ဆည်တွေမှာ ရေပိုစုတာကြောင့် ရေကြီးမှုဒဏ် ပိုခံရတာဖြစ်ကြောင်း NUG ထောက်ပြ
2024.09.17
ရာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း သုံးရက်ကြာ မိုးကြီးခဲ့ပြီး ဆည်တချို့ရဲ့ ရေပိုလွှဲတွေကနေ ရေကျော်လို့ ဒေသခံထောင်နဲ့ချီ သေဆုံး၊ ပျောက်ဆုံးခဲ့ရသလို လူဦးရေ ခုနစ်သိန်းလောက် ရေဘေးကြုံခဲ့ရ တယ်လို့ NUG နဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ စက်တင်ဘာ ၁၇ ရက်ထုတ် ပူးတွဲထုတ်ပြန်ချက်မှာ ပြောထား ပါတယ်။
စစ်ကောင်စီဟာ လျှပ်စစ်ဓါတ်အားသုံးဆည်တွေမှာ ရေတွေကို လိုအပ်တာထက်ပိုထားပြီး ထုတ်မသုံးခဲ့ဘဲ မိုးများတဲ့အခါ အဲ့ဒီဆည်တွေကနေ ရေလျှံပြီး မလိုလားအပ်ဘဲ ရေကြီးတာတွေပို ဖြစ်ခဲ့တာလို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်း က RFA ကိုပြောပါတယ်။
“အချိန်မှီလျော့သင့်တဲ့ရေကို မလျှော့လို့။ ရေတွေကို လိုတာထပ်ပိုပြီး စုလို့ မထင်မှတ်တဲ့ သဘာဝဘေး အန္တရာယ်ဖြစ်တဲ့အချိန်မှာ ရေက ရုတ်တရက်ဝင်လာတဲ့အချိန်မှာ ထင်တာထပ်ပိုများပြီးလျောထွက်ကုန်တယ်။ NLD ခေတ်က လျှပ်စစ်ဌာနကဆိုရင် ရေများလာပြီလို့ထင်တဲ့အခါ ရေကို လျှပ်စစ်ထုတ်လိုက်တယ်။ ပုံမှန်အတိုင်း တောက်လျှောက်လွှတ်ပေးနေရင် အန္တရာယ်က နည်းတယ်။ အခုလိုမျိုးညကြီးသန်ခေါင်း အိမ်ပေါ်ကို ရေရောက်လာတာမျိုးမဖြစ်ဘူး။ အမြဲတမ်းတွက်ချက် စဉ်းစားနိုင်တဲ့သူက စကစ အောက်မှာ မရှိဘူး။ ဒီလိုပဲ မြင်ပါတယ်”
NUG က ရရှိထားတဲ့ အချက်အလက်တွေအရ နေပြည်တော်က ပေါင်းလောင်းဆည်၊ မန္တလေးတိုင်း မြစ်သားမြို့နယ်က ကင်းတားရေလှောင်တမံ၊ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က သောက်ရေခပ်ဆည်တွေ ရေကျော်ခဲ့ပြီး နေပြည်တော်က ကင်းသာရေတံခါး ကျိုးကျခဲ့တယ်လို့ ဝန်ကြီး ဦးစိုးသူရထွန်းက ပြောပါတယ်။
ဆည်ရေကျော်ခဲ့တဲ့ ကင်းတားရေလှောင်တမံရှိရာ မြစ်သားမြို့နယ် ဒေသခံတစ်ယောက်က “ဆည်တွေကနေ ရေမလွှဲခင် ရေကျော်ကျတာကိုက တော်တော်များတာ။ မိုးကလည်း ဆက်တိုက်ရွာတာဆိုတော့။ မိုးများပြီး ဆည်တွေရေကျော်မယ်ဆိုတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး ကြိုမသိခဲ့ရဘူး။ အခု အရှေ့ခြမ်းရွာတွေမှာ ရေက ခါးလောက်ရှိသေးတယ်။ အဲ့လောက်ကြီးလည်း ရေမတိုးဘူး တော့ လူတွေရဲ့ ပေါ့ဆမှုလည်း ပါတာပေါ့” လို့ ပြောပါတယ်။
ရာဂီမုန်တိုင်းနဲ့အတူ မိုးများပြီး ရေလျှံခဲ့တဲ့ မန္တလေးတိုင်း မြစ်သားမြို့နယ်က ကင်းတားရေလှောင်တမံကို ၁၉၈၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာကြောင့် သက်တမ်း ၄၀ နီးပါးကြာတဲ့ တမံတစ်ခုပါ။ ဆည်အမြင့် ၂၃၆ ပေ၊ အလျား ၂၀၃၄ ပေရှိပါတယ်။ နှစ်လေးဆယ်အတွင်း ရေကျော်ခဲ့တာ အခုအကြိမ်နဲ့ဆို နှစ်ကြိမ်ခန့်ရှိတယ်လို့ ဝန်ကြီး ဦးစိုးသူရထွန်း ကပြောပါတယ်။
စစ်ကောင်စီက စက်တင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်တဲ့ သတင်းတစ်ခုမှာ ဆည်တွေ ရေလျှံပြီးဖောက်ချရင် ဒေသခံတွေကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပြီးမှ လုပ်ဆောင်ရပြီး ဆည်မြောင်းဦးစီးဌာနအနေနဲ့ ကိုယ့်သဘောနဲ့ ကိုယ်လုပ်လို့ မရဘူးလို့ ဆိုပါတယ်။ ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်က ဘော်ဘင်ရေလောင်တမံ ရေဖောက်ချလို့ ရေကြီးနစ်မြုပ်ခဲ့တယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ဘူးလို့ စစ်ကောင်စီက တုံ့ပြန်ထားတာပါ။
လျှပ်စစ်မထုတ်ဘဲ ဆည်တွေမှာ လိုတာထပ်ရေပိုလှောင်ထားလို့ အခုလိုရေကြီးနစ်မြုပ်မှုတွေ ပိုဖြစ်တာလို့ ထောက်ပြချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကို ရဖို့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့တာဝန်ခံ စိုင်းခေးဆိုင်က ထပ်လာနိုင်တဲ့ မုန်တိုင်းနောက်ဆက်တွဲကြောင့် သက်တမ်းရင့်ဆည်တွေ ကျိုးမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။
“ခန့်မှန်းထားတာတော့ ထပ်ရွာမယ်။ နောက်တစ်လုံးထပ်လာမယ်။ မိုးလည်းတော်တော်ပြင်းမယ် ဆိုတဲ့ဟာကလည်း ရှိတယ်။ တချို့ရေလှောင်တမံတွေက လုပ်ထားတာကြာပြီ။ တချို့ရေကာတာတွေက ရေလွှတ်ချရမယ့်အချိန်တောင်သိပ်ရမှာမဟုတ်ဘူး။ သူရဲ့အရှိန်နဲ့ကျိုးသွားတာတွေ့ရတယ်။ ထပ်မကျိုးပါစေနဲ့လို့ ကျွန်တော်တို့ မျှော်လင့်ရတာပေါ့ဗျာ။ မိုးဗြဲဆည်တို့ဘာတို့က ကြာနေပြီ။ အဲ့ဆည်တွေ ပျက်ရင် သိပ်မလွယ်ဘူး”
ဆက်နွှယ်သောသတင်းများ
မုန်တိုင်းကြောင့်သေဆုံးသူ မြန်မာက ဒုတိယဖြစ်ပြီး ပျောက်ဆုံးသူ အများဆုံးဖြစ်နေ
အင်းလေးမှာ ရွာပေါင်း ၁၇၀ ကျော် ရေမြုပ်ပြီး လူနှစ်သောင်းကျော် အရေးပေါ် အကူအညီလိုနေ
ရမည်းသင်းမှာ ရေကြီးမြေပြိုမှုတွေကြောင့် လူငါးဆယ်ခန့် သေဆုံး၊ ရာနဲ့ချီ ပျောက်ဆုံးနေ
တဖက်မှာလည်း အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာကြောင့် သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ မရခဲ့ဘဲ ရာဂီမုန်တိုင်းဘေးမှာ မြန်မာပြည်ဟာ ထိခိုက်ဆုံးရှုံးမှုတွေ ပိုများခဲ့ရတာလို့ ဒေသခံတွေကပြောပါတယ်။
ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ စည်းရုံးရေးမှူး ခွန်ဦးက “အာဏာပိုင်တွေက အဓိက တာဝန်ရှိတာပေါ့လေ။ သတင်းတွေကို ထိန်းချုပ်နေတဲ့ အင်တာနက်၊ ဖုန်းလိုင်းတွေကို ထိန်းချုပ်နေတဲ့ စစ်ကောင်စီက အဓိက တာဝန်ရှိတယ်။ တာဝန်ခံရမယ်လို့ထင်တယ်။ ကြိုပြီးသိတယ်ဆိုရင် အနည်းဆုံး ရှောင်ကြပြုကြမယ်ဆိုရင် ပြင်ဆင်ထားလို့ရတယ်။ သဘာဝဘေးက နည်းနည်း လူလုပ်တဲ့ဘေးက ပိုများနေတယ်လို့ ပြောရမယ်” လို့ပြောပါတယ်။
RFA က စက်တင်ဘာလ ၁၇ ရက်အထိ ပြုစုထားတဲ့စာရင်းအရ ရာဂီမုန်တိုင်းကြောင့် တိုင်းနဲ့ပြည်နယ်ခြောက်ခုက မြို့နယ် ၁၅ ခုမှာ ရေကြီး၊ မြေပြိုပြီး လူပေါင်း၂၆၆ ဦး သေဆုံးခဲ့သလို နှစ်ရာထက်မနည်း ပျောက်ဆုံးနေပါတယ်။ မြေပြင်မှာ ဒီအရေအတွက်ထက် များနိုင်ပါတယ်။