ရမည်းသင်းမှာ ရေကြီးမြေပြိုမှုတွေကြောင့် လူငါးဆယ်ခန့် သေဆုံး၊ ရာနဲ့ချီ ပျောက်ဆုံးနေ

RFA Burmese
2024.09.14
ရမည်းသင်းမှာ ရေကြီးမြေပြိုမှုတွေကြောင့် လူငါးဆယ်ခန့် သေဆုံး၊ ရာနဲ့ချီ ပျောက်ဆုံးနေ ရမည်းသင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမြေပြိုမှုကြောင့် ပျက်စီးသွားသည့် သပြေပင်ရွာမှ အိမ်များကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

မန္တလေးတိုင်း ရမည်းသင်းမြို့နယ် အရှေ့ဘက်ခြမ်းက တောင်ပေါ်ရွာတွေနဲ့ မိုးထိမိုးမိ ရွှေလုပ်ကွက်အနီးတစ်၀ိုက်က ရွာတွေမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် ရုပ်အလောင်း ရှာတွေ့ထားတဲ့ သေဆုံးသူ ငါးဆယ်ခန့် ရှိနေပြီး ရေစီးနဲ့ မျောပါပျောက်ဆုံးနေသူတွေက လူနှစ်ရာခန့် ရှိနေတယ်လို့ ဒေသခံတွေက စက်တင်ဘာ ၁၄ ရက် ဒီနေ့မှာ ပြောပါတယ်။

တောင်ပေါ်ရွာတွေက မျောလာတဲ့ ရုပ်အလောင်းတွေကို တောင်အောက်ဘက် မြင်းနားရွာက ဒေသခံတွေက ဒီနေ့မနက်အထိ ဆယ်ယူရရှိတဲ့ ရုပ်အလောင်း နှစ်ဆယ်ခန့်ကို သင်္ဂြိုဟ်ပြီးသွားပြီလို့ ဆိုပါတယ်။

“ဘေးနားက လယ်ကွက်တွေထဲမှာ အလောင်းတွေကလည်း မဖော်ရသေးဘူး။ အထက်ကလည်း မနိုင်တော့ သူ့အကွက်၊ ကိုယ့်အကွက်တွေထဲမှာ မီးတွေရှို့ပြီး သင်္ဂြိုဟ်နေရတယ်"

ဒီ့အပြင် သပြေပင်ရွာမှာ သင်္ဂြိုဟ်ပြီးစီးတဲ့ ရုပ်အလောင်း ကိုးခု၊ ငါးတဲစုရွာကကနေ မျောသွားပြီး ဆယ်ယူရရှိတဲ့ ရုပ်အလောင်း ၁၅ ခုခန့်နဲ့ မီးသတ်ဌာနက ဆယ်ယူရရှိတဲ့ ရုပ်လောင်း ခုနစ်ခုလည်း ရှိနေတာကြောင့် သေဆုံးသူက ငါးဆယ်ခန့် ရှိလာတာပါ။

တောင်ပေါ်ရွာတွေက မျောလာတဲ့အလောင်းတွေဟာ မြေပြန့်ရွာတွေဖြစ်တဲ့ မြင်းနားနဲ့ တောင်တဲကုန်းရွာတွေမှာရှိတဲ့ လယ်ကွက်တွေထဲမှာ လာစုနေတယ်လို့ မြင်းနားဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဘေးနားက လယ်ကွက်တွေထဲမှာ အလောင်းတွေကလည်း မဖော်ရသေးဘူး။ အထက်ကလည်း မနိုင်တော့ သူ့အကွက်၊ ကိုယ့်အကွက်တွေထဲမှာ မီးတွေရှို့ပြီး သင်္ဂြိုဟ်နေရတယ်။ အထက်တောင်ပေါ်က ရွာပေါင်းများစွာ ဆိုတော့ နှစ်ရာတော့ ကျော်မယ်ထင်တယ်။ လယ်ကွင်းတွေမှာ စုနေတာ။ ဒီမှာတင်မဟုတ်ဘူး။ တောင်တဲကုန်း ဒီနားကရွာတွေရော အနောက်သိမ်ကုန်းဘက်တွေမှာ သွားပြီးစုနေတာ။ အများကြီးပဲ။ ရမည်းသင်းအပေါ်ပိုင်း တစ်ကြောလုံးပဲ။ လယ်ကွက်တွေထဲမှာ ဖွေးနေတာပဲ။ အလောင်းတွေ။ ဒိုက်တွေကြားထဲလည်း အလောင်းတွေ ရှိသေးတယ်။ ပုတ်စော်တွေနံပြီး မရှာရသေးဘူး”

လယ်ကွင်းတွေထဲ မကောက်ယူရသေးတဲ့ အလောင်းတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။

ရမည်းသင်းတွင် မိုးသည်းထန်ပြီး ရေစီးနှင့်အတူ မျောပါလာသူများအား မြို့နယ် မီးသတ်အဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်နေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar Fire Services Department)
ရမည်းသင်းတွင် မိုးသည်းထန်ပြီး ရေစီးနှင့်အတူ မျောပါလာသူများအား မြို့နယ် မီးသတ်အဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်နေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar Fire Services Department)

အိမ်ခြေခြောက်ရာကျော်ရှိတဲ့ သပြေပင်ရွာမှာဆိုရင် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကလွဲပြီး တောင်ကျချောင်းရေစီးနဲ့ လူရော၊ နေအိမ်တွေပါ မျောပါသွားတယ်လို့ သပြေပင် ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ပျောက်ဆုံးနေတဲ့ သပြေပင်ရွာခံ လူလေးဆယ်ခန့် ရှိနေတယ်လို့လည်း ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

နိုင်ငံတစ်ဝန်းမှာ ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၁၆၀ ထက်မနည်းရှိလာ

ကလောမြို့ ရေကြီးနစ်မြုပ်မှု သေဆုံးသူတစ်ရာခန့် ရှိလာ

ကရင်နီပြည်မှာ ရေကြီးမြေပြိုမှုကြောင့် လူ နှစ်ဆယ်ကျော် သေဆုံး


သပြေပင်ရွာမှာ စက်တင်ဘာ ၁၀ ရက်နေ့က မိုးသည်းထန်ပြီး မြေပြိုတာကြောင့် တစ်မိသားစုတည်းက လူခုနစ်ဦး သေဆုံးခဲ့ပြီး ရေကျသွားမှ အလောင်းတွေကို ပြန်ဖော်သင်္ဂြိုဟ်ပေးနိုင်ခဲ့တယ်လို့ အသက်ရှင်ကျန်ရစ်တဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့က ရေလာတော့ တောင်ခြေမှာ သွားနေတာ။ အပေါ်က တောင်ကပြိုပြီး သူတို့ကိုပိသွားတယ်။ အမေလုပ်သူက ကလေးကို ချီလျက်လေး။ တချို့ကလေးကလည်း မှောက်လျက်လေး။ ရေကျမှ ပြန်တူးဖော်ရတာ။ ခုနစ်ဦး ပါသွားတယ်။ ယောက်ျားလေး ကလေးနှစ်ယောက်၊ မိန်းကလေး ကလေးနှစ်ယောက်၊ လူကြီး သုံးယောက် စုစုပေါင်း ခုနစ်ယောက်”

မိုးထိမိုးမိရွှေတူးဖော်ရေး လုပ်ကွက်အတွင်းမှာလည်း ရွှေလုပ်သားတွေ ရေးစီးနဲ့ မျောပါပျောက်ဆုံးနေတာတွေလည်း ရှိနေပြီး အရေအတွက်ကိုတော့ အတိအကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရေကြီးပြီး မြေပြိုတာတွေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေခက်ခဲနေသလို အင်တိုင်း၊ ကင်းရွာ၊ ချောင်းဖျား စတဲ့ ဝေးလံခေါင်သီတဲ့ရွာတွေနဲ့လည်း အဆက်အသွယ်တွေ ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

မိုးထိမိုးမိ ရွှေလုပ်ကွက်ကိုသွားတဲ့ လမ်းဘေးမှာရှိတဲ့ ငါးတဲစုရွာဘက်မှာလည်း လမ်းတွေပိတ်နေပြီး ကယ်ဆယ်ရေးအဖွဲ့တွေ မရောက်နိုင်တာကြောင့် ရေဘေးသင့်သူတွေ အခက်အခဲဖြစ်နေတယ်လို့ ငါးတဲစု ရွာခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အုန်းပင်မှာ တင်တာတွေတော့ အလောင်းတွေက အပုံလိုက်ကြီးပဲ။ အိမ်ကတော့ တစ်အိမ်မှမရှိတော့ဘူး။ ဘုန်းကြီးကျောင်းတောင်မှ ကုန်းပေါ်လေးမို့လို့ကျန်ခဲ့တာ။ ရေက တံမြက်စည်းလှည်းသလို သိမ်းချသွားတာ အကုန်လုံး အခုဘယ်လိုနေနေရလဲဆိုတော့ ကျွန်မတို့မှာ လမ်းဆက်သွယ်ရေးက ပိတ်ကုန်တော့ ဖြတ်သွားဖြတ်လာတွေကလည်း လုပ်လို့မရဘူး တောင်တွေပြို၊ လူကဆင်းပြီဆိုရင် ရေတွေက လာလိုက်ရင်းနဲ့ ကြောက်တော့ ရှိတာလေး တစ်ဆုပ်ရှိရှိ၊ နှစ်ဆုပ်ရှိရှိ အဲဒါလေးနဲ့ စားသောက်နေရတယ်။ ဒုက္ခတွေလည်း တော်တော်များနေပါတယ်”

မိုးထိမိုးမိ ရွှေလုပ်ကွက်ကို သွားမဲ့ ရိက္ခာအပြည့်တင်ထားတဲ့ ကားတွေအပါအဝင် ကားအစီးနှစ်ဆယ်ခန့်လည်း ရေစီးနဲ့ မျောပါသွားတယ်လို့ သူက ပြောပါတယ်။

ရမည်းသင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမြေပြိုမှုကြောင့် ပျက်စီးသွားသည့် သပြေပင်ရွာမှ အိမ်များကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)
ရမည်းသင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမြေပြိုမှုကြောင့် ပျက်စီးသွားသည့် သပြေပင်ရွာမှ အိမ်များကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)

ရေဘေးဒုက္ခသည်တွေအထဲ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား ရသူတွေရှိတာကြောင့် ဆေး၀ါးလိုအပ်မှုတွေ ရှိနေတဲ့အပြင် သောက်ရေနဲ့ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

လက်ရှိမှာ ပျောက်ဆုံးနေသူတွေလည်း အများအပြားရှိနေတာကြောင့် သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။ စစ်ကောင်စီကတော့ နိုင်ငံတစ်ဝန်းမှာ ရေဘေးကြောင့် သေဆုံးသူ ၃၃ ဦးသာရှိတယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုကြောင့် မြို့နယ်ပေါင်း ၃၄ မြို့နယ်က အိမ်ထောင်စု ခြောက်သောင်းနီးပါး (၅၉,၄၁၃) နဲ့ လူဦးရေ နှစ်သိန်းလေးသောင်းနီးပါး (၂၃၆,၆၄၉) ကို ကူညီကယ်ဆယ်ရေးစခန်း ၁၈၇ ခုကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။