ထိုင်းကို MOU နဲ့ အလုပ်လုပ်ဖို့ သွားတဲ့ မြန်မာအလုပ်သမားတွေ အလုပ်မရ

နန်းဆိုင်ဖူး (ဝါရှင်တန်ဒီစီ)
2025.02.01
ထိုင်းကို MOU နဲ့ အလုပ်လုပ်ဖို့ သွားတဲ့ မြန်မာအလုပ်သမားတွေ အလုပ်မရ ထိုင်းနိုင်ငံ စမုတ်စခွန်ခရိုင်ရှိ ရေထွက်ပစ္စည်းတင်ပို့သည့် ဈေးတစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများအား ၂ဝ၁၈ ခုနှစ် စက်တင်ဘာလက တွေ့ရစဥ်။
AFP

နှစ်နိုင်ငံသဘောတူညီမှုစာချုပ် (MOU)နဲ့ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ဖို့ သွားတဲ့ မြန်မာအလုပ်သမား ၁၃၀ လောက်ဟာ အလုပ်ပုံမှန်မလုပ်ရသလို ရောက်ပြီးကာမှ စက်ရုံက လက်မခံတဲ့အတွက် နေထိုင် စားသောက်ဖို့အတွက်ပါ အခက်အခဲဖြစ်နေတယ်လို့ ထိုင်းရောက် မြန်မာလုပ်သားအရေးလှုပ်ရှားသူနဲ့ အလုပ်သမားတွေက ပြောပါတယ်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီဖြစ်တဲ့ ရွှေယုလွင်အေဂျင်စီနဲ့ MOU စာချုပ်ချုပ်ထားတဲ့ မြန်မာ အလုပ်သမား ၉၈ ယောက်ဟာ ထိုင်းနိုင်ငံ နွန်ထပူလီမြို့က ကြွေပြားစက်ရုံမှာ အလုပ်ဝင်ဖို့အတွက် ထိုင်းနိုင်ငံကို ဇန်နဝါရီ ၈ ရက်နေ့မှာ ရောက်ရှိခဲ့ပါတယ်။

စာချုပ်ချုပ်ဆိုထားတဲ့ စက်ရုံက သူတို့ကို အလုပ်မပေးနိုင်သလို တခြားစက်ရုံတွေမှာ အလုပ်ရဖို့အတွက် မြန်မာ အလုပ်သမားတွေကို ငွေထပ်တောင်းတာတွေ ရှိတယ်လို့ ရွှေယုလွင်အေဂျင်စီနဲ့ အလုပ်လုပ်ဖို့လာခဲ့တဲ့ မြန်မာ အလုပ်သမား ကိုသန့်ဇင်ဦး က RFA ကို ပြောပါတယ်။

“အလုပ်မလုပ်ရတာ ရက် ၂၀ ကျော်လောက်ရှိသွားပါပြီ။ စာချုပ်ချုပ်ထားတဲ့ စက်ရုံက အလုပ်မပေးနိုင်ဘူး ဆိုပြီးတော့ တခြားစက်ရုံကို အလုပ်တွေ သွားရှာပေးမယ်ဆိုပြီးတော့ ကျွန်တော်တို့ဆီမှာ စမတ်ကြေးတွေ ထပ်တောင်းတယ်။ ဒီအလုပ်စမတ်ကြေးအတွက်က မြန်မာပြည်မှာကတည်းက ပေးလာခဲ့ပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒီအပေါ်မှာထပ်မပေးနိုင်တော့ဘူး”

စာချုပ်ထဲကအတိုင်း အဲဒီစက်ရုံက အလုပ်မပေးနိုင်ရင် နောက်ထပ်အလုပ်အသစ်ပြောင်းဖို့အတွက် စက်ရုံ နဲ့ ခေါ်လာတဲ့ အေဂျင်စီက တာဝန်ယူဖြေရှင်းပေးရမှာဖြစ်ပေမဲ့ လက်ရှိအချိန်ထိတော့ ဘာဖြေရှင်းချက်မှ မရှိဘူးလို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့အတွက် ရောက်နေတာ တစ်လနီးပါးရှိနေပြီဖြစ်ပြီး စက်ရုံဘက်က အလုပ်မပေးတဲ့အတွက် အခန်းခ၊ ရေဖိုး ၊ မီးဖိုးတွေ ကိုယ်တိုင်ဖြေရှင်းနေရလို့ ငွေကြေးအခက်အခဲတွေဖြစ်လာပြီး ဇန်နဝါရီ ၂၉ ရက်နေ့ ညမှာတော့ မြန်မာလုပ်သားအရေးကူညီပေးတဲ့အဖွဲ့တွေဆီမှာ အကူအညီတောင်းလိုက်ရတယ်လို့ သူက ပြောပါတယ်။

အလားတူပဲ စိမ့်အာကာ အေဂျင်စီ နဲ့ MOU စာချုပ်ချုပ်ထားတဲ့ ကိုအောင်ဇော်ဇော် ဟာ ထိုင်းနိုင်ငံပါကေးစက်ရုံမှာ အလုပ်လုပ်ဖို့ လာခဲ့ပေမဲ့ တစ်ရက်ခြားသာ စက်ရုံက လုပ်ခွင့်ပေးတဲ့အတွက် လုပ်အားလစာ အပြည့် မရဘူးလို့ ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

ထိုင်းရောက် တရားဝင်မြန်မာရွှေ့ပြောင်းလုပ်သားတွေ အခွင့်အရေးချိုးဖောက်ခံနေရ

ထိုင်းက တရားဝင် မြန်မာအလုပ်သမားတွေကို စစ်ကောင်စီ တာဝန်ယူမှု ပျက်ကွက်

ထိုင်းနိုင်ငံမှာ MOU အလုပ်သမား သုံးဆယ်ခန့် စာချုပ်ပါအတိုင်း အလုပ်မရလို့ အခက်အခဲဖြစ်


အခုလောလောဆယ် တရုတ်နှစ်သစ်ကူးကာလမှာ အလုပ် ၁၆ ရက် ဆက်တိုက်နားထားရတဲ့အတွက် စက်ရုံဘက်က လုပ်ခလစာ မပေးဘူးလို့ ဆိုပါတယ်။

အလုပ်သမားတွေဘက်က စက်ရုံကို အလုပ်အချိန်ပြည့် ဆင်းခွင့်တောင်းတာရှိသလို တရုတ်နှစ်ကူးအလုပ်ပိတ်ရက်မှာ ၇၅ ရာခိုင်နှုန်းပေးဖို့အတွက် စက်ရုံကို တောင်းဆိုပေမယ့် စက်ရုံဘက်က ငြင်းဆိုခဲ့တယ်လို့လည်း ပြောပါတယ်။

အဲဒီလို အလုပ်သမားတွေဘက်က တောင်းဆိုတာကို စက်ရုံဘက်က မလိုက်လျောပေးနိုင်တဲ့အတွက် မလုပ်နိုင်ရင် အလုပ်ထွက်ဆိုပြီး သူတို့ကို မောင်းထုတ်တယ်လို့ သူက ပြောပါတယ်။

“တကယ်လို့ အဲလိုမျိုး ကျွန်တော်တို့ တောင်းဆိုတာက ကျွန်တော်တို့ရဲ့ ရပိုင်ခွင့် စက်ရုံကို တောင်းဆိုတာ သူတို့ ဘာသာ သူတို့ပိတ်တဲ့အတွက် ၇၅ ရာခိုင်နှုန်းပေးပါ။ နောက်တစ်ချက်က တကယ်လို့ အလုပ်ဆင်းရတယ်ဆိုရင် ရက်ခြား တစ်ရက်ဆင်း တစ်ရက်နားမဟုတ်ဘဲနဲ့ ရက်အပြည့်ဆင်းစေချင်တယ်။ ဒီနှစ်ခုထဲကို ကျွန်တော်တို့ တောင်းဆိုချင်တယ်။ အဲဒါကို သူတို့ဘက်က မပေးနိုင်လို့ ကျွန်တော်တို့ ဒီလိုမျိုး ဖြစ်တာပေါ့နော်။ တရုတ်နှစ်သစ်ကူး ၁၉ ရက်မတိုင်ခင်ကတည်း ကျွန်‌တော်တို့ကို ထွက်သွားဆိုပြီးတော့ ပြောတယ်”

ဒီကိစ္စနဲ့ ပတ်သက်ပြီး စိမ့်အာကာအေဂျင်စီကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဖုန်းမဖြေပါဘူး။

ထိုင်းနိုင်ငံကို MOU စနစ်ဖြင့် ရောက်လာသည့် မြန်မာအလုပ်သမားများအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo : MHAC)
ထိုင်းနိုင်ငံကို MOU စနစ်ဖြင့် ရောက်လာသည့် မြန်မာအလုပ်သမားများအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo : MHAC)

စိမ့်အာကာ အေဂျင်စီ နဲ့ ရောက်လာတဲ့ မြန်မာလုပ်သား ၃၂ ယောက် နဲ့ ရွှေယုလွင်အေဂျင်စီနဲ့ ရောက်လာတဲ့ မြန်မာလုပ်သား ၉၈ ယောက်ကို အလုပ် မပေးတဲ့စက်ရုံတွေရော ရက်ခြားပြီး အလုပ်ဆင်းရတဲ့စက်ရုံတွေပါ ရှိတာကြောင့် အလုပ်သမားတွေအတွက် အဆင်မပြေဘူးလို့ ထိုင်းရောက် မြန်မာလုပ်သားအရေး လှုပ်ရှားသူ ကိုရဲမင်းက RFA ကို ပြောပါတယ်။

စက်ရုံက တိတိကျကျ အလုပ်သမား ခေါ်တာမရှိဘဲ MOU မြန်မာလုပ်သားတွေကို ပို့ပေးလိုက်တဲ့အတွက် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေ ဒီလိုအခက်အခဲကြုံနေရတာလို့လည်း ပြောပါတယ်။

“စက်ရုံက အလုပ်သေချာပေါက် မခေါ်ဘဲနဲ့ ခေါ်လာတာပေါ့နော်။ ဒါကို မြန်မာနိုင်ငံလက်ရှိ အလုပ်သမား ဝန်ကြီးဌာနက လူတွေလည်း မစိစစ်ဘူး။ ပိုက်ဆံရရင်ပြီးရော သူတို့က ဒီလက်မှတ်ထိုးရင် ပိုက်ဆံရတာ။ ပိုက်ဆံရရင်ပြီး‌ရောဆိုပြီးတော့ လွှတ်တယ်။ ပြီးတော့ လက်ရှိ ထိုင်းရောက်နေတဲ့ အလုပ်သမားသံအရာရှိတွေကလည်း ဒီစက်ရုံမှာ တစ်ကယ်အလုပ်လိုလား၊ သေချာမစိစစ်ဘဲနဲ့ သူတို့ကို MOU အလုပ်သမားခေါ်သွင်းခွင့် လက်မှတ်ထိုးရတယ်။ အဲဒီအလုပ်သမားခေါ်စာမှာ လက်မှတ်ထိုးပေးမှသာ မြန်မာပြည်မှာ အလုပ်ခေါ်ခွင့်ရတာ၊ ဒီအလုပ်ရုံမှာ အလုပ်ရှိ မရှိ သေချာသွားမစိစစ်ဘဲနဲ့ လက်မှတ်ထိုးပေးလိုက်တော့ အလုပ်သမားတွေက ထိုင်း ရောက်လာတော့ အစုလိုက်အပြုံလိုက် အလုပ်မရဘဲနဲ့ သက်ဆိုင်ရာ ထိုင်း -မြန်မာ အေဂျင်စီတွေက ပစ်ထားတာပေါ့။ အလုပ်သမားတွေကို”

ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလ နဲ့ ၂၀၂၅ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံကို MOU နဲ့ ရောက်လာပြီး အလုပ်လက်မဲ့ဖြစ်သွားတဲ့ မြန်မာလုပ်သားပေါင်း ထောင်ချီရှိတယ်လို့ ကိုရဲမင်း က ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
အဖွဲ့တွေမညီညွတ်မှုကြောင့် ချင်းပြည်နယ်အရေး ရှုပ်ထွေးနေကြောင်း ICG ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။