ထိုင်းက ပြန်ပို့ခံရတဲ့မြန်မာတွေ စစ်မှုထမ်းစုဆောင်းခံနေရ

အခုနှစ်အတွင်းမှာပဲ မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၇၆၈ ဦးကို နေရပ်ပြန်ပို့ထား။

ပြည်တွင်းစစ် ပြင်းထန်နေတဲ့ မြန်မာပြည်မှာ စစ်တပ်အတွက် လိုအပ်တဲ့ အင်အားရဖို့ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီး တပ်သားသစ်တွေ ဆက်တိုက် စုဆောင်းနေချိန်မှာ ထိုင်းနိုင်ငံထဲ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထောင်ချခံရသူတွေကို ထိုင်းအစိုးရက မြန်မာပြည်ပြန်ပို့နေတာဖြစ်ပါတယ်။

အဲဒီလိုပြန်ပို့ခံရသူတွေထဲက အသက် ၁၈ နှစ် ကနေ ၃၅ နှစ်အရွယ် အမျိုးသားတွေ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံနေရတယ်လို့ အလုပ်သမားအရေးကူညီနေသူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေက ပြစ်ဒဏ်ကျ မြန်မာတွေကို တစ်လ တစ်ကြိမ်လောက် ပြန်ပို့နေတာကနေ အခုနောက်ပိုင်း ပိုတိုးပြီး ပို့လာတယ်လို့ အဲဒီအခြေအနေကို သိတဲ့ ကော့သောင်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“၂၀၂၄၊ ၂၀၂၅၊ ၂၀၂၆ သုံးနှစ်အတွင်းမှာဆိုရင် ၂၀၂၄ တုန်းက တစ်လတစ်ကြိမ်လောက်တော့လာတယ်။ တစ်ကြိမ်မှာ လူ ၇၀ ကနေ တစ်ရာလောက်အထိ ပါတယ်။ အခုနောက်ပိုင်း နှစ်ကြိမ်ပို့တယ်။ လအစပိုင်းနဲ့ နောက်ပိုင်းကို ပို့တယ်။ တစ်ကြိမ်မှာ လူ ၇၀ ကနေ ၁၀၀ လောက်ကိုပို့တယ်။ ပို့တဲ့အခါမှာလည်း အသက် ၁၈နှစ်ကနေ ၃၅ အတွင်းကြား ကျန်းမာသန်စွမ်းတဲ့ လူတွေဆိုရင် ထပ်ပြီးတော့ ပြန်စိစစ်တယ်။ စုဆောင်းရေးကိုပေါ့နော်”

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ရနောင်းအကျဉ်းထောင်မှာ အကြောင်း အမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံရပြီး လွတ်ရက်စေ့သွားတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ကော့ကောင်းဘက်ကို ပို့ဆောင်ခဲ့ပြီး အဲဒီထဲက အမျိုးသားတချို့ စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

အခုနှစ်အတွင်းမှာပဲ ဇန်နဝါရီလမှာ ၁၆၈ ဦး၊ ဖေဖော်ဝါရီလမှာ ၁၂၈ ဦး၊ မတ်လမှာ ၁၉၃ ဦး၊ ဧပြီလမှာ ၇၈ ဦး၊ မေလမှာ ၂၀၁ ဦး စုစုပေါင်း ၇၆၈ ဦး ပြန်ပို့ထားတယ်လို့ ဆိုပါတယ်။ အဲဒီလူတွေကို ရနောင်းဘက်ခြမ်းမှာ စစ်တပ်တာဝန်ရှိသူတွေနဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က စစ်မှုထမ်းဖို့ ရွေးချယ်ပြီးနောက် ကော့သောင်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ -၂၆၂ က စစ်ဆေးပြီးနောက် စစ်သင်တန်းတွေကို ပို့ဆောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို ပြန်ပို့ခံရသူတွေထဲမှာ အတင်းအကျပ် စစ်မှုထမ်းဖို့ စေလွှတ်ခံရသူတွေကို အပြစ်တင်လို့မရဘူးလို့ မြိတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုနကြီးက RFA ကို ပြောပါတယ်။

“ထိုင်းအစိုးရအနေနဲ့ စစ်တပ်ကိုပြန်ပြန်အပ်တဲ့ အပေါ်မှာတော့ လက်ရှိ ကျွန်တော်တို့ကလည်း ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အပြစ်မြင်လို့မရတဲ့ အပိုင်းတွေရှိတာပေါ့နော်။ သူတို့အနေနဲ့ မလူးသာမလှိမ့်သာနဲ့ ဘာမှမလုပ်ကိုင်နိုင်တဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ရတဲ့အပိုင်းတွေပေါ့။ ဘာပဲပြောပြော ရှေ့တန်းစစ်မျက်နှာပြင်ရောက်လာပြီဆိုရင် တိုက်ကြခိုက်ကြရတာပေါ့လေနော်”

စစ်မှုထမ်း ဥပဒေ ပြဋ္ဌာန်းပြီးနောက် မြိတ်ခရိုင်အတွင်း စစ်မှုထမ်းအဖြစ် စုဆောင်းခံခဲ့ရတဲ့ ပြည်သူ့စစ် ၃၀ ကျော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ထွက်ပြေးခိုလှုံလာပြီး အဲဒီထဲမှာ ထိုင်းကနေ နေရပ်ပြန်ပို့ခံရပြီး နောက် စစ်မှုထမ်း စုဆောင်းခံရသူတွေလည်း ပါတယ်လို့ ကိုနကြီးက ပြောပါတယ်။

မြန်မာအလုပ်သမားအရေး ကူညီနေတဲ့ AAC ကိုရဲမင်းက အကြောင်း အမျိုးမျိုးနဲ့ ဖမ်းဆီးခံရသူတွေကို နေရပ်ပြန်ပို့နေတဲ့ကိစ္စကို ထိုင်းအစိုးရအနေနဲ့ ပြန်သုံးသပ်သင့်တယ်လို့ ပြောပါတယ်။

“ဖမ်းခံလိုက်ရပြီး ပြန်ပို့တာကျတော့ ဒီလူတွေကို သေတွင်းအထဲကို ပြန်ပို့တာနဲ့တူနေတယ်။ အဲဒီလိုဖြစ်နေတာပေါ့။ အဲဒီလိုပြန်မပို့ဘဲနဲ့ အကြမ်းဖက်စစ်အုပ်စုလက်ထဲကို ပြန်မပို့ဘဲနဲ့ နယ်စပ်တစ်လျှောက်မှာရှိတဲ့ ERO တွေ တော်လှန်ရေးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ပြန်ပို့ပေးစေချင်တယ်။ ပြန်ပို့တဲ့ကိစ္စမှာ ဒီလူတွေရဲ့ လူ့အခွင့်အရေးနဲ့ ခံစားချက်တွေ ပြီးတော့တစ်ဖက်မှာ ဟိုကိုရောက်တာနဲ့တန်းပြီးတော့ စစ်သားစုဆောင်းခံလိုက်ရတာရှိတယ်။ ဒါတွေကို သုံးသပ်သင့်တယ်။ ဒီလူတွေကို ငဲ့ညှာသင့်တယ်လို့ ပြောချင်တယ်”

နေရပ် ပြန်ပို့လိုက်တဲ့အထဲက အများစုကို စစ်တပ်က တပ်သားသစ် စုဆောင်းပြီး ရှေ့တန်းဆီ ပို့နေတဲ့အခြေအနေကို ထိုင်းအာဏာပိုင်တွေကို သိစေချင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က RFA ကို ပြောပါတယ်။

“ဒီအခြေအနေမှန်တွေကို ထိုင်း အာဏာပိုင်တွေရော ထိုင်း စစ်တပ်ကိုရော သိစေချင်တယ်။ ဒီအတွက်ကြောင့်မလို့ မင်းအောင်လှိုင်ဦးဆောင်တဲ့ အစုအဖွဲ့တစ်ခုထဲကိုပဲ ထိတွေ့ဆက်ဆံတာမျိုးမဟုတ်ဘဲ အခြားသောတော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံတာ။ ဒီလူတွေရဲ့အသံကိုနားထောင်တာ ဒီကနေတဆင့် ပြည်သူတွေရဲ့သဘောထားကို ထည့်သွင်းစဉ်းစားတာက မဖြစ်မနေလုပ်ရမဲ့ လုပ်ရပ်တွေဖြစ်တယ်"

စစ်မှုထမ်း ဥပဒေကြောင့် ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီ နည်းလမ်းပေါင်းစုံနဲ့ ဝင်‌ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို အတင်းအကျပ် နေရပ်ပြန်မပို့ဖို့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က မေလ ၂၅ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။

စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းပြီးနောက် ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံသား ၃၅၀၀ ကျော်ကို စစ်အာဏာသိမ်းအစိုးရအဖွဲ့ထံ လွှဲပြောင်းပေးထားပြီး အဲဒီထဲကတချို့ဟာ စစ်မှုထမ်းဖို့ အပို့ခံထားရတယ်လို့ APHR က ဆိုပါတယ်။

RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ မြန်မာအလုပ်သမားအရေးကူညီသူတွေကတော့ ထိုင်းအစိုးရအနေနဲ့ ဖမ်းဆီးရမိတဲ့ မြန်မာတွေကို အကာအကွယ်ပေးတဲ့အနေနဲ့ နေရပ်ပြန်မပို့ဘဲ တရားဝင်အထောက်အထားရအောင် စီစဉ်ဆောင်ရွက်ပေးဖို့ လိုလားနေကြပါတယ်။