ထိုင်းက တရားဝင် မြန်မာအလုပ်သမားတွေကို စစ်ကောင်စီ တာဝန်ယူမှု ပျက်ကွက်

RFA Burmese
2024.12.09
ထိုင်းက တရားဝင် မြန်မာအလုပ်သမားတွေကို စစ်ကောင်စီ တာဝန်ယူမှု ပျက်ကွက် MOU စနစ်နှင့် ထိုင်းနိုင်ငံသို့ တရားဝင် ဝင်ရောက်ခွင့်ရခဲ့သည့် မြန်မာအလုပ်သမားများအား ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့က တွေ့ရစဥ်။
Facebook/ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့

မြန်မာနိုင်ငံကနေ ထိုင်းကို နှစ်နိုင်ငံ သဘောတူညီမှုစာချုပ် (MOU) နဲ့ တရားဝင်သွားတဲ့ အလုပ်သမားတွေ ကြုံနေရတဲ့ အခက်အခဲတွေကို အေဂျင်စီတွေဘက်က တာဝန်ယူမှု မရှိသလို ထိုင်းနိုင်ငံက စစ်ကောင်စီရဲ့ မြန်မာသံရုံးကလည်း တာဝန်ယူမှု မရှိဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက RFA ကို ဒီဇင်ဘာလ ၉ ရက် ဒီနေ့ ပြောပါတယ်။

နှစ်နိုင်ငံ MOU စနစ်နဲ့ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီကတစ်ဆင့် ထိုင်းနိုင်ငံကိုရောက်လာတဲ့ မြန်မာအလုပ်သမားတွေဟာ စာချုပ်ပါအတိုင်း အလုပ်မရတာ၊ အလုပ်အကိုင် အဆင်မပြေတာ၊ အလုပ်ရှင်က ထိုက်သင့်တဲ့ လုပ်အားခ မပေးတာစတဲ့ အခက်အခဲတွေ ကြုံနေရတယ်လို့ ထိုင်းအခြေစိုက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) အဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက RFA ကို ပြောပါတယ်။

“ထိုင်းနိုင်ငံကို MOU စနစ်နဲ့ ခေါ်တင်လိုက်တဲ့အခါမှာ ထိုင်းနိုင်ငံမှာ အလုပ်ရှိပါတယ် ဆိုပြီးတော့ မြန်မာနိုင်ငံ အေဂျင်စီနဲ့ ထိုင်းဘက်က သူဌေးနဲ့ချိတ်ဆက်ပြီးတော့ အလုပ်ရှိပါတယ်ဆိုတဲ့ အကြောင်းပြပြီး လူခေါ်တင်တာ။ ဒီဘက်ရောက်တော့ အလုပ်တွေက မရှိဘူး။ မြန်မာနိုင်ငံ သံရုံးကလည်း မစိစစ်ဘူး။ ထိုင်းနိုင်ငံထဲကို ရောက်လာတဲ့ အလုပ်သမားတွေက သူတို့စာချုပ် ချုပ်တဲ့အလုပ်နဲ့ လုပ်ရတဲ့နေရာနဲ့က တခြားစီ ဖြစ်နေကြတယ်။ လုပ်အားခ မရတာတွေ၊ စာရွက်စာတမ်းတွေပါ သိမ်းဆည်းခံရတဲ့ အနေအထားတွေပါ ကြုံနေရတယ်။ စစ်ကောင်စီ သံရုံးက မြေပြင်ကို ကွင်းဆင်းပြီး မကြည့်တဲ့အတွက် အလုပ်သမားတွေမှာ ပြဿနာ အများကြီးကြုံနေရတယ်”

၂၀၂၃ ခုနှစ် မေလကစပြီး ထိုင်းနိုင်ငံထဲကို တရားဝင် လမ်းကြောင်းကနေ ရောက်လာတဲ့ အလုပ်သမားတွေဟာ အခွင့်အရေး ဆုံးရှုံးမှုများစွာ ရှိလာနေတယ်လို့ သူက ပြောပါတယ်။

မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) အဖွဲ့အနေနဲ့ အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး တစ်လကို ဖြစ်စဥ်ပေါင်း နှစ်ဆယ်ကျော် ကူညီဖြေရှင်းပေးနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာကလည်း ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဆာလာပူလီမြို့ ကြက်သားရုံမှာ နှစ်နိုင်ငံ အလုပ်အကိုင် သဘောတူညီမှုစာချုပ် (MOU) နဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၉ ဦးဟာ လုပ်ငန်းခွင် အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး ကူညီဖြေရှင်းပေးရာမှာလည်း အလုပ်သမားတွေကို မြန်မာနိုင်ငံ ပြန်ပို့မယ်လို့ အလုပ်ရှင်ဘက်က ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ကိုမုန်တိုင်းက ပြောပါတယ်။

ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးနဲ့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က ဒီနေ့ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ထိုင်းနိုင်ငံမှာ MOU စနစ်နဲ့ အလုပ်လုပ်ကိုင်ဖို့ သွားကြပေမဲ့ ဒီလိုအခြေအနေတွေ မကြာခဏ ဖြစ်လာနေတာကြောင့် သတိပြုကြဖို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေက အသိပေးထားပါတယ်။

နိုင်ငံပြင်ပကို တရားဝင် သွားရောက်လုပ်လုပ်သူတွေအနေနဲ့ လုပ်ခလစာရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်း ဒါမှမဟုတ် သုံးလစာ စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် ငွေလွှဲစနစ်နဲ့လွှဲဖို့ စစ်ကောင်စီက တင်းကျပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ICC အစိုးရ မောင်အိုက်ခန့်
2024-12-09 05:34

ပြည်ပရောက်မြန်မာလုပ်သားတွေအဆင်ပြေ‌ဖို့ ပျက်ကွပ်နေတဲ့ တာဝန်တွေ သက်ဆိုင်ရာ ငှာနအသီးသီးမှ ပြန်လည်လုပ်‌ဆောင်ပေးရန်နှင့် နိုင်ငံတကာရှိ
မြန်မာပြည်သံရုံးများ ပြန်လည်ဖွင့်လှစ်ပေပြီ NUGမှ ဒီ လိုစံရုံးတွေမှာ
ပြန်လည် နေရာ ယူလုက်ကိုင် ပေးရန် စစ်ကောင်းစီမှ စစ်ခေါင်းဆောင်မင်းအောင်လျူငိအနေဖြစ် လက်ခံနားလည်ပေးပြီး ယခင်တုန်းကလိုပဲ NUG နိုင်ငံတကာ ရှိ မြန်မာပြည်သံရုံးများတွင် ပြန်လည် လုပ်ဆောင်စေရန် နှငိ့
လူ့အခွငိ့ရေး ဆိုင်ရာ တား‌ေီးပိတ်ပင်မှုများရပ်တန့်ရန် ICC အစိုစရနှင့် မင်းအောင်လိူင်တိူ့ သဘောတူစာချုပ်ကို ဒီကနေ့ ၂:၁၀ မိခန့်က လို့ သိရှိသူကပြောကြားထားပါတယ် ဒါကြောင့် လူသားချင်းစာနာမှု နဲ့ ပြည်ပ ရောက်ရွှမြန်မာတွေကို ကာကွယ်စောငိ့ရှောက်ရန် NUG အား အကူညီ တောင်ဆို
တသင်းပေးပို့ရာငှာန ICC နိုငိငံတော် အစိုးရ မောင်အိုကိခန့်