နိုင်ငံတကာအထည်ချုပ်လုပ်ငန်းတွေ မြန်မာကနေ ထွက်ဖို့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် တိုက်တွန်း

မြန်မာအလုပ်သမား လေးသိန်းခွဲခန့်ဟာ လုပ်ခလစာနည်းပါးတာ၊ အချိန်ပို အတင်းအကျပ် လုပ်ကိုင်စေခိုင်းခံရတာနဲ့ စစ်မှုထမ်းစုဆောင်းခံရနိုင်တဲ့ အန္တရာယ်တွေကို ရင်ဆိုင်နေရ။

မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ နိုင်ငံတကာ အထည်ချုပ် အမှတ်တံဆိပ်တွေအနေနဲ့ မြန်မာနိုင်ငံကနေ တာဝန်ယူမှုရှိရှိ ထွက်ခွာကြဖို့ ကမ္ဘာ့အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (IndustriALL Global Union) က တိုက်တွန်းလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၁၁၄) ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားညီလာခံ (ILC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေးမှာ အဲဒီလို တောင်းဆိုခဲ့တာဖြစ်တယ်လို့ IndustriALL က ဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

IndustriALL အထွေထွေအတွင်းရေးမှူးချုပ် အက်တဲလ် ဟွိုင်ယဲ (Atle Høie) က “မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား လေးသိန်းခွဲခန့်ဟာ လုပ်ခလစာနည်းပါးတာ၊ အချိန်ပို အတင်းအကျပ် လုပ်ကိုင်စေခိုင်းခံရတာနဲ့ စစ်မှုထမ်းစုဆောင်းခံရနိုင်တဲ့ အန္တရာယ်တွေကို ရင်ဆိုင်နေရတယ်“လို့ ပြောပါတယ်။

IndustriALL ရဲ့တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်တပ်ခန့် အစိုးရဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။

မြန်မာနိုင်ငံကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အဖွဲ့ဝင် တစ်ဦးကတော့ အလုပ်သမားတွေ အလုပ်လက်မဲ့အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“နိုင်ငံတကာအမှတ်တံဆိပ်တွေ မြန်မာနိုင်ငံကနေ အထွက်ခွာသွားမယ်ဆိုရင် အလုပ်သမား သိန်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်နိုင်တဲ့ အန္တရာယ် ရှိနေသလို၊ ဆက်လက်လုပ်ကိုင်နေမယ်ဆိုရင်လည်း စစ်တပ်အတွက် နိုင်ငံခြားငွေတွေက စီးဆင်းနေဦးမှာပါ။ ဒါကြောင့် လက်ရှိအခြေအနေဟာ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အလုပ်အကိုင်ထိန်းသိမ်းရေးကြား ခက်ခဲတဲ့ ချိန်ခွင်လျှာတစ်ခု ဖြစ်နေပါတယ်။ လိုရင်းပြောရရင် အလုပ်သမားတွေအတွက် ထမင်းမဝတဲ့ အခြေအနေကနေ ထမင်းငတ်တဲ့ ဘဝကို ရောက်သွားနိုင်ပါတယ်”

IndustriALL အထွေထွေအတွင်းရေးမှူးချုပ် အက်တဲလ် ဟွိုင်ယဲ (Atle Høie) ကလည်း စစ်တပ်ခန့်အစိုးရရဲ့ နိုင်ငံခြားငွေလဲလှယ်ရေးဆိုင်ရာ မူဝါဒတွေကြောင့် မြန်မာ့အထည်ချုပ်ကဏ္ဍက ရရှိတဲ့ နိုင်ငံခြားဝင်ငွေတွေဟာ စစ်တပ်ခန့်အစိုးရအတွက် အဓိကဝင်ငွေရင်းမြစ်တစ်ခု ဖြစ်လာနေတယ်လို့ ထောက်ပြပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ဆက်လက်ထုတ်လုပ်နေတဲ့ နိုင်ငံတကာအထည်ချုပ်အမှတ်တံဆိပ်တွေအနေနဲ့ တာဝန်ယူမှုရှိရှိ ထွက်ခွာကြဖို့နဲ့ ဥရောပသမဂ္ဂ (EU) အနေနဲ့လည်း မြန်မာနိုင်ငံကို ပေးထားတဲ့ ကုန်သွယ်မှုအထူးအခွင့်အရေးတွေကို ရပ်ဆိုင်းပေးဖို့လည်း တောင်းဆိုထားပါတယ်။

IndustriALL ရဲ့ အဆိုအရ မြန်မာ့အထည်ချုပ်တင်ပို့မှုရဲ့ ၅၄ ရာခိုင်နှုန်းဟာ EU ဈေးကွက်ကို တင်ပို့နေတာဖြစ်ပြီး ကျန်တဲ့ ပမာဏအများစုကို ဗြိတိန်နဲ့ ဂျပန်နိုင်ငံတွေက ဝယ်ယူနေကြတာ ဖြစ်ပါတယ်။

အထည်ချုပ်စက်ရုံအလုပ်သမားတွေဟာ တစ်လကို အမေရိကန်ဒေါ်လာ ၁၀၀ အောက်သာ ရရှိနေပြီး ဒီပမာဏဟာ အသက်မွေးဝမ်းကျောင်းရပ်တည်နိုင်ဖို့ လိုအပ်တဲ့ ကုန်ကျစရိတ်ရဲ့ ထက်ဝက်ခန့်သာ ရှိတယ်လို့ IndustriALL က ဆိုပါတယ်။

အလုပ်သမားသမဂ္ဂတွေကတော့ လက်ရှိအခြေအနေမှာ အထည်ချုပ်လုပ်ငန်းက ရရှိတဲ့ နိုင်ငံခြားဝင်ငွေတွေဟာ စစ်တပ်ခန့်အစိုးရဆီ စီးဆင်းနေတယ်လို့ ဆိုကြပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်တပ်ခန့် အစိုးရအပေါ် ပိုမိုထိရောက်တဲ့ စီးပွားရေးနဲ့ သံတမန်ရေးဖိအားတွေ ပေးဖို့ တိုက်တွန်းနေကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက စက်ရုံတွေမှာ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် Tesco, Primark, Mango, Marks & Spencer နဲ့ C&A စတဲ့ နိုင်ငံတကာ အဝတ်အထည်အမှတ်တံဆိပ်ထုတ်လုပ်မှုတွေ ရပ်ဆိုင်းခဲ့ကြပါတယ်။

မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ နှစ်စဉ် ဒေါ်လာဘီလီယံနဲ့ချီတဲ့ ပို့ကုန်ဝင်ငွေ ရှာဖွေပေးနေတဲ့ ကဏ္ဍဖြစ်သလို အလုပ်အကိုင်အများဆုံး ဖန်တီးပေးထားတဲ့ စက်မှုကဏ္ဍတစ်ခုလည်း ဖြစ်ပါတယ်။