ရှစ်နှစ်သားကတည်းက မိသားစုကို ပံ့ပိုးနေရတဲ့ ကလေးအလုပ်သမား

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှာ ကလေးအလုပ်သမား သန်း ၁၆ဝ ရှိပြီး၊ ဒါဟာ ကလေး ၁ဝ ယောက်မှာ တစ်ယောက်နှုန်းဖြစ်တယ်လို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ( ILO) ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂ဝ၂ဝ ပြည့်နှစ်မှာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ( UNICEF) နဲ့ ILO က ထုတ်ပြန်ထားတဲ့ စာရင်းအရ အသက် ၅ နှစ်ကနေ ၁၇ နှစ်အကြား ကလေးအလုပ် သမား ၁.၁၃ သန်းရှိပြီး ဒါဟာ ကလေး ၁၁ ယောက်မှာ တစ်ယောက်နှုန်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအထဲက ခြောက်သိန်းကျော်ဟာ ဘေးအန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ် ကိုင်နေရတာလို့လည်း ဆိုပါတယ်။

"ပိုက်ဆံကအရေးကြီးနေတော့ ဘာဖြစ်လို့ပြန်လာတာလဲဆိုပြီး သတ်ချင်တဲ့စိတ်ပေါက် နေတယ်"

မြန်မာနိုင်ငံရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ လက်ရှိအလုပ်သမားဥပဒေအရ တရားဝင် အလုပ်လုပ်နိုင်တဲ့ အနိမ့်ဆုံး အသက်ကို ၁၄ နှစ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီအထဲမှာ အသက် ၈ နှစ်ကတည်းက မိသားစုကိုစွန့်ခွာခဲ့ရပြီး လက်ဖက်ရည်ဆိုင် ပေါင်းစုံပြောင်းပြီး အလုပ်လုပ်ခဲ့ရတဲ့ မောင်မိုးဒီလည်း ပါဝင်ပါတယ်။

အခုဆိုရင် မောင်မိုးဒီဟာ အသက် ၁၄ နှစ်ရှိပါပြီ။ လက်ဖက်ရည်ဆိုငစားပွဲထိုးအနေနဲ့ သူ့ရဲ့အလုပ်ချိန်ဟာ တစ်နေ့ကို ၁၂ နာရီရှိပြီး သူ့ရဲ့တစ်လစာလုပ်အားခကတော့ အမေရိကန်ဒေါ်လာ ၂၀ ဝန်းကျင်ဖြစ်တဲ့ မြန်မာငွေ လေးသောင်းကျပ် ဖြစ်ပါတယ်။

“ကျတော်တို့ မနက် ၇ နာရီကနေ ည ၇ နာရီအထိ အလုပ်လုပ်ရတယ်။ ကျတော်က အိပ်လို့မပျော်လို့ အစောကြီး ဆင်းလာတာ”

မောင်မိုးဒီဟာ အိမ်ကထွက်လာပြီး ၄ နှစ်ကြာမှ ဆိုင်ကိုလာနေကျ မိတ်ဆွေတစ်ယောက်ရဲ့ အကူအညီနဲ့ အိမ်ပြန်လည်ခွင့်ရခဲ့ပါတယ်။

“ကျတော်လည်း ပြန်ဖို့လို့ပြောထားတာ စားပွဲထိုးက မရှိဘူး၊ လုပ်ပေးပါဦး၊ လုပ်ပေး ပါဦးဆိုတာနဲ့ ကျနော်လည်း အားနာလို့ လုပ်ပေးနေရတာနဲ့ ကြာနေတာ။ အလည်ပြန်မှာ၊ အပြီးပြန်မှာတော့ မဟုတ်ဘူး။ သူက မပြန်နဲ့ဦး၊ လူလာမှပြန်တဲ့”

မောင်မိုးဒီဟာ ရွာမှာနေခဲ့တုန်းကလည်း ကျောင်းမတက်ခဲ့ရတဲ့အတွက် သေစာရှင်စာ လောက်ပဲ စာတတ်ပါတယ်။ အဲဒီသေစာရှင်စာနဲ့ လက်ဖက်ရည်ဆိုင် လက်ဖက်ရည်ဖိုး၊ အစားအသောက်ဖိုးတွေကို တွက်ချက်နေရတာပါ။

“ကျောင်းမနေခဲ့ရဘူး။ ကကြီးကခွေးတော့ နည်းနည်းပါးပါးတတ်တယ်။ ၁၊ ၂၊ ၃၊ ၄ လောက်တော့ ရပါတယ်”

ရန်ကုန်တိုင်း တွံတေးမြို့နယ်မှာရှိတဲ့ မောင်မိုးဒီရဲ့ဇာတိ အင်းလျားချောင်ရွာဟာ အိမ်မွေး တိရစ္ဆာန်မွေးတာနဲ့ အုတ်ဖုတ်တဲ့ လုပ်ငန်းလုပ်ကိုင်တဲ့ ရွာလေးဖြစ်ပါတယ်။ မောင်နှမ ခြောက်ယောက်ရှိတဲ့ မိသားစုမှာ အစ်ကိုအကြီးဆုံးအဖြစ် အလုပ်ထွက်လုပ်ပြီး မိသားစုကို ထောက်ပံ့နေရတဲ့ မောင်မိုးဒီရဲ့ ၄ နှစ်ကျော်ကာလအတွင်း ပထမဆုံး အိမ်အပြန် ခရီးကို သူ့ရဲ့ ညီ၊ ညီမလေးတွေက အားရဝမ်းသာ ကြိုဆိုကြပါတယ်။

မောင်မိုးဒီရဲ့အမေကတော့ သားဖြစ်သူကို ရန်ကုန်လွှတ်ပြီး အလုပ်လုပ်ခိုင်းလိုက်တာဟာ ကိုယ်မွေးထားတဲ့ သားသမီးကို ရောင်းစားလိုက်သလိုပါပဲလို့ ပြောပါတယ်။

“ဒီရွာက အဆက်အသွယ်နဲ့ပဲပေါ့။ ဒီကနေပြီးတော့ ကလေးလေးတွေကို ကောင်းကောင်း မွန်မွန် နေရာလေးတွေ ပို့ပေးတာပေါ့။ အဲဒီလိုပဲ ပို့ထားလိုက်တယ်။ ရောင်းစားသလိုပဲ။ မပြေလည်လို့ ရောင်းစားလိုက်သလိုပဲ၊ သားသမီးတွေကို။ ဒီကပို့တဲ့သူက ကောင်းတယ် လို့ပြောရင် ကိုယ်ပါလိုက်ကောင်းလိုက်တယ်။ သူလုပ်ကျွေးတာတော့ ကိုယ်ကဝမ်းသာ တာပေါ့။ ကိုယ်ကလည်း မလည်လို့သာစားနေရတာ သားသမီးလုပ်စာတော့ မစားချင်ဘူး။ သူတို့ရှေ့ရေးက အများကြီးရှိသေးတယ်။ အခုတော့ မပြေလည်လို့တောင်မှပဲ လစာ ကြိုထုတ်ဖို့ ပြောနေတာ။ ရှင်းရှင်းပြောရရင် သူတို့လုပ်အားခလေးတွေ သူ့ဘာသာ စုဆောင်းစေချင်တယ်။ စုပြီးတော့ ဝယ်စေခြမ်းစေချင်တယ်။ ကိုယ်ကမပြေလည်တော့ ယူသုံးမိတယ်။ သုံးချင်တဲ့စိတ်၊ အာသီသရှိတယ်”

မိဘနဲ့နေရတာ ၁၀ နှစ်မှမပြည့်ခင် အိမ်ကိုစွန့်ခွာပြီး ကလေးအလုပ်သမားတယောက် အနေနဲ့ မိသားစုကို ထောက်ပံ့နေရတဲ့ မောင်မိုးဒီတို့လို ကလေးတွေဟာ စွန့်ပစ်ခံရ တဲ့ကလေးတွေနဲ့ မထူးလှပါဘူး။ သူတို့ဟာ နှစ်နဲ့ချီပြီး အိမ်ကိုပြန်ခွင့်မရ၊ အလုပ်ချိန် ရှည်လျား ပင်ပန်းလှတဲ့ လုပ်ငန်းခွင်မှာလည်း သူတို့ကို ကာကွယ်ပေးမယ့် သူမရှိကြပါဘူး။ မိုးလင်းကနေ မိုးချုပ်အလုပ်ချိန်ပြီးတဲ့အခါရတဲ့ ရှားရှားပါးပါး အားလပ်ချိန်လေးမှာ ဘဝတူ ကလေးလုပ်သားအချင်းချင်း စုစည်းလို့ ပျော်ရွှင်စရာကာလတိုတိုကို ဖန်တီးကြရပါတယ်။

ပုံမှန်ကလေးဘဝမှာ နေခွင့်မရတာ၊ မတောက်ပြောင်တဲ့ သူတို့တတွေကို လူအများစုက သာမန်ကလေး တစ်ယောက်အနေနဲ့ မမြင်ကြ၊ မဆက်ဆံကြတာကြောင့် သူတို့ဟာ စိတ်အားငယ်ပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို အားငယ်စိတ်ကြောင့်ဖြစ်စေ၊ လုပ်ငန်း ခွင်မှာ မပျော်ရွှင်လို့၊ အဆင်မပြေလို့၊ အခက်အခဲရှိလို့ဖြစ်စေ အိမ်ပြန်နေချင်ရင်တောင် သူတို့ရဲ့ဝင်ငွေနဲ့ ရပ်တည်နေရတဲ့ မိသားစုက သူတို့ကိုလိုလိုလားလား လက်မခံချင်တတ် ကြတာဟာ သူတို့ဘဝအတွက် ကြီးမားတဲ့စိတ်ဒဏ်ရာဖြစ်ပါတယ်။ ဒါကို မောင်မိုးဒီအမေရဲ့ ပြောစကားက သက်သေခံနေပါတယ်။

“ပြန်လာတာတော့ ဝမ်းသာတယ်။ ဝမ်းသာပြီးတော့ ဝမ်းသာတာနည်းနည်း နည်းတယ်။ ပိုက်ဆံကအရေးကြီးနေတော့ ဘာဖြစ်လို့ပြန်လာတာလဲဆိုပြီး သတ်ချင်တဲ့စိတ်ပေါက် နေတယ်”

လေးနှစ်ကျော်ကြာအောင် အိမ်ပြန်လည်ပတ်ဖို့ မျှော်လင့်တကြီးစောင့်စားခဲ့တဲ့ မောင်မိုးဒီ ဟာ နာကျင်တဲ့ခံစားမှုနဲ့ မိသားစုကို ထပ်မံစွန့်ခွာခဲ့ရပါပြီ။

မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်နေရတဲ့ မြန်မာနိုင်ငံက ကလေးအလုပ်သမား ၁.၁၃ သန်းထဲမှာ မောင်မိုးဒီလို မိဘက အိမ်မပြန်လာစေချင်သူ ဘယ်နှယောက်ရှိမလဲ မပြောနိုင်ပါဘူး။ သူတို့ရင်ထဲက သိမ်ငယ်စိတ်တွေ၊ အနာဂတ်ပျောက်နေတဲ့ခံစားမှုတွေနဲ့ စိတ်ဒဏ်ရာတွေ ဘယ်လောက်ကြီးမားနေပြီလဲ ဆိုတာလည်း မသိနိုင်ပါဘူး။ ရှည်လျားတဲ့ အလုပ်ချိန်ကို စိတ်ဒဏ်ရာပေါင်းများစွာနဲ့ လုပ်ကိုင်ပြီး မဖြစ်စလောက်ဝင်ငွေနဲ့ ရှင်သန်နေ ရတဲ့ သူတို့တတွေ တည်ဆောက်မယ့် မိသားစုဘဝတွေ ဘယ်အောင်မြင်မလဲဆိုတာ ခန့်မှန်းဖို့ လွယ်ကူပေမယ့် အဲဒီလို ကလေးတွေ ပါဝင်တည်ဆောက်မယ့် နိုင်ငံရဲ့အနာဂတ် ကို ပုံဖော်ဖို့ဆိုတာကတော့ မှုန်ဝါးဝါးနိုင်လှပါတယ်။