစိုးရကို မေတ္တာရပ်ခံချင်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တန်ခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာ လူငယ်များအစည်းအရုံးရဲ့ ညွှန်ကြားရေးမှူး ဦးခင်မောင် က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ရိုဟင်ဂျာကဲ့သို့ ဒုက္ခသည်စခန်းမှာ ဒုက္ခပေါင်းစုံနဲ့နေ နေရတာ ကျွန်တော်တို့ တိုင်းရင်း သားညီအစ်ကို မောင်နှမ အများကြီးရှိတယ်။ သူတို့ကိုလည်း ကျွန်တော်တို့ကဲ့သို့ ဆက်လက် အကူအညီ ပေးဖို့အတွက် အမေရိကန်အစိုးရကို မေတ္တာရပ်ခံလိုတယ်။ ကျွန်တော်တို့ သူတို့အတွက် စာနာပါတယ်”

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ဇန်နဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ဒီဇင်ဘာ ၁၆ ရက်ထိ မြန်မာနိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ လူ သုံးသန်းခွဲကျော် ရှိပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့အနီး အုန်းဖျန် ဒုက္ခသည်စခန်းအဝင်တစ်နေရာကို တွေ့ရစဉ်။ (Photo: RFA)
ထိုင်းနိုင်ငံ မဲဆောက်မြို့အနီး အုန်းဖျန် ဒုက္ခသည်စခန်းအဝင်တစ်နေရာကို တွေ့ရစဉ်။ (Photo: RFA)

USAID ရဲ့ ထောက်ပံ့ကူညီမှုအစီအစဉ်ဆိုင်းငံ့လိုက်တဲ့အတွက် အခြေအနေဘယ်လောက်ဆိုးနိုင်မလဲဆိုတာ ခန့်မှန်းရခက်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်း က ပြောပါတယ်။

“အခုက ကျွန်တော်တို့ထက်ဆိုးတဲ့ ဥပမာ HIV/ AIDS ဖြစ်နေတဲ့ ရောဂါသည်တို့၊ နောက်တစ်ခါ နိုင်ငံတကာမှာရှိတဲ့ ကျွန်တော်တို့ လူသားချင်းစာနာမှုအကူအညီ စသဖြင့်ရှိတယ်။ ရှိတော့ အဲဒါတွေအားလုံးမှာ အကျုံးဝင်တယ် အားလုံးဒုက္ခရောက်နေကြတာနော်။ ကမ္ဘာကြီးတစ်ခုလုံးမှာ ဒီရန်ပုံငွေတွေက ဖွံ့ဖြိုးရေးရန်ပုံငွေပဲဖြစ်ဖြစ်၊ လူသားချင်းစာနာမှုပဲဖြစ်ဖြစ် အကျိုးပြုတာတွေက အများကြီး ရှိပါတယ်။ အခြေအနေ ဘယ်လောက်ဆိုးလဲ ဆိုတာတော့ ကျွန်တော်တို့ မှန်းဆရခက်တယ်ဗျ”

အမေရိကန်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဆက်ပြီးထောက်ပံ့ကူညီလိမ့်မယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့် ဦးကျော်ဇော်က မျှော်လင့်ပါတယ်။

“အခုကတော့ ဘာမှမသေချာ မရေရာသေးတဲ့အခြေအနေပေါ့နော်။ ဒါပေမဲ့ ခြုံပြီးပြောရရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံကိုပေးတဲ့အကူအညီတွေကတော့ မြန်မာနိုင်ငံဆိုတာထက် ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူလူထုကို ပေးနေတဲ့ အကူအညီပေါ့နော်။ အဲဒါတွေကတော့ ဆက်လက်ပြီး ရှိနေမယ်လို့လည်း မျှော်လင့်ပါတယ်။ ပိုမိုပြီးတော့ ပေးဖို့လည်း မျှော်လင့်မိပါတယ်လို့။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ဒုက္ခရောက်နေတဲ့သူတွေက သန်းနဲ့ချီပြီးတော့ ဒီစစ်ရှောင်တင် လေးသန်းလောက် ရှိနေတယ်”

အမေရိကန်အစိုးရရဲ့ လွတ်လပ်တဲ့အေဂျင်စီတစ်ခုဖြစ်တဲ့ USAID ကို ၁၉၆၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းက ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေမှာ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ ရောဂါဘယ တိုက်ဖျက်ရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ စီးပွားရေးနာလန်ထူရေးအတွက် ကူညီနေတာပါ။ အဖွဲ့မှာ ဝန်ထမ်း တစ်သောင်းကျော်ရှိပြီး အများစုက နိုင်ငံတကာမှာ တာဝန်ထမ်းဆောင်နေရပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ ဘီလီယံလေးဆယ်ခန့် ထောက်ပံ့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ USAID ဟာ သမ္မတရဲ့အမိန့်ကို ချက်ချင်းမလိုက်နာဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ ထိပ်ပိုင်းအရာရှိတချို့ကို သမ္မတ ဒေါ်နယ်ထရမ့်က လစာနဲ့ ခံစားခွင့်မဖြတ်ဘဲ အလုပ်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။

အမေရိကန်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီက မြန်မာပြည်သူတွေအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးအပါအဝင် စီးပွားရေး၊ စိုက်ပျိုးရေးနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီဖြစ်ထွန်း ရေးကဏ္ဍတွေမှာ ပံ့ပိုးကူညီနေတာ အနှစ် ခြောက်ဆယ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။