တောင်ခမ်းတိုက်ပွဲ စစ်သုံ့ပန်း နှစ်ဆယ်ကျော် ဖမ်းမိ
2024.12.10
![တောင်ခမ်းတိုက်ပွဲ စစ်သုံ့ပန်း နှစ်ဆယ်ကျော် ဖမ်းမိ တောင်ခမ်းတိုက်ပွဲ စစ်သုံ့ပန်း နှစ်ဆယ်ကျော် ဖမ်းမိ](https://www.rfa.org/burmese/news/taungkham-battle-junta-arrested-12102024034954.html/@@images/5b2027dd-137b-42f7-95e8-8604981afc69.jpeg)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးမှာ ဒီဇင်ဘာလ ၉ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ဓနု-PDF တပ်ဖွဲ့ တွေ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် နှစ်ဆယ်ခန့် ဖမ်းဆီးရမိတယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦး က RFA ကို ဒီနေ့ ပြောပါတယ်။
တောင်ခမ်းရွာအနီးက စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ -၃၅၄နဲ့ အမတ-၉၀၂ တပ်အနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်သား နှစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီ အလောင်းတွေနဲ့ လက်နက်တွေရခဲ့သလို ဆက်စပ်တိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးကို ထပ်မံ ဖမ်းဆီးရမိထားတယ်လို့ လွေးယေဦးက RFA ကို ပြောပါတယ်။
“စစ်ကောင်စီဘက်က တောင်ခမ်းဘက်ကနေ စစ်ကူတွေပို့တာရှိတယ်။ မနေ့ကတိုက်ပွဲ အတော်ပြင်းထန်တယ်။ အဲဒီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းမိတာဖြစ်ပါတယ်။ အလောင်းတွေ၊ လက်နက်တွေလည်း ရတာ ရှိတယ်”
TNLA နဲ့ မဟာမိတ်ဖြစ်တဲ့ ဓနု -PDF ပြောခွင့်ရသူ ကိုမောင်ကတော့ ကျောက်ဂူကနေ တောင်ခမ်းကို စစ်ကူပို့ဖို့ လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နေ့စဉ်လိုလို တိုက်ပွဲဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။
ကျောက်ဂူရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ-၃၄၉၊ နောင်ဝိုးရွာက ခြေလျင်တပ်ရင်း ခလရ-၂၉၂ နဲ့ ရပ်စောက်ကနေ တောင်ခမ်းရွာကို စစ်ကူသွားတဲ့ စစ်ကောင်စီတပ်တွေကို နေ့စဉ်ကြားဖြတ် တိုက်ခိုက်နေတယ် လို့ DPLA က ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း ဒရုန်းတွေကို အသုံးပြုပြီး ပြန်လည်တိုက်ခိုက်နေသလို အဆိပ်ငွေ့ဗုံးတွေကို အသုံးပြုတာကြောင့် တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတယ်လို့ DPLA က ပြောပါတယ်။
အဆိပ်ငွေ့ဗုံးအသုံးပြုမှုနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
နောင်ချိုတိုက်ပွဲအခြေအနေကို တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံ ဖြေဆိုတာမရှိပါဘူး။
နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA မဟာမိတ် ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲဖြစ် နေတာ သုံးလကျော် ရှိနေပြီ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က နောင်ချိုမြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက် ကျောက်ဂူလမ်းကနေ တောင်ခမ်းရွာကို စစ်အင်အားဖြည့်နေသလို ပြင်ဦးလွင်မြို့ကနေ နောင်ချိုမြို့နယ် ဂန့်ကော်ရွာ၊ သရက်ကုန်းရွာ ဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ဖြစ်နေပါတယ်။
ဒီဇင်ဘာလ ၉ ရက် နေ့လယ်ပိုင်းက သရက်ကုန်းရွာ တောင်ဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ သုံးကြိမ် ပစ်ခတ်တာကြောင့် ဆမ္မဆယ်ကျေးရွာ အမှတ် (၁) သကြားစက်ရုံဝန်ထမ်းအမျိုးသမီး တစ်ဦးနဲ့ အမျိုးသား နှစ်ဦး စုစုပေါင်း သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီဇင်ဘာလ ၁၀ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။