ပဲစျေးကောင်းပေမယ့် စိုက်စရိတ်ကြီးလို့ တောင်သူတွေ အကျိုးအမြတ်နည်းနေ

RFA Burmese
2024.02.21
ပဲစျေးကောင်းပေမယ့် စိုက်စရိတ်ကြီးလို့ တောင်သူတွေ အကျိုးအမြတ်နည်းနေ ဟင်္သာတမြို့နယ် အင်းဇရပ်ကျေးရွာ ပဲစိုက်ခင်းတွင် ပိုးသတ်ဆေးဖျန်းနေသည့် တောင်သူတစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ပဲတီစိမ်းနဲ့ မတ်ပဲကို ဒီနှစ်မှာ အိန္ဒိယနိုင်ငံက ဝယ်လိုအား များလာတာကြောင့် ပဲတီစိမ်း တစ်တင်းကို အရင်နှစ်ကထက် ကျပ် နှစ်သောင်းခွဲ၊ မတ်ပဲတစ်တင်းကိုလည်း ကျပ် သုံးသောင်းလောက် မြင့်တက်သွားတယ်လို့ ဟင်္သာတမြို့နယ်က ပဲစိုက်တောင်သူတွေက ပြောပါတယ်။

ဒါပေမဲ့ ပဲစိုက်တုန်းက စိုက်ပျိုးစရိတ် နှစ်ဆလောက် မြင့်တက်ခဲ့တဲ့အတွက် အကျိုးအမြတ်ကို အပြည့်အဝ မခံစားရဘူးလို့ တောင်သူ ဦးနေဝင်းအောင်က ပြောပါတယ်။

“အရင်နှစ်က အခြေအနေနဲ့ ပြန်တွက်မယ်ဆိုရင်တော့ စျေးကတော့ တက်တာ မှန်တယ်။ ဒါပေမဲ့ ပြန်ပြီးတော့ ရာသီရဲ့ ကုန်ပစ္စည်းနဲ့ကျတော့လည်း မထူးဘူးပေါ့။ အရင်နှစ်က ပိုးသတ်ဆေး တစ်ဘူးကို အခုဘာခေါ်မလဲ။ ဒဘလယ်တို့၊ ငှက်ကြီးတောင်တို့ ဒါတွေက ဟိုနှစ်က ခုနစ်သောင်းကျော်ကျော်၊ ရှစ်သောင်း မေးချိတ်လောက်။ ဒီနှစ်က တစ်သိန်း မေးချိတ်လောက် ဝယ်ဖျန်းနေရတယ်”

မိသားစု ခုနစ်ယောက်ရှိတဲ့ ဦးနေဝင်းအောင်ဟာ မိုးရာသီမှာ စပါးစိုက်ပြီး စပါးရိတ်သိမ်းပြီးတဲ့အခါ မတ်ပဲ စိုက်ပျိုးပါတယ်။

“ကုန်ကျစရိတ်တွေ တက်ခဲ့လို့ အကျိုးအမြတ် ကောင်းကောင်းမရခဲ့ဘူး”

သူ့လိုပဲ နောက်ထပ် တောင်သူတစ်ယောက်ဖြစ်တဲ့ ဟင်္သာတမြို့နယ်၊ သင်္ဃန်းကွင်းရွာက ဒေါ်ယဉ်ဌေးက ပဲတီစိမ်း စိုက်ထားပါတယ်။ မတ်ပဲလိုပဲ ပဲတီစိမ်း တစ်တင်းကို အရင်နှစ်က ကျပ်ငါးသောင်းဖြစ်ခဲ့ပေမယ့် အခုနှစ်မှာ ခုနစ်သောင်းခွဲနဲ့ ရောင်းရတယ်လို့ပြောပါတယ်။

ဒါပေမဲ့ ကုန်ကျစရိတ်တွေ တက်ခဲ့လို့ အကျိုးအမြတ် ကောင်းကောင်းမရခဲ့ဘူးလို့ ပြောပြပါတယ်။

“ရလည်း ရတယ်။ ကုန်လည်း ကုန်တယ်ပေါ့။ ဝယ်ရတဲ့ ကုန်စျေးနှုန်းတွေက ကြီးတာနဲ့ဆိုတော့လေ။ ပင်တော့ ပင်ပန်းတယ်ပေါ့။ ရတယ်။ ပင်ပန်းတယ်ပေါ့။ ဘာထူးမလဲ လုပ်အားခနဲ့ ကိုယ်နဲ့မျှစားသလို ဖြစ်နေတာပေါ့။ အလုပ်သမားနဲ့ ဆေးဖိုးတွေနဲ့ မျိုးစေ့နဲ့ ဘာထူးမလဲ”

ဟင်္သာတမြို့နယ်၊ အင်းဇရပ်ရွာက ဦးမြင့်လှိုင်ကတော့ အခုနှစ်မှာ မတ်ပဲ ကိုးဧက စိုက်ထားပါတယ်။ အရင်နှစ်က မတ်ပဲတစ်တင်းကို ခြောက်သောင်းလောက်နဲ့ ရောင်းခဲ့ရပြီး ဒီနှစ်မှာ တစ်သိန်းဝန်းကျင်အထိ ပေါက်စျေးရှိနေပါတယ်။

ဒါပေမဲ့ သူလည်း တခြားတောင်သူတွေလို ကြုံတွေ့ရတဲ့အကြောင်း ပြောပြပါတယ်။

“ဆေးစျေးတွေကလည်း ဒီခေတ်အနေအထားနဲ့ မြင့်တယ်လေ။ ပိုးသတ်ဆေး တစ်ပုလင်းကို သုံးသောင်းအောက်မှ မရှိတာပဲဟာကြီးကို။ ပိုးသတ်ဆေးကလည်း တစ်မျိုးတည်း ဖျန်းလို့မရဘူး။ နှစ်မျိုးလောက် တွဲဖျန်းနေရတယ်။ ဆေးအားတွေက ပျော့တယ်။ မိရိုးဖလာမို့သာ လုပ်ကိုင်နေရတာ။ တကယ်တမ်းတော့လည်း ပြန်ပြီး ရင်းနှီးမြှုပ်နှံရတဲ့ဟာနဲ့ ယှဉ်လိုက်တဲ့အခါကျတော့ လည်တဲ့သူကတော့ နည်းပါတယ်”

အိန္ဒိယနိုင်ငံမှာ ပဲစိုက်ခင်းတွေ ပျက်စီးသွားတဲ့အတွက်ကြောင့် မတ်ပဲနဲ့ ပဲတီစိမ်း ဝယ်လိုအား များနေသလို ဂျပန်နိုင်ငံကလည်း ပဲတီစိမ်းအနီတွေကို ဝယ်လိုအား များနေတယ်လို့ ဟင်္သာတမြို့က ပဲအဝယ်ဒိုင်တစ်ခုက ပြောပါတယ်။

ဟင်္သာတမြို့  ပဲပွဲရုံတစ်ခုတွင် ပဲဝယ်နေကြသူများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)
ဟင်္သာတမြို့ ပဲပွဲရုံတစ်ခုတွင် ပဲဝယ်နေကြသူများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)

ဇန်နဝါရီ ၂၄ ရက်နေ့ကစပြီး တစ်ပတ်အတွင်း ပဲအားလုံးစျေးတက်ခဲ့လို့ ပဲတီစိမ်းတစ်တင်းကို ခုနစ်သောင်း ခုနစ်ထောင်၊ မတ်ပဲတစ်တင်းကို ကိုးသောင်း ရှစ်ထောင်နီးပါး (ကျပ် ၉၇,၅၀၀) အထိ ရှိတယ်လို့ အဲဒီပွဲရုံပိုင်ရှင်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ စပါးပြီးရင် ပဲအမျိုးမျိုးကို ဒုတိယ အများဆုံးစိုက်ပျိုးကြပါတယ်။

ပြည်ပကို ပဲမျိုးစုံ တင်ပို့မှုဟာ ၂၀၂၂ -၂၃ ဘဏ္ဍာနှစ်မှာ တန်ချိန် တစ် ဒသမ ကိုးသန်းကျော်တင်ပို့ခဲ့လို့ အမေရိကန်ဒေါ်လာ တစ် ဒသမ လေး ဘီလီယံကျော်ရခဲ့ပြီး၊ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာတော့ ပဲတန်ချိန် ခုနစ်သိန်းကျော် တင်ပို့ခဲ့လို့ အမေရိကန်ဒေါ်လာ ၅၈၆ သန်းကျော် ရခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။