ရိုဟင်ဂျာတွေကို ဆက်လက်ကူညီဖို့ အမေရိကန်အတည်မပြုသေး
2025.01.28

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို အမေရိကန်အစိုးရက ဆက်လက်ကူညီထောက်ပံ့သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားထားပေမယ့် အမေရိကန်တာဝန်ရှိသူတွေနဲ့ ကုလသမဂ္ဂတာဝန်ရှိသူတွေက ငွေကြေးအကူအညီအတွက် အတည်ပြုထားတာမရှိသေးကြောင်း Benar News က ဖော်ပြပါတယ်။
အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာကိုပေးအပ်နေတဲ့ အကူအညီတွေကို သမ္မတဒေါ်နယ်ထရန့် အစိုးရအသစ်က ရက်ပေါင်းကိုးဆယ်ရပ်တန့်ထားလိုက်ပေမယ့် တောင်အာရှနိုင်ငံတွေမှာရှိတဲ့ ရိုဟင်ဂျာတွေအတွက် ငွေကြေးအထောက်အပံ့တွေကို ပေးအပ်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရက ပြောဆိုထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရိုဟင်ဂျာအရေးအဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ Shah Alam Khokan က ရိုဟင်ဂျာတွေကိုပေးအပ်နေတဲ့ အစားအသောက်နဲ့ အာဟာရအထောက်အပံ့တွေ ဆက်ပေးနေမယ်လို့ အမေရိကန်က အတည်ပြုထားကြောင်း ဒါကာမြို့မှာ သတင်းမီဒီယာတွေကို ပြောကြားထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အခြေချနေထိုင်နေတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တစ်သန်းဝန်းကျင်အတွက် အမေရိကန်အစိုးရက ထောက်ပံ့ကူညီတာတွေ ဆက်လက်ပေးအပ်တာကို ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက် ယူနွတ်က ကျေးဇူးတင်ကြောင်း ပြောထားတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်ထောက်သတင်းပြန်ကြားရေးအတွင်းဝန် Apurba Jahangir က ရိုဟင်ဂျာတွေအတွက် USAID ရဲ့ အဟာရပိုင်းဆိုင်ရာအကူအညီတွေဟာ ထိခိုက်မှုရှိမှာမဟုတ်ဘူးလို့ အမေရိကန်သံရုံး တာဝန်ရှိသူတွေက အကြောင်းကြားထားတယ်လို့ ပြောကြားထားပါတယ်။
အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာကိုပေးနေတဲ့အကူအညီတွေဟာ အမေရိကန်ပြည်သူတွေအတွက် အကျိုးရှိ-မရှိ ပြန်သုံးသပ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရက်ပေါင်းကိုးဆယ်ဆိုင်းငံ့ဖို့ သမ္မတထရမ့် အစိုးရသစ်ကအမိန့်ပေးလိုက်ပြီးနောက် USAID လို့ခေါ်တဲ့ အမေရိကန်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီက အကူအညီပေးရေးလုပ်ငန်းစဉ်အပါအဝင် ထောက်ပံ့မှုလုပ်ငန်းစဉ်အများစု ရပ်နားထားတာဖြစ်ပါတယ်။