ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ငွေတောင်းမှုတွေကြောင့် အခြေခံလူတန်းစားတွေ ဝန်ပိ

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၃၃ အရ ဧည့်စာရင်းတိုင်ကြားမှုအတွက် ငွေကြေးတောင်းခံခွင့် မရှိ။

ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာ အိမ်ရှင်အိမ်ငှားစာချုပ်ချုပ်တာ၊ ခရီးသွားဖို့နဲ့ အလုပ်အတွက် ထောက်ခံစာ၊ ဧည့်စာရင်းတိုင်တာနဲ့ စစ်မှုထမ်းကြေးအထိ အကြောင်းအမျိုးမျိုးနဲ့ ငွေပေးနေရပြီး၊ အထူးသဖြင့် ဝင်ငွေနည်းတဲ့ လက်လုပ်လက်စားတွေအတွက် အကြွေးထပ်တင်ရတဲ့အထိ ဖြစ်လာတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရသူတွေက RFA ကို ပြောပါတယ်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၃၃ အရ ဧည့်စာရင်းတိုင်ကြားမှုအတွက် ငွေကြေးတောင်းခံခွင့် မရှိပါဘူး။

ဒါပေမဲ့ RFA က ဆက်သွယ်မေးမြန်းခဲ့သူတွေကတော့ ထောက်ခံစာတစ်စောင်အတွက် ကျပ်တစ်ထောင်ကျော်ကနေ သောင်းဂဏန်းအထိ ပေးနေရပြီး၊ အိမ်ရှင်အိမ်ငှားနဲ့ အိမ်ခြံမြေအရောင်းအဝယ်ကိစ္စတွေမှာလည်း ငွေကြေးတောင်းခံမှုတွေ ရှိနေတယ်လို့ ပြောကြပါတယ်။

ရန်ကုန်မြို့က အိမ်ခြံမြေအကျိုးဆောင်တွေနဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးက အိမ်ရှင်အိမ်ငှား၊ ဧည့်စာရင်းနဲ့ စာရွက်စာတမ်းဆိုင်ရာ ကိစ္စတွေမှာ ငွေပေးနေရတာတွေရှိတယ်လို့ ပြောပါတယ်။

“အရောင်းအဝယ်ဖြစ်ရင် အရောင်းဘက်ကရော အဝယ်ဘက်ကရော တောင်းတယ်။ အိမ်ရှင်၊ အိမ်ငှားဆိုရင်လည်း ကြေးညှိပြီးတောင်းတယ်။ ထောက်ခံစာဆိုရင် တစ်စောင်ကို ၁,၀၀၀၊ ၁,၅၀၀ ပေးရတယ်။ ဧည့်စာရင်း ရက်ကျော်ရင်လည်း ဓာတ်ဆီတစ်ဗူးပေးရတာ၊ ပိုက်ဆံ သုံးထောင်၊ ငါးထောင်ပေးရတာတွေရှိတယ်။ တော်တော်တော့ ကျပ်တည်းလာတယ်။ အရင်နဲ့ ဘာမှမဆိုင်ဘူး”

မန္တလေးမြို့မှာလည်း အလားတူအခြေအနေတွေ ကြုံနေရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ဧည့်စာရင်းပေးတဲ့ကိစ္စတို့၊ အိမ်ရှင်အိမ်ငှားစာချုပ်တို့မှာ အမျိုးမျိုး သူတို့ရနေတာ။ အခုသူတို့ ဘယ်လောက်ထိချမ်းသာတယ်ပြောရမယ်ဆိုရင် တိုက်တွေ၊ ကားတွေနဲ့ ငွေရေးကြေးရေးကစ အကုန်ပြည့်စုံပြီးမှ တော်တော်ကြီးကို ရပ်ကွက်မှာ ဂုတ်သွေးစုပ်နေတဲ့သူတွေလို့ ပြောလို့ရတယ်”

ဧရာဝတီတိုင်းဘက်မှာတော့ ထောက်ခံစာနဲ့ ဧည့်စာရင်းကိစ္စတွေအပြင် “စစ်မှုထမ်းကြေး” ဆိုပြီး လစဉ်ကောက်ခံတာတွေ ပိုတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောင်းမြမြို့နယ် ဒေသခံတစ်ဦးက သူတို့ဒေသမှာ စစ်မှုထမ်းကြေးဆိုပြီး လူတစ်ဦးကို လတိုင်း ကျပ် ခုနစ်သောင်းဝန်းကျင် တောင်းနေတာကြောင့် အကြွေးယူပေးနေရတယ်လို့ ပြောပါတယ်။

“တစ်ယောက်ကို ခုနစ်သောင်းလောက် တစ်လတစ်ခါ အမြဲကောက်နေတာ၊ လုပ်အားခက အမြင့်ဆုံး တစ်သောင်းခွဲပဲရှိတဲ့အခါ ခုနစ်သောင်းကို အကြွေးယူပြီး ထည့်ရတယ်”

“စစ်မှုထမ်းကြေး” ဆိုပြီး ငွေကောက်ခံနေတာ မြောင်းမြတစ်နေရာတည်းမှာတော့ မဟုတ်ပါဘူး။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီအပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက လစဉ် ငွေကြေးကောက်ခံနေတာပါ။

စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းမှာ ငွေကြေးတောင်းခံတာအပါအဝင် မမှန်မကန်ဆောင်ရွက်တာတွေ ရှိနေတယ်လို့ သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဘက်ကလည်း အရင်က ဝန်ခံထားပါတယ်။

ရပ်ကွက်နဲ့ ကျေးရွာအဆင့် အုပ်ချုပ်ရေးအဖွဲ့တွေက အကြောင်းပြချက်အမျိုးမျိုးနဲ့ ငွေကြေးတောင်းခံနေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ RFA က စစ်တပ်ခန့်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

ဒီလို အောက်ခြေအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အကြောင်းအမျိုးမျိုးပြ ငွေတောင်းနေတဲ့ကိစ္စဟာ ရှမ်းပြည်နယ်တွင်းမှာလည်း ကြုံနေရတဲ့အကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က စစ်တပ်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ ရှမ်းပြည်နယ်လွှတ်တော်မှာ ဩဂုတ်လ ဒုတိယအပတ်လောက်က တင်ပြခဲ့ရာမှာ စစ်တပ်ခန့် ရှမ်းပြည်နယ်အစိုးရ စီမံကိန်း၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်းက ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ ငွေကြေးကောက်ခံတာတွေ ဖော်ထုတ်စိစစ်တွေ့ရှိရင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပေဒနဲ့ ထိထိရောက်ရောက်အရေးယူမယ်လို့ ပြန်ဖြေခဲ့ပါတယ်။

စားဝတ်နေရေးအတွက် နေ့စဉ်ရုန်းကန်နေရတဲ့ ဝင်ငွေနည်းပြည်သူတွေအတွက် ဒီလို အပိုငွေကြေးတွေ ထပ်မံပေးဆောင်ရတာက ပိုပြီးဝန်ပိစေတယ်လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

“ဒီအတိုင်းသာ ဆက်သွားရင် လူတွေ တော်တော်လေး ဒုက္ခအများကြီး ကြုံနေရမှာ။ တစ်နေ့တစ်နေ့ ပြောရမယ့် စကားလုံးတောင် မရှိဘူး။ အဲဒီတော့ ခေတ်ပြောင်းဖို့ပဲ မြန်မြန်လိုတယ်လို့ ပြောချင်တာပေါ့”

ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၆ ဇွန်လထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် စီးပွားရေးဟာ နှစ် ရာခိုင်နှုန်းကျုံ့သွားပြီး ဧပြီလအတွင်း ငွေကြေးဖောင်းပွမှုက ၂၄ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့ပါတယ်။

ဒီလို စားဝတ်နေရေးဖိအားတွေ ကြီးထွားနေချိန်မှာ နေ့စဉ် လိုအပ်တဲ့ ထောက်ခံစာနဲ့ ဧည့်စာရင်းလို စာရွက်စာတမ်းကြေးတွေကနေ စစ်မှုထမ်းကြေးအထိ အပိုငွေပေးနေရတာတွေဟာ ဝင်ငွေနည်းပြည်သူတွေကို အကြွေးသံသရာထဲ ပိုနစ်မွန်းစေတယ်လို့ ကိုယ်တိုင်ကြုံနေရသူတွေက ပြောပါတယ်။