စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း နိုင်ငံတဝန်း တရားဥပဒေစိုးမိုးရေး ပိုပြီးအားနည်းလာသလို၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ နယ်စပ်မြို့ကြီးတွေမှာ မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလောင်းကစားဂိမ်းတွေ ပိုများလာ ပါတယ်။ အကျိုးဆက်အနေနဲ့ ခိုးဆိုးလုယက်သတ်ဖြတ်တာတွေဖြစ်လာတဲ့အတွက် လုံခြုံရေးစိုးရိမ်နေရတယ် လို့ မြို့ခံတွေက RFA ကိုပြောပါတယ်။
မန္တလေးမြို့မှာ ၂၀၂၃ ခုနှစ်ကစပြီး စလော့ဂိမ်းနဲ့ မူးယစ်ဆေးဝါးဟာ လူထုကြားကိုရောက်ရှိလာသလို ၂၀၂၄ ခုနှစ် ကစပြီး အွန်လိုင်းလောင်းကစားကို အကြီးအကျယ်ကစားလာကြပြီး၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲတာတွေလည်း ပိုများလာတယ်လို့ မြို့ခံတွေကပြောပါတယ်။ လက်ရှိအချိန်မှာ WY ဆေးတစ်ပြားကို ငွေကျပ်ငါးထောင်လောက်နဲ့ ရပ်ကွက်တိုင်းမှာ ဝယ်လို့ရနေတယ်လို့ ပြောပါတယ်။
အွန်လိုင်းဂိမ်းတွေ ကစားလာကြတာနဲ့အမျှ လုယက်သတ်ဖြတ်မှုတွေလည်း ပိုတွေ့လာရတယ်လို့ လုံခြုံရေး ကြောင့် အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက RFAကို ပြောပါတယ်။
“စလော့ဂိမ်းကတော့ မိန်းမ၊ ယောက်ကျားအကုန်ထိုင်ဆော့ကြတာ။ ဘာလို့လဲဆိုတော့ လွယ်လင့်တကူပေါ့ နော်။ ပြောမယ်ဆိုရင် ဒီဖုန်းနဲ့က ၂၄ နာရီကြိုက်တဲ့အချိန်ကို ဆော့လို့ရတဲ့ အနေအထားဖြစ်နေတယ်။ ပြီးတော့ အဲဒါက လူတွေက စွဲတာပေါ့နော်။ စွဲပြီးမှ မဆော့ရရင် မနေနိုင်တဲ့သူတွေကို မြင်ရတယ်။ ဒါကလည်း တကယ် တမ်းကျတော့ ပြည်တွင်းကျားဖြန့်ပေါ့”
လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဆွဲဆောင်မှုအပြည့်နဲ့ မက်လုံးပေးကြော်ညာနေတဲ့ စလော့ဂိမ်း၊ ငါးပစ်ဂိမ်းနဲ့ ကျွဲဂိမ်းစတဲ့ အွန်လိုင်းလောင်းကစားတွေရဲ့ နောက်ကွယ်ကလူတွေဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ပြီး ကျားဖြန့် ဆန်ဆန်လည်ပတ်လှုပ်ရှားနေတာလို့ မြို့ခံတွေက ပြောကြပါတယ်။ ဒီပြောဆိုချက်ကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ရန်ကုန်မြို့မှာလည်း ဒုစရိုက်မှုတွေကို စစ်တပ်လက်အောက်ခန့်ရဲတပ်ဖွဲ့က ထိထိရောက်ရောက်ဖမ်းဆီး အရေးယူတာမရှိလို့ ကိုယ့်လုံခြုံရေးကိုယ် ဂရုစိုက်နေရတယ်လို့ မြို့ခံတွေကပြောကြပါတယ်။ လက်ရှိကာလက ပြည်သူတွေအတွက်လုံခြုရေးကင်းမဲ့မှု အဆိုးဆုံးအခြေနေဖြစ်တယ်လို့ သက်ကြီးပိုင်း ရန်ကုန်မြို့ခံတစ်ယောက် က RFA ကို ပြောပါတယ်။
" အခုဒီခေတ်မှာက အဆိုးဆုံးက မူးယစ်ဆေးဝါးအမှု၊ ကျားဖြန့်အမှု နောက်ပြီးတော့ စလော့ဂိမ်းတွေ ဆော့နေ တဲ့ သူတွေက မသမာမှုတွေ နည်းလမ်းတွေနဲ့ဆောင်ရွက်တယ်။ ငွေရေးကြေးရေးပိုင်းမှာတော့ ဘယ်လိုမှ မရှာနိုင် တော့ ရှာလို့ရတဲ့ပုံစံနဲ့လိုက်ရှာပြီးတော့ မသမာမှုတွေ အများဆုံးလုပ်လာတဲ့ စနစ်ဆိုးတစ်ခုဖြစ်လာ တာပေါ့"
တရားဥပဒေယန္တယားကို နိုင်ငံရေးမှာပဲသုံးနေတဲ့အတွက် ဒုစရိုက်မှုတွေကိုကိုင်တွယ်ဖို့အားနည်းနေတာလို့ ဥပဒေပညာရှင် ဒေါက်တာဖိုးဖြူက သုံးသပ်ပါတယ်။
“ရာဇဝတ်မှုတွေ ဒုစရိုက်မှုတွေ ကျူးလွန်နေပါလျှက်နဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေ၊ အုပ်ချုပ်ရေးရည်ရွယ်ချက် ကိစ္စတွေအတွက်ပဲ တရားဥပဒေယန္တရားကိုအသုံးပြုတာတွေဟာ တကယ် ဒုစရိုက်မှုတွေကျူးလွန်တဲ့သူတွေကို အရေးယူနိုင်ဖို့အတွက်အားနည်းသွားတာ မျက်ကွယ်ပြုမိသွားတာမျိုးတွေကို အများ ပြည်သူလူထုက ကြုံတွေ့ရ နိုင်တယ်”
ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရ ပြောရေးဆိုခွင့်ရှိသူ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
အွန်လိုင်းဂိမ်းတွေနဲ့ မူးယစ်ဆေးဝါးသုံးတဲ့ ဆိုးကျိုးအနေနဲ့ သုံးစွဲသူတွေဟာ ငွေကြေးအကျပ်အတည်းတွေ ကြောင့် ဒုစရိုက်မှုတွေပိုကျူးလွန်လာကြတာလို့ မြ၀တီမြို့က လူငယ်တစ်ယောက်ကပြောပါ တယ်။
“ကျွန်တော့် မိတ်ဆွေတစ်ဦးကတော့ အွန်လိုင်းဂိမ်းဆော့ပြီး အကြွေးတွေတင်လို့ ကိုယ့်ကိုယ်ကို သတ်သေသွား တယ်။ ကား၊ ခြံ အကုန်ကုန်တာပဲ။ ပိုက်ဆံတွေကို အတိုးတွေနဲ့ဆွဲ ရာကြီးပိုင်းတွေလောင်း ရှုံးလိုက်နိုင်လိုက်နဲ့ နောက်ဆုံးတော့ သိန်းရာနဲ့ချီ ထောင်နဲ့ချီကုန်တာပဲ။ ဆိုတော့ အဲဒါက လူတွေက ‘အ’ လို့တော့ မဟုတ်ဘူး။ သူတို့ဘက်က မက်လုံးအမျိုးမျိုးပေးပြီး မြူဆွယ်တာ။ ပြီးမှ ရှိသမျှအကုန် အပြောင်သိမ်းတာ”
အာဏာသိမ်းပြီးနောက် စစ်တပ်က အွန်လိုင်းထိန်းချုပ်မှုတွေကို ပုံစံမျိုးစုံနဲ့ လုပ်ဆောင်နေပေမဲ့ အွန်လိုင်း စလော့ဂိမ်းတွေကိုတော့ ထိမ်းချုပ်တာမတွေ့ရဘူးလို့ ထောက်ပြကြပါတယ်။
