ထိုင်းရောက် မြန်မာတွေရဲ့ တစ်နှစ်အတွင်း အခက်အခဲနဲ့ ရုန်းကန်မှုများ

RFA Burmese
2024.12.23
ထိုင်းရောက် မြန်မာတွေရဲ့ တစ်နှစ်အတွင်း အခက်အခဲနဲ့ ရုန်းကန်မှုများ ဒဂုံမြို့နယ် ပြည်လမ်းနှင့် မနော်ဟရီလမ်းထောင့်ရှိ ထိုင်းသံရုံးတွင် ဗီဇာပြုလုပ်ရန် စောင့်ဆိုင်းနေကြသူများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်း စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မဲ့အန္တရာယ်ကြောင့် မြန်မာ အများအပြား နိုင်ငံကို စွန့်ခွာခဲ့ကြရသလို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုကြောင်း ကြေညာလိုက်တဲ့အခါမှာတော့ မြန်မာနိုင်ငံထဲမှာ ကျန်ရှိနေသေးတဲ့ လူငယ်တွေကိုပါ ပြည်တွင်းက မောင်းထုတ်လိုက်သလို ဖြစ်ခဲ့ပါတယ်။

ဒီဥပဒေကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြားက လူငယ်တချို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေထဲဝင်ကြပြီး အခွင့်အလမ်းအဆက်အသွယ်ရှိသူတွေက ပြည်ပနိုင်ငံတွေဆီ တဖွဲဖွဲ ထွက်ခွာကြပါတယ်။ အဲဒီထဲမှာ အနီးစပ်ဆုံး အလွယ်ကူဆုံးအဖြစ် ထိုင်းနိုင်ငံထဲကို အများဆုံးဝင်ရောက်လာကြပါတယ်။ ဝင်ရောက်လာသူအားလုံး ပထမဆုံးရင်ဆိုင်ရတာကတော့ ဗီဇာအခက်အခဲဖြစ်ပါတယ်။

ကျောင်းသားတွေအတွက် ဗီဇာအခက်အခဲ

စစ်မှုထမ်းဥပဒေအတည်ပြုပြီး ရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှာ ထိုင်းပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူများပြားလာတဲ့အတွက် တစ်ရက်ကို ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူ လေးရာသာ လက်ခံတော့မယ်လို့ ထိုင်းသံရုံးက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီနေ့တစ်ရက်တည်းမှာပဲ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က တက္ကသိုလ်ကျောင်းလခ ဈေးသက်သာတဲ့ မဟာချူလာလောင်ကွန်း ဗုဒ္ဓတက္ကသိုလ်မှာလည်း လျှောက်ထားသူများလာတဲ့အတွက် မြန်မာနိုင်ငံက လျှောက်လွှာတွေကို လက်မခံတော့ဘူးလို့ ထုတ်ပြန်ပါတယ်။

"ထိုင်းထဲမှာ ရောက်နေသူတွေတောင် အလုပ်လက်မဲ့ ဖြစ်နေတဲ့ အနေအထားမှာ နောက်ထပ် အသစ်သစ်သော MOU တွေဟာ အလုပ်လက်မဲ့တွေဖြစ်ကုန်တာပေါ့”

မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးလှုပ်ခတ်မှုတစ်ခုဖြစ်လာတိုင်း ထိုင်းအစိုးရနဲ့ ထိုင်းလဝကတွေကလည်း မူဝါဒအမျိုးမျိုး ပြောင်းလဲသွားတယ်လို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျောင်းတက်နေတဲ့ ကိုအောင်ကျော်က RFA ကို ပြောပါတယ်။

“ဥပဒေဘောင်ထဲကနေ ပေးရမဲ့ အခွန်အခတွေပေးပြီး နေနေပေမဲ့လို့လည်း ကိုယ်က ပိုက်ဆံပေးပြီးနေပေမဲ့ အမြဲတမ်းမျက်နှာငယ်ရတယ်ပေါ့နော်။ မျက်နှာငယ်ရတဲ့အပြင်ကို အချိန်မရွေး တရားမဝင်နေထိုင်တဲ့လူ ဖြစ်သွားနိုင်တာမျိုးတွေပေါ့”

အဲဒီနောက် ထိုင်းနိုင်ငံမှာ Non-Immigrant ED Visa လို့ခေါ်တဲ့ ပညာရေးဗီဇာနဲ့ Passport for Education (PE) type နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး ကာလတိုသင်တန်း တက်ရောက်နေတဲ့ မြန်မာကျောင်းသားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို စက်တင်ဘာ ၁၆ ရက်နေ့ကစလို့ သက်တမ်း တိုးမပေးတော့ဘူးလို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

ကာလတိုအတွက် ပညာရေးသင်တန်းတွေ တက်ရောက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အလွန်များပြားလာတာကြောင့် အခုလို ကန့်သတ်လိုက်တာလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ချင်းမိုင်တက္ကသိုလ်အား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ချင်းမိုင်တက္ကသိုလ်အား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ထိုင်းဥပဒေအတိုင်း နေထိုင်ခွင့်ဗီဇာတွေသတ်မှတ်ထားပေမဲ့ စစ်ကောင်စီလက်အောက်ခံသံရုံးတွေကြောင့် နိုင်ငံ ကူးလက်မှတ်သက်တမ်းတိုးဖို့နဲ့ ဗီဇာကိစ္စတွေမှာ အလုပ်တွေ ပိုရှုပ်ပြီး ခက်ခဲသွားတယ်လို့ ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့မှာ ကျောင်းတက်နေတဲ့ မမွန်က RFA ကို ပြောပါတယ်။

“အဓိက ကကွာ အစ်မတို့မှာ ထိုင်းနိုင်ငံကပေးတဲ့ တရားဝင်အရနေတယ်။ Passport က လွယ်လွယ်ကူကူရမဲ့ ဟာမျိုးကို သူတို့က သိတယ်မို့လား။ ဘယ် ဗီဇာဆိုမရဘူး။ ဟိုဗီဇာဆိုမရဘူးဆိုပြီး သူတို့က သက်သက်မဲ့ ခွဲလိုက် တာလေ။ ခွဲလိုက်တော့ အစ်မတို့မှာ အလုပ်တွေ ပိုရှုပ်တယ်။ ပိုပြီးခက်ခဲတာပေါ့။ စစ်ကောင်စီက တမင်တကာ လုပ်တာကွာ အဲဒါကတော့”

ဒါပေမဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလလယ်ပိုင်းမှာတော့ ထိုင်းနိုင်ငံအတွင်းကို နယ်စပ်ဂိတ်တွေကနေ ကုန်းလမ်းကြောင်းနဲ့ ဝင်လာသူတွေကို နေထိုင်ခွင့် ဗီဇာတိုးပေးတာနဲ့ ဗီဇာပြောင်းလဲလျှောက်ထားခွင့် မပြုတော့ဘူးလို့ ဗီဇာဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံထဲမှာ ကျောင်းသားဗီဇာနဲ့ နေထိုင်မဲ့သူတွေအတွက် အခုလို အခက်အခဲတွေများသလို ထိုင်းနိုင်ငံမှာ အရင်ထဲက ဖွင့်လှစ်ထားတဲ့ မြန်မာရွှေ့ပြောင်းကျောင်းတွေကို ဝင်ရောက်စစ်ဆေးပြီး တရားမဝင် ဖွင့်လှစ်ထားတဲ့ ကျောင်းတွေ အပိတ်ခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်က “မေတ္တာရိပ်” အပါအဝင် မြန်မာစာသင်ကျောင်း ခြောက်ကျောင်းကို တရားမဝင်လို့ဆိုပြီး စက်တင်ဘာလ ပထမပတ်မှာ ထိုင်းအစိုးရက ပိတ်သိမ်းခိုင်းလိုက်တာပါ။ အဲဒီ နောက်ဆက်တွဲအနေနဲ့ စိုးရိမ်မှုကြောင့် ယာယီပိတ်လိုက်ရတဲ့ ကျောင်းတွေလည်းရှိတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (FED) က အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

“ဖူးခက်မှာလည်း ပိတ်ရတယ်၊ ဖန်ငမှာလည်း တချို့ကျောင်းတွေ တောက်လျှောက် မပိတ်တာတောင်မှ တချို့က ရက် အကန့်အသတ်နဲ့ ပိတ်ရတာတွေ ရှိတယ်လေ။ တချို့ကျောင်းတွေက ပြန်ဖွင့်တာတွေ ရှိတယ်။ အဲဒါကတော့ နယ်မြေခံတွေနဲ့ ညှိနှိုင်းပြီးတော့ ခွင့်ပြုချက်ယူပေါ့နော်။ တချို့ကျောင်းတွေကျတော့လည်း ထိုင်းကျောင်းတွေအောက် ဝင်သွားတာပေါ့”


ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရုန်းကန်ရမှု

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို တရားဝင်ရော၊ တရားမဝင်ပါ နှစ်စဥ် ဝင်ရောက်နေကြပေမဲ့ ၂၀၂၄ ခုနှစ်ဟာ အထောက်အထားမဲ့ မြန်မာတွေ အများဆုံးဝင်ရောက်တဲ့ နှစ်တစ်နှစ်ဖြစ်တယ်လို့လည်း မြန်မာအလုပ်သမား အရေးကူညီသူတွေက ပြောကြပါတယ်။

၂၀၂၄ ခုနှစ်မှာပဲ စစ်ကောင်စီဘက်ကရော ထိုင်းအစိုးရဘက်ကပါ ချမှတ်ခဲ့တဲ့ မူဝါဒအမျိုးမျိုးကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပုံမှန်ထက်ပိုပြီး ခက်ခဲတဲ့ နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်။

မြန်မာအလုပ်သမားတွေဟာ အရင်ကာလတွေကထက်ပိုပြီး ရုန်းကန်ရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ် က ပြောပါတယ်။

"မြန်မာနိုင်ငံထဲမှာ စစ်မှု မထမ်းမနေရဥပဒေကြောင့် တရားမဝင်ရွှေ့ပြောင်းတွေဝင်လာတဲ့ အချိန်မှာ သိန်းနဲ့ချီ အဖမ်းခံရတယ်။ တစ်ချိန်တည်းမှာ ထိုင်းမှာ အစွန်းရောက်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို မနှစ်သက်တဲ့ ထိုင်းလူ့အဖွဲ့ အစည်းက မြန်မာသံရုံးရှေ့မှာ ရွှေ့ပြောင်းအလုပ်သမားဆန့်ကျင်ရေးလုပ်နေတာ တွေ့ရတယ်။ ဒါတွေက မြင်သာထင်သာတဲ့ အခက်အခဲပြသနာတွေပေါ့။ ဒီအခက်အခဲတွေကို အလုပ်သမားတွေ ရင်ဆိုင်နေရ ပေမယ့် အစိုးရကနေ ထိထိရောက်ရောက် အကာအကွယ်ပေးမှု မရဘူး”

ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ်၊ မတ်လစာရင်းအရ ထိုင်းနိုင်ငံထဲမှာ တရားဝင်စာရွက်စာတမ်းနဲ့ နေထိုင်တဲ့ မြန်မာနိုင်ငံသား သုံးသန်းကျော်ရှိပါတယ်။ အလုပ်သမားအရေးလှုပ်ရှားသူတွေရဲ့ စာရင်းအရ တရားမဝင်နေထိုင်သူက နှစ်သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ အများအပြား ဝင်ရောက်လာမှုအား ကိုင်တွယ်ဖြေရှင်းပေးရန် ထိုင်းနိုင်ငံသားတချို့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်​နေ့က ​ဆန္ဒပြခဲ့စဥ်။ (Photo: Western News)
ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ အများအပြား ဝင်ရောက်လာမှုအား ကိုင်တွယ်ဖြေရှင်းပေးရန် ထိုင်းနိုင်ငံသားတချို့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်​နေ့က ​ဆန္ဒပြခဲ့စဥ်။ (Photo: Western News)

ပြီးခဲ့တဲ့ သြဂုတ်လနဲ့ အောက်တိုဘာလဆန်းပိုင်းမှာ မဲဆောက်မြို့နဲ့ ဘန်ကောက်မြို့၊ မြန်မာသံရုံးရှေ့တွေမှာ ထိုင်းနိုင်ငံအတွင်းကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမှုကို ကိုင်တွယ်ဖြေရှင်း ပေးဖို့ဆိုပြီး ထိုင်းနိုင်ငံသားတွေက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

နှစ်နိုင်ငံသဘောတူညီမှုစာချုပ် MOU စနစ်နဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကတစ်ဆင့် ထိုင်းနိုင်ငံကို ရောက်လာတဲ့ မြန်မာအလုပ်သမားတွေဟာလည်း စာချုပ်ပါအတိုင်း အလုပ်မရတာ၊ အလုပ်ရှင်က ထိုက်သင့်တဲ့ လုပ်အားခမပေးတာလို အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

ထိုင်းရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ ကိုရဲမင်းကလည်း စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံသားတွေ စုပြုံရောက်ရှိလာပေမဲ့ အလုပ်လက်မဲ့ဖြစ်နေကြတယ်လို့ RFA ကို ပြောပါတယ်။

"စစ်မှုထမ်းဥပဒေနဲ့အတူ မြန်မာပြည်တွင်းက လူငယ်တွေက ရတဲ့နည်းလမ်းတွေနဲ့ထွက်ကြတယ်။ MOU နဲ့ ထွက်တဲ့သူလည်းရှိတယ်။ အောက်လမ်းတွေက ထွက်တဲ့သူတွေလည်းရှိတယ်။ အေဂျင်စီတွေကလည်း လူရရင် ပြီးတာပဲ စာချုပ်အမြန်ချုပ်တယ်။ ဒီဘက်မှာ အလုပ်တွေမရှိဘူး။ ထိုင်းထဲမှာ ရောက်နေသူတွေတောင် အလုပ်လက်မဲ့ ဖြစ်နေတဲ့ အနေအထားမှာ နောက်ထပ် အသစ်သစ်သော MOU တွေဟာ အလုပ်လက်မဲ့တွေဖြစ်ကုန်တာပေါ့”

ဒီလို စာချုပ်ထဲကအတိုင်း အလုပ်မရတာကြောင့် အလုပ်သစ်ရှာကြတဲ့အခါ ပွဲစားတွေ၊ အေဂျင်စီတွေရဲ့ လိမ်လည်မှုတွေလည်း ကြုံကြရတယ်လို့ သူက ဆက်ပြောပါတယ်။ အရင်နှစ်တွေထက် ဒုက္ခရောက်တဲ့ သူတွေပိုများလာတယ်လို့ ကိုရဲမင်းက ပြောပါတယ်။

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြဝတီမြို့ကနေ မဲဆောက်မြို့ကို ဝင်ရောက်လာကြသည့် မြန်မာအလုပ်သမားများအား ၂၀၂၂ ခုနှစ်၊ မေလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar Labour Attache Office)
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြဝတီမြို့ကနေ မဲဆောက်မြို့ကို ဝင်ရောက်လာကြသည့် မြန်မာအလုပ်သမားများအား ၂၀၂၂ ခုနှစ်၊ မေလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar Labour Attache Office)

၂၀၂၄ ခုနှစ်ထဲမှာပဲ စစ်ကောင်စီဘက်က အခွန်ကောက်တာတွေရှိလာတာကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေပို ခက်ခဲလာတယ်လို့ ထိုင်းနိုင်ငံ အထည်ချုပ်စက်ရုံတစ်ခုမှာလုပ်တဲ့ ကိုဖြိုးကိုကို က ပြောပါတယ်။

“စစ်ကောင်စီအစိုးရဘက်ခြမ်းကလည်း အခွန်တွေ ဘာတွေ ထပ်ကောက်တဲ့အခါကျတော့ အလုပ်သမားတွေ အနေနဲ့ အခြေခံလစာပဲရကြတာဆိုတော့ ပိုက်ဆံတွေက ဒီဗီဇာတွေလုပ်တာ၊ စာအုပ်တွေလုပ်တာနဲ့ပဲ လုံးလည်ချာလည်လိုက်နေတယ် တစ်နှစ်ပတ်လည်လုံး။ အခုလည်း ဒီနှစ်ကုန်ခါနီးမှာ ဗီဇာတွေပြန်သက်တမ်းတိုးတော့မယ် တစ်ယောက်နဲ့ တစ်ယောက် ပတ်စ်ပို့သက်တမ်းတိုးအတွက် သောင်းနဲ့ချီကောက်တယ်ဆိုတော့ အဆင်မပြေ ကြဘူး။ အလုပ်သမားတွေလည်း တအားခက်ခဲတာလေ”

မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူတွေနဲ့ ပူးပေါင်းကူညီနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး ဦးကျော်နီက ပြောပါတယ်။

“၂၀၂၄အတွင်းမှာ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ အလုပ်သမားတွေအတွက် အဓိကဆောင်ရွက်ပေးတာကတော့ တိုင်ကြား ယန္တရားထူထောင်ပြီးတော့ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်ပြဿနာတွေ နစ်နာမှုတွေအခွင့်အရေးချိုးဖောက် ခံရမှုတွေ ဒါတွေကို ကူညီဖြေရှင်းပေးနေတာတွေရှိတယ်။ ၂၀၂၅ ထဲမှာ အလုပ်သမားအခွင့်အရေးချိုးဖောက် မှုတွေ ကူညီဖြေရှင်းပေးနေတာ ထပ်တိုးဆောင်ရွက်ဖို့ ရှိသလို စစ်ကောင်စီရဲ့ အဓမ္မငွေကြေးဖြတ်တောက်မှုတွေ အလုပ်သမားတွေရဲ့ အထောက်အထားကိစ္စ ဝန်ထုပ်ဝန်ပိုးဖြစ်နေတာတွေ ဒါတွေနဲ့ ပတ်သက်ပြီး ကူညီနိုင်အောင် အစီအစဥ်ရှိပါတယ်”

အဖမ်းအဆီးနဲ့ နေရပ်ပြန်ပို့ခံရတဲ့ အန္တရာယ်

ဒီနှစ် ဖေဖော်ဝါရီလဆန်းမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြီးတဲ့နောက်ပိုင်း ထိုင်းနိုင်ငံထဲကို တရားမဝင် နိုင်ငံဖြတ်ကျော် ဝင်ရောက်မှုတွေကြောင့် လတိုင်းလိုလို ဖမ်းဆီးခံရမှုတွေ ရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ တရားမဝင် နယ်စပ်ဖြတ်ကျော်လို့ ဖမ်းဆီးခံရတဲ့ မြန်မာ ခုနစ်ထောင်ကျော် ရှိတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်ကို စုစည်းပြီး အလုပ်သမားအရေး လှုပ်ရှားသူ တွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်ကနေ စက်တင်ဘာလအထိ တရားမဝင် အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်နဲ့ ဖမ်းဆီးခဲ့ပါတယ်။ ဇွန်လ ၅ ရက်နေ့ကနေ အောက်တိုဘာလ ၂ ရက်နေ့အထိ လူပေါင်း သုံးသိန်းနီးပါး ဖမ်းဆီးခဲ့ရာမှာ နှစ်သိန်းခွဲကျော် မြန်မာနိုင်ငံသား နှစ်သိန်းကျော် (၂၀၉,၄၃၅) ပါဝင်နေပါတယ်။ အဲဒီထဲမှာ တရားစွဲဆိုခံရတဲ့သူ ၂,၀၆၃ ဦး ရှိခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေက စီမံချက်ချပြီး ဖမ်းဆီးစစ်ဆေးမှုတွေ ပိုတင်းကျပ်ခဲ့သလို ဖမ်းမိတဲ့လူတွေကို နေရပ်ပြန်ပို့တဲ့အခါမှာတော့ စစ်သားအဖြစ် စုဆောင်းခံရတဲ့ အန္တရာယ်ကို ရင်ဆိုင်ရပါတော့တယ်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားတချို့အား ၂၀၂၄ ခုနှစ် ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Thai Police)
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားတချို့အား ၂၀၂၄ ခုနှစ် ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Thai Police)

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ထောင်ကျနေသူတွေ လွတ်ရက်စေ့ရင် မြန်မာနိုင်ငံဘက်ကို ပြန်ပို့ပြီး ကော့သောင်းဆိပ်ကမ်းအရောက်မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးပြီး တပ်ထဲပို့ခံရတာလို့ မိသားစုဝင်တွေ၊ မြို့ခံတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေက RFA ကို ပြောပါတယ်။

စစ်မှုထမ်းဥပဒေ အတည်ပြုပြီးတဲ့နောက်မှာ ရနောင်းအကျဉ်းထောင်ကနေ အနည်းဆုံး တစ်လကို နှစ်ကြိမ် နေရပ်ပြန်ပို့တာတွေ ရှိပြီး အဲဒီအထဲကမှ တစ်လကို လူငယ် တစ်ရာဝန်းကျင်ဟာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံ နေရတာလို့ ရနောင်းမြို့အခြေစိုက် မိတ္တသဟာယ နာရေးကူညီမှု အသင်း (SAFWA) ဥက္ကဋ္ဌ ကိုသားကျော် က ပြောပါတယ်။

“ကျန်ခဲ့တဲ့ မိသားစုတွေကို သနားပါလို့။ ထိုင်းတွေကျတော့ ပို့နေတာတွေကို လူ့အခွင့်အရေးနဲ့ ပြောရမယ်ဆိုရင် သူတို့လည်း ချိုးဖောက်နေတာပဲ။ ရန်သူလက်ထဲကို ပြန်ထည့်ပေးနေတယ် ဆိုတာလည်းပဲ။ ထိုင်းမှာပဲ တရားမဝင်ကနေ တရားဝင် ဖြစ်သွားအောင် အလုပ်သမားအသစ်တွေကိုလည်း သူတို့ ဘတ်ဖွင့် ပေးနေတာပဲလေ။ အဲဒါလိုမျိုး လုပ်လိုက်ရင် ပိုပြီးတော့ အဆင်ပြေသွားတာပေါ့။ အလုပ်သမားတွေအတွက် အများကြီး အကျိုးရှိသွားတာပေါ့။ ပြီးတော့ အလုပ်သမားတွေအတွက်ပဲလည်း ဒုက္ခထဲက ကျွတ်လွတ်သွားမယ်လို့ မြင်တယ်”

၂၀၂၄ ခုနှစ်အတွင်း ရနောင်းကတစ်ဆင့် မြန်မာနိုင်ငံပြန်ပို့ရာကနေ စစ်မှုထမ်းဖို့ စုဆောင်းခေါ်ဆောင်ခံရတဲ့သူ ရှစ်ရာထက်မနည်း ရှိတယ်လို့လည်း သူက ပြောပါတယ်။

အဖမ်းခံရတဲ့သူတွေဟာ ၃၅ နှစ်အောက် လူငယ်တွေ အများဆုံးဖြစ်ပြီး သူတို့ကို တနင်္သာရီတိုင်း၊ ခမောက်ကြီး မြို့မှာရှိတဲ့ အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၂၀) ဒါမှမဟုတ် ကော့သောင်းမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၂) နဲ့ မြိတ်ခရိုင်၊ ပလောက်မြို့နယ်ထဲက အမှတ် (၁၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတို့ကို ပို့ဆောင်တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

မသန်စွမ်းတဲ့လူတွေကိုပါမချန် ဖမ်းဆီးပြီး မိသားစုတွေက ငွေနဲ့ ပြန်ရွေးခဲ့ရသလို ဖမ်းခံရသူတွေ ပြန်လွတ်ချင်ရင် ပွဲစားခက သိန်း လေးဆယ်ကနေ သိန်း တစ်ရာလောက်အထိ ပေးရသူတွေလည်း ရှိတယ်လို့ ဆိုကြပါတယ်။

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးနေသည်ကို စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားစဉ်။ (Photo:  Ministry of Information)
ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးနေသည်ကို စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားစဉ်။ (Photo: Ministry of Information)

ရနောင်း - ကော့သောင်း လမ်းကြောင်းအပြင် မြဝတီ-မဲဆောက်ဘက်ကနေ ပြန်ပို့ခံရသူတွေထဲမှာလည်း အဖမ်းခံရတာရှိတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။

“သိသာထင်ရှားတဲ့ လမ်းကြောင်းကတော့ ရနောင်း-ကော့သောင်းလမ်းကြောင်းပေါ့။ လူ့အခွင့်အရေး လေးစား တယ်။ အကျဉ်းသားအချုပ်သားတွေရဲ့ အခွင့်အရေးကို လေးစားတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လွှတ်ပေးပြီးခါမှ အဝေး ပြေး စစ်ဆေးရေးဂိတ်ဖြစ်တဲ့ ပဲခူးနားလေးက ဝေါမြို့နယ်၊ ညောင်ခါးရှည်ဂိတ်ကျတော့မှ ထိုင်းအကျဉ်းထောင် ကနေပြန်တဲ့ လူငယ်မောင်မယ်တွေကို ဆွဲချခံရတယ်။ အဲဒါမျိုးပေါ့ သိပ်မသိသာဘူး။ ဒါကတော့ မဲဆောက် - မြဝတီ လမ်းကြောင်းလုပ်ခံရတဲ့ ပုံစံ”

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ရဲ့ အောက်တိုဘာ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ အပတ်စဉ် ၅ အထိ နိုင်ငံတစ်ဝန်းမှာ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် ရှိပါတယ်။

အသက်အရွယ်မျိုးစုံ၊ ပုံစံမျိုးစုံနဲ့ ထိုင်းနိုင်ငံထဲကို တရားဝင်ရော တရားမဝင်ပါဝင်ရောက်လာကြသူ မြန်မာနိုင်ငံသားတွေအတွက် ၂၀၂၄ ခုနှစ်ဟာအခက်အခဲ၊ အန္တရာယ်၊ ရုန်းကန်ရမှုတွေနဲ့ ဖြတ်ကျော်ခဲ့ရပေမဲ့ ဒီအဆိုးတွေ ကြားမှာပဲ အသက်ရှူချောင်ခဲ့တာလေးတွေလည်း ကြုံရပါတယ်။

ထိုင်းနိုင်ငံမှာ နှစ်ရှည် ပြောင်းရွှေ့နေထိုင်သူတွေနဲ့ ထိုင်းမှာမွေးတဲ့ ကလေးတွေအပါအဝင် လူပေါင်း ငါးသိန်းနီးပါး နိုင်ငံသားဖြစ်ခွင့်ပေးမယ့်အစီ အစဥ်ကို အောက်တိုဘာလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ အတည်ပြုလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ မျိုးဆက်နဲ့ချီပြီး အထောက်အထားမဲ့ နေထိုင်လာကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ ရှိတဲ့ ရွှေပြောင်းမြန်မာအလုပ်သမားတွေဟာ တရားဝင်အလုပ်လုပ်ခွင့်ဗီဇာတွက် အခု လာမဲ့ ၂၀၂၅ ဖေဖော်ဝါရီလထဲမှာ ပန်းရောင်ကတ်သက်တမ်းတိုးတာနဲ့ အသစ်လျှောက်ထားတဲ့ လုပ်ငန်းစဥ်တွေ လုပ်ဖို့ ရှိနေပါတယ်။ ပန်းရောင်ကတ်တွေ မထုတ်ပေးသေးခင်မှာတော့ အထောက်အထားမရှိရင်လည်း ထိုင်းနိုင်ငံအတွင်းမှာ နိုဝင်ဘာလ ၂၈ ရက်နေ့က ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ တစ်လနေထိုင်ခွင့်ပြုတယ်လို့ ထိုင်းဝန်ကြီးချုပ်က လက်မှတ်ရေးထိုးထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ အလုပ်လုပ်ကိုင်ခွင့်တော့မရှိပါဘူး။


ဆက်နွှယ်သောသတင်းများ

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေ တရားဝင်ဖြစ်မယ့် လမ်းကြောင်းတွေ တိုးချဲ့ပေးဖို့ IOM တိုက်တွန်း

ထိုင်းက တရားဝင် မြန်မာအလုပ်သမားတွေကို စစ်ကောင်စီ တာဝန်ယူမှု ပျက်ကွက်

ရွှေ့ပြောင်းကလေးတွေကို ပညာသင်ခွင့်ပေးဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ တောင်းဆို


ထိုင်းနိုင်ငံမှာ ခြောက်လကနေ ငါးနှစ်အထိ သက်တမ်းတိုးနေထိုင်နိုင်မဲ့ Destination Visa (DTV) ကိုလည်း ဇွန်လ ၁ ရက်နေ့ စတင်မယ်လို့ ထိုင်းအစိုးရက ကြေညာခဲ့ပါတယ်။

ဒီဗီဇာအမျိုးအစားကို ဒီဂျစ်တယ်ပညာရှင်တွေ၊ ထိုင်းဟင်းချက်နည်းသင်တန်း၊ ထိုင်းမွေ့ထိုင်းသင်တန်းအပါအဝင် အားကစားနည်းသင်တန်း တက်ရောက်လိုသူတွေ၊ ဆေးကုသလိုသူတွေ၊ နိုင်ငံတော်အဆင့် အစည်းအဝေးလာ ရောက်တက်သူတွေ၊ အွန်လိုင်းကနေ အလုပ်လုပ်သူတွေအပါအဝင် ပညာရှင်အဆင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသူတွေ လျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် လာမဲ့ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာလည်း Non LA Visa လို့ခေါ်တဲ့ အလုပ်သမားဗီဇာတွေ သက်တမ်း တိုးဖို့လည်း ရှိနေပါတယ်။ ဒီနှစ်နေထိုင်ခွင့်သက်တမ်းတိုးမဲ့ ကာလကတော့ နှစ်နှစ်အထိရရှိမှာဖြစ်တယ်လို့ ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေလည်း ပြောကြပါတယ်။

အသက်အန္တရာယ်၊ ဘဝလုံခြုံမှုတွေနဲ့ရင်းပြီး ထိုင်းနိုင်ငံထဲမှာနေထိုင်ရတဲ့ မြန်မာနိုင်ငံသားတွေအတွက် ၂၀၂၄ ခုနှစ်ဝက်နောက်ပိုင်း အသက်ရှူချောင်စရာလေးတွေပေါ်ပေါက်လာတာမို့ ၂၀၂၅ ဟာလည်း သူတို့အတွက် ကောင်းသောနှစ်တစ်ခုအဖြစ် ရောက်ရှိလာပါစေလို့ ထိုင်းနိုင်ငံက သန်းနဲ့ချီတဲ့ မြန်မာလူထုက ဆုတောင်းနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။