ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ထပ်မံ ဗုံးကြဲ
2025.01.27

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ခရိုင်အုပ်ချုပ်ရေးရုံးနဲ့ ညဈေးတန်းနေရာတွေကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လယ် ၂ နာရီအချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရထားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ဒဏ်ရာရသူတွေကို နမ့်ခုံးရှမ်းများ ပရဟိတအဖွဲ့နဲ့ မြို့ခံတွေက ကူညီကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ကျောက်မဲမြို့ ဆေးရုံကို ဗုံးကြဲခဲ့တာကြောင့် CDM သူနာပြုဆရာမ နှစ်ဦးနဲ့ ဆေးကုသနေသူ တစ်ဦး သေဆုံးခဲ့ပြီး လူနှစ်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။
ကျောက်မဲဆေးရုံကို ဗုံးကြဲခဲ့တာနဲ့ ပတ်သက်ပြီး TNLA နဲ့ အရပ်ဘက်အဖွဲ့တချို့က ရှုံ့ချကြောင်း ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ကြပါတယ်။
ဇန်န်ဝါရီလ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဆယ်ဦး သေဆုံးခဲ့ရပါတယ်။
စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ ဇန်နဝါရီလ ၁၈ ရက်နေ့ကစလို့ အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့တွေကို နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် TNLA အနေနဲ့ စစ်ကောင်စီတပ်နဲ့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသင့်ရှိကြောင်း ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းမှာ ထုတ်ပြန်ထားပြီး အခုရက်ပိုင်းမှာ စစ်ကောင်စီ ကိုယ်စားလှယ်နဲ့ TNLA တပ်ဖွဲ့တွေ တွေ့ဆုံဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။