ထရမ့်အမိန့်ကြောင့် ရိုဟင်ဂျာအကူအညီတွေ မထိခိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2025.01.30
ထရမ့်အမိန့်ကြောင့် ရိုဟင်ဂျာအကူအညီတွေ မထိခိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြော ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ဘာလုခါလီဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာရယူရန် စောင့်ဆိုင်းနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များအား တွေ့ရစဉ်။
Photo: Reuters

အမေရိကန်နိုင်ငံကနေ နိုင်ငံတကာကို ပေးနေတဲ့ အကူအညီတွေဟာ အမေရိကန်ပြည်သူတွေအတွက် အကျိုးရှိ၊ မရှိ ပြန်သုံးသပ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရက်ပေါင်း ၉ဝ ဆိုင်းငံ့ထားဖို့ သမ္မတဒေါ်နယ်ထရမ့်က အမိန့်ထုတ်လိုက်တဲ့အကြောင်း ဇန်နဝါရီလ ၂၄ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ပြည်ပရောက် ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကတော့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ရဲ့အကူအညီတွေ ရပ်ဆိုင်းမှာကို စိုးရိမ်ပူပန်တဲ့အကြောင်း ပြောပါတယ်။

“အမေရိကန်အစိုးရကို ပထမဆုံးအနေနဲ့ပြောချင်တာက ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရတာကို တရားဝင်အသိအမှတ်ပြုထားတဲ့ နိုင်ငံဖြစ်တယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ် အပါအဝင် အခြားနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာတွေကို ကာကွယ်ဖို့ အရေးတကြီး လိုအပ်တယ်။ အမေရိကန်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း ကြေညာရုံနဲ့ မပြီးဘူး။ အကာအကွယ်ရမယ့် အနေအထားတစ်ခုဖြစ်အောင် ထိထိရောက်ရောက် လုပ်ဖို့ လိုတယ်။ နောက်ပြီးတော့ အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ နေ့စဉ်ရင်ဆိုင်နေရတဲ့သူတွေ အားလုံး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်တယ်။ ဒါတွေကို ပြန်လည်သုံးသပ်ပြီး ခြွင်းချက်မရှိ၊ သေချာ ပြန်လည်သုံးသပ်ပြီးတော့ ကျွန်တော်တို့နိုင်ငံက လူနည်းစုအားလုံးကို အထောက်အပံ့တွေ ဆက်ပြီး ပေးသွားဖို့လိုတယ်”

ဗြိတိန်အခြေစိုက် BROUK အဖွဲ့က ကိုထွန်းခင် ပြောသွားတာပါ။

မြန်မာနိုင်ငံက ထွက်ပြေးလာပြီး ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ရိုဟင်ဂျာ တစ်သန်းလောက်အတွက် အမေရိကန်ကပေးနေတဲ့ အကူအညီတွေ ရပ်ဆိုင်းမှာ မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရက ပြောပါတယ်။

ဇန်နဝါရီလ ၂၆ ရက်က ဒါကာမြို့ နိုင်ငံခြားရေးတက္ကသိုလ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ အမေရိကန်အစိုးရ နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ (USAID)ရဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှုတွေကို ထိခိုက်မှာမဟုတ်ကြောင်း ဒါကာမြို့ အမေရိကန်သံရုံးတာဝန်ရှိသူတွေက ဘင်္ဂလားဒေ့ရှ်အစိုးရကို ပြောထားတယ်လို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရပြောခွင့်ရသူ Apurba Jahangir က ပြောသွားပါတယ်။

“အမေရိကန်ရဲ့ အကူအညီတွေ ရပ်ဆိုင်းလိုက်မယ်ဆိုရင် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာ အစာရေစာငတ်ပြတ်ပြီး သေဆုံးကုန်တာတွေ ဖြစ်လာမှာ စိုးရိမ်ပါတယ်"

အဲဒီနောက် ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာအချို့ကလည်း ရိုဟင်ဂျာဒုက္ခသည် တစ်သန်းလောက်အတွက် အကူအညီတွေ ဆက်ပေးဖို့ ဆုံးဖြတ်ချက်အတွက် ထရမ့်အစိုးရကို ကျေးဇူးတင်တယ်လို့ ကြားဖြတ်အစိုးရခေါင်းဆောင် နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်က ပြောတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ၊ ရိုဟင်ဂျာအရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အတွင်းရေးမှုး Shah Alam Khokan ကို RFAရဲ့ ညီနောင်သတင်းဌာန BenarNews က ဆက်သွယ်မေးမြန်းရာမှာ အမေရိကန်နိုင်ငံရဲ့ ရိုဟင်ဂျာတွေအတွက် ပေးနေတဲ့ စားနပ်ရိက္ခာနဲ့ အာဟာရအကူအညီတွေ ဆက်ပေးမှာဖြစ်တယ်လို့ အမေရိကန်ဘက်က အတည်ပြုထားတာ မှန်ကန်ကြောင်း ဖြေကြားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ဘာလုခါလီဒုက္ခသည်စခန်းတွင် ထောက်ပံ့ပေးအပ်သည့် ရိက္ခာများအား ယူဆောင်လာသည့် ရိုဟင်ဂျာဒုက္ခသည်ကလေးတစ်ဦးအား ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Reuters)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ဘာလုခါလီဒုက္ခသည်စခန်းတွင် ထောက်ပံ့ပေးအပ်သည့် ရိက္ခာများအား ယူဆောင်လာသည့် ရိုဟင်ဂျာဒုက္ခသည်ကလေးတစ်ဦးအား ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Reuters)

ရိုဟင်ဂျာတွေရဲ့ စားနပ်ရိက္ခာအတွက် အများဆုံးထောက်ပံ့နေတဲ့ အမေရိကန်ရဲ့ အကူအညီတွေ ရုပ်သိမ်းလိုက်ရင် ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အမေရိကန်နိုင်ငံမှာ အခြေစိုက်ပြီး ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ မလပ်ကီးကာရင်က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူက အမေရိကန်ရဲ့အကူအညီတွေ ရပ်ဆိုင်းတဲ့အထဲမှာ ရိုဟင်ဂျာတွေအတွက် ပေးနေတာတွေ မပါဘူးလို့ ယူနီဆက်ရုံးနဲ့ အမေရိကန်သံရုံးကနေ ပြောတဲ့အကြောင်း ပြောထားပါတယ်။ ဒါပေမဲ့ ဒီလိုပြောတာကို မှန်ကြောင်း အမေရိကန်အစိုးရဘက်က တိတိကျကျ အတည်ပြုပြောကြားတာ မရှိ သေးပါဘူး။ ဒါကြောင့် ရိုဟင်ဂျာတွေအတွက် အကူအညီတွေ ဆက်ပေးမှာ ရာနှုန်းပြည့် မသေချာသေးဘူးလို့ ပြောချင်ပါတယ်။ တကယ်လို့သာ အမေရိကန်ရဲ့ အကူအညီတွေ ရပ်ဆိုင်းလိုက်မယ်ဆိုရင် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာ အစာရေစာငတ်ပြတ်ပြီး သေဆုံးကုန်တာတွေ ဖြစ်လာမှာ စိုးရိမ်ပါတယ်။ အကူအညီအများဆုံးပေးနေတဲ့ အမေရိကန်ကသာ မပေးနိုင်တော့ရင် ဘယ်လို ဆက်ပြီး ရပ်တည်ကြမလဲ။ အမေရိကန်က ပေးနေတဲ့ နေရာမှာ အခြားတစ်နိုင်ငံက အစားထိုးပြီး အကူအညီတွေ ပေးနိုင်မလားဆိုတာ မသေချာပါဘူး”

ပြီးခဲ့တဲ့ အင်္ဂါနေ့က BenarNews က ဒါကာမြို့ အမေရိကန်သံရုံးကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အမေရိကန်သံရုံးနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြား သံတမန်ရေးအရ ဆက်သွယ်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ပြောစရာမရှိတဲ့အကြောင်း ဖြေကြားလာပါတယ်။

အမေရိကန်သံရုံးရဲ့ ဖြေကြားချက်ထဲမှာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားအကူအညီတွေကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ ထားဖို့ သမ္မတ ထရမ့်ရဲ့အမိန့်ထဲမှာ အကူအညီပေးရေးအစီအစဉ်အချို့ကို “ခြွင်းချက်”အဖြစ် ထားရှိဖို့ ဆိုပြီး ပါဝင်တာကို ရည်ညွှန်းဖော်ပြထားပါတယ်။


ဆက်နွှယ်သောသတင်းများ

အမေရိကန်ရဲ့ အကူအညီဆိုင်းငံ့မှု မြန်မာဒုက္ခသည်တွေ ထိခိုက်

မြန်မာအတွက်ပေးတဲ့ ပညာတော်သင်ဆုအစီအစဥ် အမေရိကန်ရပ်ဆိုင်း

နေရပ်ပြန်ရေး သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဆန္ဒပြ


ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေအတွက် အကူအညီတွေ အများဆုံးပေးတဲ့နိုင်ငံ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေအတွက် အမေရိကန်ဒေါ်လာ ၂၉၉သန်း ပေးခဲ့ပြီး ၂၀၁၇ ခုနှစ်ကတည်းက ပေးခဲ့တဲ့ အကူအညီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံရှိသွားပြီလို့ USAID ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

မနေ့က ဇန်နဝါရီ ၂၈ ရက်ကတော့ သမ္မတ ထရမ့်က ဆိုင်းငံ့လိုက်တဲ့ နိုင်ငံတကာအကူအညီတွေထဲမှာ အသက်ကယ်ဆယ်ရေးအရေးပေါ်အကူအညီတွေ မပါဝင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုက ထုတ်ပြန်ခဲ့တဲ့အကြောင်း Washington Post သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။