အမေရိကန် ပြည်ပထောက်ပံ့ရေးအစီအစဉ်ဆိုင်းငံ့မှု မြန်မာနိုင်ငံကို ဂယက်ကြီးစွာ ရိုက်ခတ်နိုင်
2025.01.25

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ထုတ်ပြန်တဲ့ အုပ်ချုပ်ရေးအမိန့်အရ ပြည်ပဖွံ့ဖြိုးရေး ထောက်ပံ့မှုအစီအစဉ် အားလုံးနီးပါးကို ရန်ပုံငွေထပ်ပေးမဲ့ကိစ္စ ရပ်ဆိုင်းဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်က ရန်ပုံငွေပေးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ စီမံချက်တွေကို ရက် ကိုးဆယ် ဆိုင်းငံ့လိုက်တာဖြစ်ပြီး ထိရောက်မှုနဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ကိုက်ညီမှု ရှိ မရှိ ဆန်းစစ်သုံးသပ်မယ်လို့ ဆိုပါတယ်။
နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID ) ကနေ ထောက်ပံ့တဲ့ အစီအစဉ်တွေလည်း ဖြစ်ပါတယ်။ ဒီလိုရပ်တန့်လိုက်တဲ့အတွက် အမေရိကန်အစိုးရက ထောက်ပံ့တဲ့ အကူအညီအပေါ် အဓိကမှီခိုနေရတဲ့ မြန်မာနိုင်ငံက သတင်းမီဒီယာတွေ၊ ဒုက္ခသည် အကူအညီပေးရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို အကြီးအကျယ်ထိခိုက်နိုင်တယ်လို့ မြန်မာ့အရေး လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် လွတ်လပ်သော သတင်းမီဒီယာကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်ကလည်း သတင်းမီဒီယာတွေပေါ် ဂယက်ရိုက်နိုင်တယ်လို့ ပြောပါတယ်။
“ပြည်ပကနေ လုပ်နေရတဲ့ သတင်းမီဒီယာတွေအနေနဲ့က အမေရိကန်အစိုးရရဲ့ အကူအညီတွေအပေါ်မှာ မှီခိုနေရတာဖြစ်လို့ သက်ရောက်မှုကြီးလိမ့်မယ်”
စစ်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည် အကူအညီပေးရေးအတွက်လည်း USAID ရဲ့ အခန်းကဏ္ဍက အဓိကကျတာကြောင့် အခုလို ဆိုင်းငံ့လိုက်တာက သက်ရောက်မှုကြီးမားတယ်လို့ အမည်မဖော်လိုတဲ့ ရှမ်းပြည်နယ် အခြေစိုက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စတွေက အမေရိကန်အစိုးရရဲ့ USAID ထောက်ပံ့ ရေးအစီအစဉ်တွေက အဓိက အထောက်အပံ့ဖြစ်တာဆိုတော့ ဒုက္ခသည် ကူညီရေးဆိုင်ရာကိစ္စတွေကနေ ကလေးသူငယ် ကျန်းမာရေးအထိ သက်ရောက်မှုကြီးပါတယ်”
အမေရိကန်အစိုးရဟာ နိုင်ငံတကာကို ထောက်ပံ့နေတာတွေကို ဆန်းစစ်ပြီးနောက်ပိုင်း အထောက်အပံ့ ပြန်ပေး မပေးဆုံးဖြတ်မယ်၊ ရပ်ဆိုင်းမယ် ဒါမှမဟုတ် မွမ်းမံမယ်လို့ ပြောကြားတဲ့အတွက် တချို့အစီအစဉ်တွေ လုံးဝရပ်တန့်သွားနိုင်တယ်လို့ မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
တစ်ကမ္ဘာလုံးက ကျန်းမာရေး၊ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်သင်တန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ လုံခြုံရေးအထောက်အကူ စတာတွေအတွက် အမေရိကန်က တခြားနိုင်ငံတွေထက် ပိုအကူအညီပေးနေတာလို့ AP သတင်းက ဖော်ပြပါတယ်။
၂၀၂၃ မှာ ဒေါ်လာ ဘီလီယံ ခြောက်ဆယ်ခန့် ထောက်ပံ့ခဲ့တာကြောင့် အမေရိကန်ဘတ်ဂျက် စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းရှိပါတယ်။