နောင်ချိုမြို့နယ် တောင်ခမ်းတိုက်ပွဲအတွင်း တပ်စခန်းအချို့ကို TNLA လက်လွှတ်ခဲ့ရ

RFA Burmese
2025.03.05
နောင်ချိုမြို့နယ် တောင်ခမ်းတိုက်ပွဲအတွင်း တပ်စခန်းအချို့ကို TNLA လက်လွှတ်ခဲ့ရ လေကြောင်းတိုက်ခိုက်ခံရသည့် နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့က တွေ့ရစဉ်။
PSLF/TNLA News

ခုနစ်လကျော် တိုက်ပွဲဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နဲ့ မိုင်နှစ်ဆယ်ကျော်အကွာက တောင်ခမ်းကျေးရွာ တိုက်ပွဲအတွင်း TNLA နဲ့ မဟာမိတ်တွေသိမ်းထားတဲ့ တပ်စခန်းတချို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်သွားတယ်လို့ ဒေသခံတွေနဲ့ သတင်းရင်းမြစ်တချို့က RFA ကို ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းပိုက်ထားတဲ့ တောင်ရှည်ရွာနဲ့ နားရှိုရွာထဲက အရေးပါတဲ့ တပ်စခန်းကုန်းတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလကုန်ပိုင်းမှာပဲ ပြန်လည်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

“လက်ရှိ တောင်ခမ်း၊ တောင်ရှည်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်"

ဒါ့အပြင် TNLA နဲ့ မဟာမိတ်တပ်တွေ ဖြတ်တောက်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ တောင်ခမ်းအခြေစိုက် အမှတ် (၉၀၂) အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ်နဲ့ အမှတ် (၂၀၆) အမြောက်တပ်စခန်းအကြား ဆက်သွယ်ရေး လမ်းကြောင်းကိုပါ စစ်ကောင်စီတပ်ဘက်က ပြန်လည်ထိန်းချုပ်သွားတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ထိုးစစ်ပိုများလာလို့ စခန်းအချို့ ဖယ်ပေးလိုက်ရတာလို့ အမည်မဖော်လိုတဲ့ နောက်ချိုတိုက်ပွဲ အခြေအနေကို သိသူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်တပ်က ထိုးစစ်ပိုများလာတော့ စစ်သဘောအရ စခန်းကုန်းတချို့ ဖယ်ပေးလိုက်ရတဲ့သဘောလို့ ပြောလို့ရပါတယ်”

စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ကူမင်းဆွေးနွေးပွဲ ပျက်ခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့နောက်ပိုင်းကစပြီး စစ်ကောင်စီတပ်က တောင်ခမ်းကျေးရွာ အနီးတစ်ဝိုက်ကို မြေပြင်ရော ဝေဟင်ကပါ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့တာပါ။


ဆက်နွှယ်သော သတင်းများ

တိုက်ပွဲပြင်းထန်နေတဲ့ တောင်ခမ်းမှာ နှစ်ဖက်တပ် အင်အားထပ်ဖြည့်

တောင်ခမ်းတိုက်ပွဲ စစ်သုံ့ပန်း နှစ်ဆယ်ကျော် ဖမ်းမိ

သုံ့ပန်းနဲ့ တော်လှန်ရေးသမားအဖြစ် စစ်မြေပြင်မှာ ပြန်ဆုံရတဲ့ ညီအစ်ကို


အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သူ ဗိုလ်ကြီး ဇင်ယော်ကလည်း တောင်ခမ်းတိုက်ပွဲအတွင်း TNLA ဘက်က တပ်စခန်းတွေ ဆုတ်ခွာပေးလိုက်ရတယ်လို့ RFA ကို ပြောပါတယ်။

“တောင်ခမ်းမှာက TNLA နဲ့ တချို့အဖွဲ့တွေ လက်လွှတ်လိုက်ရတာရှိတာတွေ ရှိတယ်ပေါ့နော်။ မကျီးရေနဲ့ တောင်ခမ်းကိုလည်း ပြန်ပြီးဆက်သွယ်သွားနိုင်တယ်။ အစောကြီးကတည်းကလည်း အမြောက်တပ်ရင်းတွေကို အပြီးအပိုင်သိမ်းနိုင်တဲ့ အနေအထားမရှိဘူးပေါ့နော်။ သူတို့ရဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ထားတာပေါ့နော်။ အခုတော့ သူတို့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ပြန်ပြီးစိုးမိုးလာနိုင်တဲ့ အနေအထား TNLA နဲ့ ပူးပေါင်းအဖွဲ့တွေလည်း အနောက်ကိုပြန်ပြီး ဆုတ်ပေးထားရတဲ့ အနေအထား အဲဒီလို ဖြစ်နေတာပေါ့နော်”

စစ်ကောင်စီတပ်ဟာ တောင်ခမ်းကိုအခြေပြုပြီး နောင်ချိုကို ထိုးစစ်ဆင်ဖို့ တြိဂံဒေသတိုင်းက တပ်ဖွဲ့တွေအပြင် မိုင်းရယ်အခြေစိုက် တပ်စခန်းကအင်အားတွေနဲ့ စုစည်းတိုက်ခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။

တပ်စခန်းတွေ ပြန်လည်ဆုံးရှုံးသွားတဲ့အပေါ် TNLA ပြောခွင့်ရသူ လွေးယေဦးကို RFA က မေးကြည့်တဲ့အခါ တိုက်ပွဲပြင်းထန်နေတယ်လို့သာ ပြန်လည်ဖြေဆိုပါတယ်။

“လက်ရှိ တောင်ခမ်း၊ တောင်ရှည်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ စစ်ကောင်စီဘက်ကလည်း ထိုးစစ်ဆင်မှုတွေလုပ်တော့၊ ကျွန်မတို့ဘက်ကလည်း ထိုးစစ်ဆင်မှုတွေ ပြန်လုပ်တော့ နှစ်ဖက်အပြန်အလှန် ထိုးစစ်ဆင်မှုတွေ လုပ်နေတာ တွေ့ရပါတယ်”

၁၀၂၇ စစ်ဆင်ရေးအတွင်း ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ TNLA နဲ့ မဟာမိတ်အဖွဲ့တွေက နောင်ချိုမြို့ကို သိမ်းပိုက်ခဲ့ပြီး တောင်ခမ်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမြောက်တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေခဲ့တာပါ။

အဲဒီတိုက်ပွဲ ခုနစ်လကျော်လာချိန် စစ်ကောင်စီတပ်က ထိုးစစ်ပြန်အားကောင်းလာတာပါ။

ဒရုန်းအားသာချက်ကြောင့် တပ်စခန်းတချို့ ပြန်ရခဲ့တာလို့ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးက RFA ကို ပြောပါတယ်။

“အခုက တပ်မှာက တောင်ခမ်းတိုက်တဲ့အချိန်ဆိုရင် အင်အားက သုံးသောင်းခွဲလေးသောင်းလောက် ပြန်တက်လာပြီလေနော်။ အင်အားတိုးပေမဲ့လည်း တိုးတဲ့အင်အားက ပြန့်သွားတဲ့အခါကျတော့ သေသေချာချာ သုံးသပ်မယ်ဆိုရင် ဒရုန်းကြောင့်လို့ ယူဆရတာပေါ့နော်။ မြေပြင်မှာ တက်တိုက်တဲ့သူကလည်း ရှိသေးတဲ့အခါကျတော့ နှစ်ခုလုံးကတော့ သက်ဆိုင်တာပေါ့။ သို့သော် ဒရုန်းကပိုပြီး အဓိကကျတာကို တွေ့ရတယ်”

တောင်ခမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းစက်ပိတ်ထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကလည်း စစ်ကောင်စီတပ်ဟာ တိုက်ပွဲအတွင်း တရုတ်နိုင်ငံထုတ် ဒရုန်းတွေကို ပိုသုံးလာတယ်လို့ RFA ကို ပြောပါတယ်။

တောင်ခမ်းဒေသမှာ အမှတ် (၉၀၂) အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ်အပြင် အမြောက်တပ်တွေဖြစ်တဲ့ အမတ (၃၅၄)၊ အမတ (၄၀၆) နဲ့ အမတ (၂၀၆) တပ်ရင်းတွေ အခြေစိုက်ထားတာပါ။

အဲဒီအထဲက အမတ (၄၀၆) နဲ့ အမတ (၂၀၆) တပ်ရင်းကို TNLA က ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး အဲဒီတပ်စခန်းက စစ်ကောင်စီတပ်သားတွေနဲ့ နောင်ချိုမြို့က စစ်ကောင်စီတပ်သားတွေဟာ အမတ (၉၀၂) တပ်စခန်းဆီကို ဆုတ်ခွာခဲ့ကြတာပါ။

နောင်ချိုမြို့ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံအချို့ မီးလောင်ပျက်စီးနေသည်ကို TNLA က ထုတ်ပြန်ထားစဉ်။ (Telegram/ PSLF/TNLA News)
နောင်ချိုမြို့ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံအချို့ မီးလောင်ပျက်စီးနေသည်ကို TNLA က ထုတ်ပြန်ထားစဉ်။ (Telegram/ PSLF/TNLA News)

စစ်ကောင်စီတပ်စခန်းတွေရဲ့ ဆက်သွယ်ရေးနဲ့ ထောက်ပို့လမ်းကြောင်းတွေကိုလည်း TNLA နဲ့ မဟာမိတ်တွေက ဖြတ်တောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဟာ တောင်ခမ်းကျေးရွာမှာ ကျန်နေတဲ့ တပ်ဖွဲ့ဝင်တွေအတွက် လက်နက်နဲ့ရိက္ခာကို Y - 12 ထောက်ပို့ရေးလေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ရတာပါ။

တောင်ခမ်းကျေးရွာဟာ စစ်ကောင်စီရဲ့ စစ်တက္ကသိုလ်တွေ အခြေစိုက်တဲ့ ရှမ်းပြည်တောင်ပိုင်း ဗထူးတပ်မြို့နဲ့ ပြင်ဦးလွင်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်ပေါ်မှာရှိပြီး နောင်ချိုနဲ့လည်းနီးတာကြောင့် နှစ်ဖက်စလုံးအတွက် အရေးပါတဲ့နေရာဖြစ်ပါတယ်။

လက်ရှိ TNLA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဟာ တောင်ခမ်းဘက်ကနေ နောင်ချိုမြို့ဘက်ကို ဦးတည်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းအပြင် ပြင်ဦးလွင်ကနေ နောင်ချိုကိုဦးတည်တဲ့ စစ်ကြောင်းတွေကိုပါ ခံစစ်အနေအထားနဲ့သာ တိုက်ခိုက်နေရတယ်လို့ စစ်ရေးအခြေအနေ သိသူတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဒရုန်းတွေကို ပိုအသုံးပြုပြီး ထိုးစစ်ဆင်နေတာကြောင့် နောင်ချိုမြို့ကို ဆက်လက်ထိန်းထားနိုင်မလား စောင့်ကြည့်ရမဲ့ အခြေအနေဖြစ်နေတယ်လို့ စစ်ရေးနဲ့ နိုင်ငံရေး အကဲခတ်တွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။