မြန်မာဟာ အမေရိကန်လုံခြုံရေးထိခိုက်စေကြောင်း ဆက်လက်သတ်မှတ်ချက်ကို ဒီမိုကရေစီအင်အားစုတွေ ကြိုဆို

RFA Burmese
2025.02.06
မြန်မာဟာ အမေရိကန်လုံခြုံရေးထိခိုက်စေကြောင်း ဆက်လက်သတ်မှတ်ချက်ကို ဒီမိုကရေစီအင်အားစုတွေ ကြိုဆို ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က အမိန့်တစ်ခု လက်မှတ်ရေးထိုးထုတ်ပြန်နေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်။
Photo: Reuters

မြန်မာပြည်ဟာ အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသေးတဲ့ နိုင်ငံဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဆက်လက်သတ်မှတ်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့အစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်သလို အစိုးရခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချခဲ့တဲ့အတွက် ဒီလုပ်ရပ်တွေဟာ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတို့ကို ထိခိုက်ပြီး၊ ပြည်သူတွေရဲ့စိတ်ဆန္ဒကိုပယ်ချလိုက်တာဖြစ်တယ်၊ ဒါကြောင့် ပုံမှန်မဟုတ်တဲ့အခြေအနေ၊ ထူးခြားတဲ့ အခြေအနေအရ မြန်မာပြည်ဟာ အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက် အရေးပေါ်ကြေညာထားတဲ့သက်တမ်းကို ဆက်တိုးမယ်လို့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ လွှတ်တော်ကို ပေးပို့စာထဲမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်‌ ဖေဖော်ဝါရီ ၁၀ ရက်နေ့က သတ်မှတ်ထားတဲ့ ဒီအရေးပေါ်ကြေညာချက်ကို အခု ၂၀၂၅ ဖေဖော်ဝါရီ ၁၀ ရက်နောက်ပိုင်းမှာ ဆက်လက်အကျုံးဝင်မှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု အမျိုးသားအရေးပေါ်အခြေအနေအက်ဥပဒေ ၅၀ USC ၁၆၆၂ (ဃ) အရ သက်တမ်းတစ်နှစ် ထပ်တိုးလိုက်သည်လို့ သမ္မတဒေါ်နယ်ထရမ့်ရဲ့စာမှာ ဖော်ပြထားပါတယ်။

အခုလိုသက်တမ်းတိုးလိုက်တဲ့အတွက် အခက်အခဲဖြစ်နေတဲ့ မြန်မာပြည်သူတွေအတွက် အလားအလာကောင်းနိုင်တယ်လို့ အမေရိကန်ပါမောက္ခ ဇက်ခါရီအဘူဇာက သုံးသပ်ပါတယ်။

“လက်ရှိအမေရိကန်အစိုးရရဲ့ ဦးစားပေးကိစ္စတွေအရ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေ ကြေညာထားတာကို သက်တမ်းတိုးလိုက်တာဟာ အံ့အားသင့်စရာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ သင်္ကေတ တစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးသစ် မာကို ရူဘီယို ဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ရှည်လျားပြီး အပြုသဘောဆောင်တဲ့လုပ်ရပ်တွေ လုပ်ပေးခဲ့တဲ့ သမိုင်းကြောင်းရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအရေးဟာ အမေရိကန်ရဲ့ ဦးစားပေးကိစ္စတွေထဲမှာ မပါပေမဲ့ ချွင်းချက်အနေနဲ့ အခုလိုလုပ်ပေးလိုက်တာလို့ထင်ပါတယ်။ ဒီလို သက်တမ်း တိုးလိုက်တဲ့အတွက် သက်ရောက်မှုက အမေရိကန်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ယာယီအကာအကွယ်ပေးတဲ့ TPS ကို သက်တမ်းတိုးနိုင်ပါတယ်။ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေအတွက် အသက်ရှင်သန်ရေး လူသားချင်းစာနာမှုအကူအညီတွေ ဆက်ပေးနိုင်ပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ငံနဲ့ ဆိုင်တဲ့ အခြားအစီအစဉ်အချို့ကိုလည်း ရန်ပုံငွေ မဖြတ်တောက်ဘဲ ဆက်ပေးနိုင်ပါတယ်။ ကျွန်တော်က ရှေ့နေမဟုတ်တဲ့အတွက် ဒီသက်တမ်းတိုးတဲ့ ကိစ္စအတွက် ဥပဒေအရ ဘယ်လိုဖြစ်လာမလဲဆိုတာ သေချာပေါက် ဘယ်လိုဖြစ်မယ်ဆိုတာတော့ မပြောနိုင်ပါဘူး”

သမ္မတထရမ့်ရဲ့ အခုလုပ်ရပ်ကို ကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။

“ဆက်ပြီးတော့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ကြေညာခြင်းဟာ ကျွန်တော်တို့မြန်မာနိုင်ငံအရေးမှာ သူတို့ရဲ့နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲမရှိဘူးဆိုတာလည်း သုံးသပ်မိတယ်ပေါ့နော်။ နောက်တစ်ခုက သူတို့ကြေညာတာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေဟာ အမေရိကန်နိုင်ငံအတွက်လည်းထိခိုက်တယ်ဆိုတာ အခုဖြစ်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေ ကြည့်လိုက်ရင် အမေရိကန်လူမျိုးတွေလည်းအလိမ်ခံနေရတာအများကြီးရှိနေတယ်။ နောက်ပြီးတော့ အမေရိကန်ကို မူးယစ်ဆေးဝါးတွေဝင်နေတဲ့ဟာတွေကို အဓိကတားဆီးချင်တာဖြစ်ပါတယ်လို့ သုံးသပ်ပြီး ပြောချင်ပါတယ်”

ဒီသတ်မှတ်ချက်ဟာ အမေရိကန်ရဲ့ အဓိကပါတီကြီးနှစ်ရပ်စလုံးရဲ့ သဘောထားဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သူ့ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။

“မင်္ဂလာသတင်းတစ်ခုပဲပေါ့။ ရှေ့သမ္မတဘိုင်ဒင်လက်ထက်မှာ လုပ်ဆောင်ခဲ့တဲ့ဟာတွေကို သူက အကုန်လုံး ပြောင်းပြန်လိုမျိုးပေါ့နော်"

အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကို ထိခိုက်စေတယ်လို့ သတ်မှတ်တာဟာ ဘယ်လိုအချက်တွေကြောင့် ဖြစ်နိုင်လည်းလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ကိုဗညားကို မေးကြည့်တဲ့အခါ ပထဝီနိုင်ငံရေးအရ တရုတ်ရဲ့လွှမ်းမိုးမှုကို ဂရုစိုက်တဲ့အတွက်ဖြစ်နိုင်တယ်လို့သုံးသပ်ပါတယ်။

“နံပါတ်တစ်က Geo Politic အရက အမေရိကန်မိတ်ဖက်အနေနဲ့ အရင်တုန်းက စစ်အာဏာမသိမ်းခင်က အနည်းဆုံးကာလ တစ်ခု နှစ်ခုမှာ ရှိနေတယ်။ ဆယ်စုနှစ်တစ်ခုပေါ့နော်။ ရှိနေတဲ့အခြေအနေက အမေရိကန်အစိုးရအတွက်ကလုံခြုံတယ်လို့ မြန်မာနိုင်ငံက တစ်စုံတစ်ရာ ထရမ့်အတွက် ကြည့် မယ် ဆိုရင် လုံခြုံတယ်လို့ ကြည့်လို့ရတာပေါ့။ နံပါတ်နှစ်အချက်က အခုနောက်ပိုင်းမှာ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုစီးပွားရေး စစ်ရေးပေါ်မှာ လွှမ်းမိုးကို အရမ်းကို သိသာလာတယ်။ တရုတ်နဲ့နီးတဲ့သူတွေအားလုံးက အမေရိကန်ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ ဒီဟာက သူတို့ရဲ့ ပထဝီနိုင်ငံရေးအရပဲပြောပြော လူမှုစီးပွားရေးအရပဲပြောပြော အဲဒါက အန္တရာယ်ရှိလာတယ်လို့ သုံးသပ်လို့ရတယ်ပေါ့နော်”

ဒါကြောင့် Burma Act ကို သုံးပြီး တရုတ်ဩဇာလွှမ်းမိုးမှုအတွက် ချိန်ခွင်ညှာညှိနိုင်တယ်လို့ ကိုဗညားက ဆိုပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဒီဆုံးဖြတ်ချက်ကို အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ ဒေါ်ခင်လေးကလည်း ကြိုဆိုလိုက်ပါတယ်။

“မင်္ဂလာသတင်းတစ်ခုပဲပေါ့။ ရှေ့သမ္မတဘိုင်ဒင်လက်ထက်မှာ လုပ်ဆောင်ခဲ့တဲ့ဟာတွေကို သူက အကုန်လုံး ပြောင်းပြန်လိုမျိုးပေါ့နော်။ လုပ်နေတဲ့ပုံစံမျိုးတွေ တွေ့ရတော့ ကျွန်မတို့ မြန်မာနိုင်ငံအရေးကိုလည်း သူဘယ်လိုကိုင်တွယ်မလဲဆိုတာကို ကျွန်မတို့က ရင်တမမနဲ့ပေါ့နော်။ စောင့်နေရတဲ့သဘောမှာရှိ တယ်။ ဒါပေမဲ့လည်း သူ့ရဲ့ Team ထဲမှာပါတဲ့ နိုင်ငံခြားရေးဝန်ကြီးကအစပေါ့နော်။ ကျန်တဲ့သူတွေကတော့ မြန်မာနိုင်ငံရဲ့အခြေအနေလိုအပ်တဲ့ ဖြစ်နေတဲ့အနေအထားတွေကိုတော့ သူ့ကိုတင်ပြပြီး ဖိလုပ်မယ်လို့တော့ ယုံကြည်တယ်။ ဒါကြောင့်မို့လို့လည်း ဒီသဘောထားထုတ်ပြန်ချက်ပေါ်လာတာလို့ထင်တယ်”

အမေရိကန်မှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကိုဗစ်ကပ်ရောဂါကာလကနေပြီးစပြီး စစ်တပ်အာဏာသိမ်းထားတဲ့ကာလတစ်လျှောက်လုံး ပေးထားတဲ့ TPS လို့ခေါ်တဲ့ ယာယီနေထိုင်ခွင့်ဟာလာမယ့် နိုဝင်ဘာ ၂၅ ရက်ဆို သက်တမ်းကုန်မှာပါ။ အခုလို လက်မှတ်ထိုးလိုက်တဲ့အတွက် TPS ကိစ္စ စိတ်ပူစရာမရှိတော့ဘူးလို့ ဒေါ်ခင်လေးက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

အမေရိကန်က ပညာသင်ဆုရပ်ဆိုင်းမှုကြောင့် မြန်မာကျောင်းသားတွေ ထိခိုက်နစ်နာ

အမေရိကန်အစိုးရသစ် မူဝါဒတွေနဲ့ မြန်မာအရေး အကျိုးသက်ရောက်မှုများ

အမေရိကန်ရဲ့ အကူအညီဆိုင်းငံ့မှု မြန်မာဒုက္ခသည်တွေ ထိခိုက်


ချင်းအမျိုးသားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဆလိုင်းပီထာထန်းကလည်း သမ္မတထရမ့်က ဆက်ပြီးအတည်ပြုတာကို ကြိုဆိုတယ်လို့ ပြောပါတယ်။

“အင်မတန်ပဲ ဝမ်းသာကြိုဆိုပါတယ်။ တကယ်တမ်းကျတော့ တကယ့်ကို ထိခိုက်စေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အခုဒီမိုကရေစီအရေးမှာ ထိခိုက်ရုံတင်မကဘဲနဲ့ အမေရိကန်ရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်သော်လည်းကောင်း ရုရှားတွေဘက်သော်လည်းကောင်း အရမ်းကို လုံးဝတစ်ဖက်သတ်ကြီး ကမ္ဘာ့နိုင်ငံအားပြိုင်မှုကနေ ဟိုဘက်ကို ဆွဲထားတဲ့ဟာမျိုးဖြစ်နေတဲ့ခါကျတော့ ဘယ်အချိန်မှာများ အမေရိကန်အနေနဲ့ ဒါကို သူရဲ့ National Security Threat အဖြစ်စဉ်းစားလာမလဲဆိုတာ ကျွန်တော်က စောင့်နေတာပါ။ အခုလိုမျိုး ထရမ့်ကပြောကြားလာတဲ့အပေါ် ကျွန်တော်တို့က ထရမ့်အမြင်ပေါ်မှာ ဝမ်းပန်းတသာ ကြိုဆိုတဲ့အကြောင်းပြောချင်ပါတယ်”

ဒီအတောအတွင်းမှာပဲ အမေရိကန်အစိုးရသစ်ရဲ့ နိုင်ငံတကာအကူအညီတွေ ဆိုင်းငံ့ဖို့ထုတ်ပြန်တဲ့အမိန့်ကြောင့် မြန်မာ့ဒီမိုရေစီရေး၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေအတွက် နောက်ထပ် သုံးနှစ်စာ လျာထားတဲ့ ဒေါ်လာ ၃၉ သန်းခွဲဟာ မသေချာတော့တဲ့အခြေအနေ ရောက်နေတယ်လို့ Human Rights Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါနဲ့ပတ်သက်လို့တော့ IEC အတွင်းရေးမှူး ကိုဗညားက အခုလိုရှုမြင်ပါတယ်။

“အခုလက်ရှိ ကြုံတွေ့နေရတဲ့ USAID နဲ့ ပတ်သက်ပြီးတော့မှ ဖြတ်တောက်တာတွေ တစ်ကန့်ဖြစ်မှာပေါ့နော်။ အခြားတစ်ကန့်မှာတော့ ခုနကပြောသလို ဒီမြန်မာနိုင်ငံရေးကိုတော့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုအောက်မှာ အတတ်နိုင်ဆုံး ပြန်ပြီးဟန့်တားနိုင်ဖို့အတွက်ကတော့ တစ်စုံတစ်ရာကတော့ အရင်အစိုးရ ထက် ပိုလုပ်လိမ့်မယ်ဆိုတာကတော့ အကြမ်းဖျင်းကတော့ သုံးသပ်ထားတာရှိပါတယ်”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။