စစ်အာဏာသိမ်းခေါင်းဆောင် စစ်တပ်ခန့်အစိုးရသမ္မတအဖြစ် တရုတ်ပြည်သွားရောက်မည်

တရုတ်က အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ လိုလားနေတဲ့ Belt and Road Initiative (BRI) စီမံကိန်းနဲ့ပတ်သက်လို့ သဘောတူလက်မှတ်ရေးထိုးတာတွေ ရှိလာနိုင်။

အာဏာသိမ်းခေါင်းဆောင်နဲ့ စစ်တပ်ခန့်အစိုးရ သမ္မတဖြစ်သူ ဦးမင်းအောင်လှိုင်ဟာ အရပ်သားအစိုးရ သမ္မတ အဖြစ် တရုတ်နိုင်ငံကို ဇွန်လ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ငါးရက်ကြာ သွားရောက်ဖို့ရှိတယ်လို့ စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီခရီးစဉ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး စီးပွားရေး၊ လုံခြုံရေးနဲ့ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒီအပြင် တရုတ်အစိုးရ အဆင်မြင့်အရာရှိတွေ၊ စီးပွားရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတာအပါအဝင် စီးပွားရေးကွန့်ဖရင့်ကိုပါ တက်ရောက်ဖို့ရှိတယ် ဆိုပါတယ်။

ဦးမင်းအောင်လှိုင်ဟာ သမ္မတရာထူးကို ရယူပြီးနောက် မေလ ၃၀ ရက်ကနေ ဇွန်လ ၃ ရက်နေ့အထိ အိန္ဒိယခရီးစဉ် သွားရောက်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိခရီးစဉ်ဟာ ဦးမင်းအောင်လှိုင်အတွက် နိုင်ငံအကြီးအကဲ ရာထူးနဲ့ ဒုတိယမြောက် နိုင်ငံခြား ခရီးစဉ် ဖြစ်လာပါတယ်။

ဒီခရီးစဉ်မှာ တရုတ်က အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ လိုလားနေတဲ့ Belt and Road Initiative (BRI) စီမံကိန်းနဲ့ပတ်သက်လို့ သဘောတူလက်မှတ်ရေးထိုးတာတွေ ရှိလာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောပါတယ်။

“အိန္ဒိယခရီးစဥ်တုန်းကတော့ စီးပွားရေးဆိုင်ရာ MoU ထိုးခဲ့ကြတာမျိုး မတွေ့ရဘူး တရုတ်ခရီးစဥ်မှာတော့ BRI နဲ့ပတ်သတ်တဲ့ MoU တချို့ ထိုးနိုင်တယ်။ ဘာလို့လည်းဆိုတော့ အရင်အပတ်က သွားထားတဲ့ နိုင်ငံခြားဝန်ကြီးရဲ့ ခရီးစဥ်မှာ ဝမ်ရိအနေနဲ့ ဒီရင်းနှီးမြုပ်နှံမှုဆိုင်ရာတွေအပြင် ဒီလုပ်ငန်းတွေလာလုပ်တဲ့ သူ့နိုင်ငံသားတွေရဲ့ လုံခြုံရေးကိစ္စကို အထူးပြောထားတာရှိတယ်။”

ဦးမင်းအောင်လှိုင်လူယုံဖြစ်တဲ့ စစ်အာဏာသိမ်းရာမှာ အဓိကနေရာက ပါဝင်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်တဲ့ ဒုသမ္မတ ဦးညိုစော ကလည်း ဇွန်လဆန်းပိုင်းမှာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လိုအပ်တဲ့ ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ရုရှားနဲ့ မြန်မာကုမ္ပဏီတို့ သဘောတူလက်မှတ် (MoU) ရေးထိုးခဲ့ပါတယ်။

ဒီအပြင် စစ်တပ်ခန့်အစိုးရရဲ့ သက်တမ်းနှစ်လအတွင်းမှာ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ လာအို နိုင်ငံတို့ နိုင်ငံခြားရေး ဝန်ကြီးတွေလည်း နေပြည်တော်ကိုလာရောက်ပြီး တွေ့ဆုံဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေကတော့ စစ်ကောင်စီကျင်းပပေးတဲ့ ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်းနဲ့ စစ်အာဏသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် လက်မခံကြောင်း ပြောဆိုထားကြပါတယ်။