ထိုင်းရောက် တရားဝင်မြန်မာရွှေ့ပြောင်းလုပ်သားတွေ အခွင့်အရေးချိုးဖောက်ခံနေရ

စန်းမော်အောင် (ဝါရှင်တန်ဒီစီ)
2025.01.25
ထိုင်းရောက် တရားဝင်မြန်မာရွှေ့ပြောင်းလုပ်သားတွေ အခွင့်အရေးချိုးဖောက်ခံနေရ ထိုင်းနိုင်ငံက ရေထွက်ပစ္စည်းလက်ကားဒိုင်တစ်ခုတွင် အလုပ်လုပ်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ၂ဝ၁၈ ခုနှစ်က တွေ့ရစဉ်။
AFP

နှစ်နိုင်ငံသဘောတူညီမှုစာချုပ် (MOU) နဲ့ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ဖို့ သွားတဲ့ မြန်မာအလုပ်သမားတွေဟာ စာချုပ်ပါ သတ်မှတ်ထားတဲ့ အလုပ်အကိုင် မရဘဲ အလုပ်လက်မဲ့ဖြစ်နေတာ၊ ထိုက်သင့်တဲ့ လုပ်ခလစာ အပြည့်မရတာ စတဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာတွေ ကြုံနေရတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။

ဒီလိုအခက်အခဲတွေကို အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေဘက်က တာဝန်ယူ ဖြေရှင်းပေးတာမရှိသလို ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကိုတိုင်ကြားပေမဲ့လည်း တစ်စုံတစ်ရာဖြေရှင်းပေးတာ မရှိဘူးလို့ ပြောကြပါတယ်။

အဲဒီလိုအခက်အခဲကြုံနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ ဧရာဝတီတိုင်းကနေ အလုပ်လုပ်ဖို့ရောက်နေတဲ့ အမည်လွှဲထားတဲ့ မလွင်လည်း ပါဝင်ပါတယ်။

“စာချုပ်ချုပ်ဆိုတုန်းက ဆိုလာထုတ်လုပ်တပ်ဆင်ဆိုပြီး။ သူတို့ပြတဲ့ စက်ရုံက အဲ့ပုံစံတော့မဟုတ်ဘူး။ စက်ရုံက အကြီးကြီးပဲ ဆိုလာလုပ်နေတဲ့ပုံ မြန်မာဘက်က ကုမ္ပဏီက ပြခဲ့တာ။ အမှန်တကယ်ရောက်လာတော့ ဒီဘက်က သူဌေးက ငြင်းတယ်။ သူက ဆောက်လုပ်ရေးပေါ့။ ကန်ထရိုက်။ သူတို့အလုပ်လက်ခံတာမှန်သမျှ လိုက်လုပ်ပေးရမယ့် ဆောက်လုပ်ရေးပုံစံ ဖြစ်နေတယ် လက်အောက်ခံပွဲစားတွေကတော့ သူတို့လူရဖို့အတွက်ပဲ လုပ်ကြမှာပါပဲ။ ညီမတို့ဒီဘက်ရောက်တော့လည်း MOU စနစ်နဲ့လာလည်း သေချာမှုမရှိဘူးလို့ ခံစားရတယ်”

ထိုင်းကို သူရောက်တာ သုံးလရှိပြီဖြစ်ပေမဲ့ အခုထိ အလုပ်မရသေးပါဘူး။ MOU အလုပ်သမားတွေဟာ မြန်မာငွေကျပ် သိန်းငါးဆယ်နီးပါး အကုန်အကျခံပြီး ထိုင်းနိုင်ငံကို တရားဝင် သွားကြတာဖြစ်ပါတယ်။

ရန်ကုန်ကနေ ထိုင်းကို MOU စာချုပ်နဲ့ တရားဝင်အလုပ်လုပ်ဖို့ထွက်လာတဲ့ ကိုဖြိုးဇော်လည်း စာချုပ်မှာပါတဲ့ စက်ရုံမှာ အလုပ်မရသလို ရတဲ့အလုပ်မှာ ဝင်လုပ်နေပေမဲ့လည်း လုပ်ခလစာမရလို့ အခက်အခဲဖြစ်နေပါတယ်။ လုပ်ခလစာမရတဲ့ပြဿနာကို ဖြေရှင်းပေးဖို့ မြန်မာသံရုံးကို တိုင်ထားပေမယ့် ဖြေရှင်းဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ ကိုဖြိုးဇော်က ပြောပါတယ်။

“ကျွန်တော်တို့ကို စာချုပ်နဲ့လည်း မညီဘူး။ ဒီလုပ်ငန်းမှာ အလုပ်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ပေးမယ်ဆိုတဲ့ ၇၅ ရာခိုင်နှုန်းလည်း ကျွန်တော်တို့လက်ထဲမရောက်ပါဘူး။ MOU နဲ့တက်လာြပီးတော့ ဒီလိုမျိုးဖြစ်နေတယ်ဆိုတော့ မြန်မာသံရုံးတို့ သက်ဆိုင်ရာ လူကြီးတွေက ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်ပေါ့နော်။ အလုပ်သမားအခွင့်အရေးတွေရအောင် လုပ်ပေးဖို့ ကျွန်တော်တို့က တောင်းဆိုချင်တယ်ဗျ”

ကိုဖြိုးဇော်တို့လို အလုပ်သမားတွေ လုပ်ခလစာနဲ့ အလုပ်အကိုင်မရတာတွေအတွက် တာဝန်ယူပို့ဆောင်ပေးတဲ့ မြန်မာနိုင်ငံဘက်က Perfect Management အေဂျင်စီနဲ့ ထိုင်းဘက်က ငါးသန်းအေးဂျင့်တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။


ဆက်နွှယ်သောသတင်းများ

ထိုင်းရောက် မြန်မာတွေရဲ့ တစ်နှစ်အတွင်း အခက်အခဲနဲ့ ရုန်းကန်မှုများ

ထိုင်းမှာ အခြေခံလုပ်အားခ တိုးမြှင့်ပေမဲ့ မြန်မာအလုပ်သမားတွေအတွက် မလုံလောက်

ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ CI လက်မှတ် လျှောက်ထားမှု အချိန်ပိုပေးဖို့လို


ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကူညီနေသူတွေ ပြောပြချက်အရ ၂၀၂၄ နှစ်လယ်လောက်ကစပြီး ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေး ဆုံးရှုံးနေရတဲ့ တိုင်ကြားချက်တွေ များလာပါတယ်။

အလုပ်သမားအခွင့်အရေးဆုံးရှုံးနေတာအပါအဝင် ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ကူညီပေးနေပေမဲ့ မြန်မာသံရုံးဘက်က တိတိကျကျ ဖြေရှင်းဆောင်ရွက်ပေးတာမရှိဘူးလို့ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) အဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောပါတယ်။ 

“ဘာလုပ်စေချင်တာလဲဆိုတော့ သံရုံးဘက်က သေသေချာချာစိစစ်စေချင်တယ်။ နောက်ပြီးရင် ကျွန်တော်တို့ မြန်မာပြည်သားတွေ ထိုင်းထဲရောက်လာပြီဆိုရင် ဒီလိုမျိုးအခက်အခဲတွေ တွေ့လာပြီဆိုရင် အားချင်း မြေပြင်ပေါ့နော်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တိုင်ကြားပြီးတော့ အမှုဖွင့်စေချင်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျားဖြန့်မှန်ခဲ့သည်ရှိသော် ဖမ်းဆီးခံရနိုင်တယ်။ အမှုကြီးတယ်ပေါ့။ မြန်မာပြည်သားတွေအတွက် အဓိက ဖြစ်လာပြီဟေ့ဆိုရင်လည်း အေဂျင်စီတွေဘက်ကလည်း တာဝန်ယူမှု တာဝန်ခံမှု ဆိုတာ မရှိပါဘူး”

ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအတွက် လိုက်လံကူညီဖြေရှင်းပေးရတာ တစ်လကို အမှုပေါင်း ၃၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းအလုပ်ရှင်တွေက မြန်မာအလုပ်သမားတွေရဲ့ ဘဏ်ကတ်တွေကို သိမ်းဆည်းထားပြီး အသုံးပြုခွင့်မပေးဘူးလို့လည်း ပြောကြပါတယ်။ အလုပ်သမားတွေရဲ့ ဘဏ်ကတ်တွေနဲ့ လောင်းကစားလုပ်ငန်းတွေ လုပ်လာနိုင်တဲ့အတွက် တိုင်ကြားဖို့လည်း အလုပ်သမားအရေးကူညီသူတွေက သတိပေးထားပါတယ်။

နိုင်ငံပြင်ပကို တရားဝင်အလုပ်သွားလုပ်တဲ့ မြန်မာနိုင်ငံသားတွေဟာ လစဉ် လုပ်ခလစာရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို တရားဝင်ငွေလွှဲစနစ်ကသာလွှဲဖို့ စစ်ကောင်စီက တင်းကျပ်ထားပေမယ့် အလုပ်သမားတွေ ကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်တာမရှိဘူးလို့ ဝေဖန်သူတွေလည်း ရှိပါတယ်။

MOU စနစ်နှင့် ထိုင်းနိုင်ငံသို့ တရားဝင် ဝင်ရောက်ခွင့်ရခဲ့သည့် မြန်မာအလုပ်သမားများအား ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့က တွေ့ရစဥ်။ (Photo : WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့)
MOU စနစ်နှင့် ထိုင်းနိုင်ငံသို့ တရားဝင် ဝင်ရောက်ခွင့်ရခဲ့သည့် မြန်မာအလုပ်သမားများအား ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့က တွေ့ရစဥ်။ (Photo : WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့)

MOU စနစ်နဲ့ လာတာဆိုပေမဲ့ ပွဲစားနဲ့ချိတ်ဆက်လုပ်ကိုင်တာတွေကြောင့် အာမခံချက်မရှိဘဲ အခွင့်အရေးတွေ ဆုံးရှုံးနေတာလို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“အခက်အခဲကလည်း မြန်မာနိုင်ငံဘက်က အလုပ်သမားဝန်ကြီးဌာနဘက်ကလည်း လုပ်ထုံးလုပ်နည်းကြန့်ကြာနေတော့ အဲဒါတွေကို စစ်ဆေးဖို့ မအားဘူး။ MOU လုပ်သားတွေ မြန်မြန်ထွက်ရင် သူတို့အတွက် မြန်မြန်ငွေပေါ်မယ်။ အကျိုးအမြတ်ပေါ်မယ်။ အဲဒါကိုပဲ အဓိက ဇောင်းပေးနေရတယ်။ အဲဒီကနေ စပြီးလွဲတော့တာပဲ။ မှားတော့တာပဲ။ MOU လုပ်သားတော့မှန်တယ်။ ဘာအာမခံချက်မှမရှိတဲ့ ပွဲစားတွေနဲ့ PJ စာအုပ်လုပ်ပြီး ထိုင်းနိုင်ငံထဲကိုလာတာ။ ပွဲစားက ရိုက်တင်လိုက်တာ။ ရိုက်ခေါ်လိုက်တာ။ G to G စနစ်နဲ့လာတာမဟုတ်လို့ ဘာအာမခံချက်မှမရှိဘူး။ ထိုင်းမှာရှိတဲ့ MOU လုပ်သားသုံးသိန်းလောက်မှာ တစ်သိန်းက ပွဲစားကရိုက်ခေါ်တာ တစ်သိန်းလောက်ပါတယ်။ ပြဿနာဖြစ်တော့မှ ဟိုအေဂျင်စီက စေလွှတ်သလို ဒီအေဂျင်စီက စေလွှတ်သလိုလိုနဲ့ ရောချတယ်။ အဲဒါမျိုးက ပိုများတယ်”

ထိုင်းရောက် MOU မြန်မာအလုပ်သမားတွေ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနနဲ့ ဘန်ကောက်မှာရှိတဲ့ စစ်ကောင်စီ အလုပ်သမားသံအရာရှိရုံးတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့အထိ စစ်ကောင်စီက တရားဝင်လုပ်ကိုင်ခွင့်ပေးထားတဲ့ လိုင်စင်ရပြည်ပအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်ကုမ္ပဏီ ၅၉၅ ခုရှိပြီး အဲဒီထဲမှာ ယာယီပိတ်သိမ်းခံထားရတဲ့ ကုမ္ပဏီ လေးခုရှိပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ခုနစ်သန်းကျော်ရှိနေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူတွေပြောပြချက်အရ သိရပါတယ်။

မြန်မာပြည်မှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်ပိုင်း နိုင်ငံရပ်ခြားကို လူငယ်တွေ ရတဲ့နည်းလမ်းနဲ့ ထွက်ခွာနေကြတာဖြစ်ပြီး အခက်အခဲတွေ ကြုံနေရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။