ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ မြန်မာ-ထိုင်း နယ်စပ်မှာကျင်းပ

RFA Burmese
2024.06.19
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ မြန်မာ-ထိုင်း နယ်စပ်မှာကျင်းပ ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားအား ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ကျင်းပနေစဉ်။
RFA

စစ်ကောင်စီရဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့ပွဲကို ပြည်တွင်းက နေရာဒေသအနှံ့မှာ နည်းမျိုးစုံနဲ့ကျင်းပကြသလို မြန်မာ-ထိုင်း နယ်စပ်တစ်နေရာမှာလည်း ဇွန်လ ၁၉ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားသူတွေက မွေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပရာမှာ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းတာ၊ ပန်းသပိတ်အဖြစ် ပန်းပန်ကြတာ၊ အမှတ်တရစကား ပြောကြားခဲ့ကြတာ၊ ကဗျာတွေရွတ်ဆိုခဲ့ကြသလို မွေးနေ့ကိတ်ခွဲပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်ဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။

ခုလိုအချိန်ခါမျိုးမှာ ကိုယ်ကျိုးအတ္တတွေကို မကျူးလွန်မိကြဖို့ လိုအပ်တယ်လို့ ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့က ဆရာတော် ဦးဝါယမက မိန့်ကြားခဲ့ပါတယ်။

"ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်၊ အမေစု၊ အစ်မစု၊ အဒေါ်စု၊ ကြီးကြီးစု၊ အဖွားစု ဒီလိုတွေပြောပေမဲ့ ထိုအရာတွေဟာ ထိုသူတော်ကောင်းမကြီးရဲ့ဂုဏ်ပုဒ်ကို အားလုံး သုံးစားကျင့်သုံးကြပြီးတော့ တိုင်းပြည်ကို လွတ်မြောက်လိုတာထက် ကိုယ်ကျိုးအတ္တအကျိုးအတွက် ကြည့်ကြရင် ကျေးဇူးမသိရာကျပါတယ်၊ ဒါကြောင့်မို့လို့ မင်္ဂလာတရားနဲ့ပြောရရင်က တဥုတ သူပြုဖူးတဲ့ကျေးဇူးကို တိုင်းပြည်ပေါ်မှာရှိတဲ့ ကျေးဇူးကို သိပြီးတော့မှ ကတဝေဒီ သူကဲ့သို့ စိတ်နေစိတ်ထားတွေ ကျေးဇူးဆပ်နိုင်ဖို့ လိုအပ်ပါတယ်"

မွေးနေ့ပွဲကျင်းပနေရုံနဲ့ မပြီးဘဲ ဒေါ်အောင်ဆန်းစုကြည်လိုချင်နေတဲ့ ပြည်သူတွေလိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို အမြန်ဆုံးအကောင်အထည်ဖော်ကြဖို့ကိုလည်း ဆရာတော်က တိုက်တွန်းခဲ့ပါတယ်။

တိုင်းပြည်ကောင်းကျိုးအတွက် စွန့်လွှတ်အနစ်နာခံရင်းကနေ လက်ရှိမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းစံဘဝနဲ့ ထောင်ထဲမှာ ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်ကအာဏာသိမ်းပြီးချင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး လက်ရှိမှာ စစ်ကောင်စီက ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ထားတာကို ခံထားရသူ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်ကလည်း ထောင်ထဲမှာနေရတဲ့အတွက် ကျန်းမာရေးအထူးစိုးရိမ်မိတယ်လို့ မွေးနေ့ပွဲအခမ်းအနားမှာ အခုလို ပြောပါတယ်။

"လက်ရှိအနေအထားမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နေပြည်တော်အချုပ်ထောင်မှာလား ဘယ်နေရာမှာလည်းဆိုတာ ပြောဖို့ခက်နေသလို သူ့ကျန်းမာရေးအတွက်လည်း ကျွန်တော်တို့ အလွန်ပဲ စိုးရိမ်ပူပန်နေရတဲ့ အခြေအနေမျိုးပါ၊ ဒီကြားထဲမှာတော့ သွားကိုက်ဝေဒနာနဲ့ ကျွန်တော်တို့ ခါးအဆစ်ရောင်တဲ့ ဝေဒနာခံစားနေရတယ်ဆိုတာ ကိုထိန်လင်းဆီကိုရေးတဲ့စာမှာလည်း အတိအကျဖော်ပြထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်"

လက်ရှိမှာ သူမအနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးဖို့ ဦးဆောင်ခွင့်မရပေမဲ့လည်း လူငယ်မျိုးဆက်သစ်တွေကို ဦးဆောင်နိုင်ဖို့ မျိုးစေ့ချ ကြိုးပမ်းပေးခဲ့သူဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီးထောင်ချခံရမှုဒဏ်ကို အကြိမ်ကြိမ်ခံနေရပေမဲ့လည်း ကြံ့ကြံ့ခံကာ ကျော်လွှားနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ဟားငါးကောင် အငြိမ့်အဖွဲ့က လူရွှင်တော် ကိုတိုင်းကျော်ကလည်း ဆိုပါတယ်။

"အာဏာရှင်ရဲ့ ရက်စက်ယုတ်မာမှုကြောင့် အမေစုက ဒီတိုင်းပြည်ကို လောလောဆယ်ပေါ့နော် ဦးဆောင်ခွင့်မရှိဘူး၊ ဒါပေမဲ့ ဦးဆောင်နိုင်တဲ့သူတွေကို ဒေါ်အောင်ဆန်းစုကြည် လူထုမိခင်က ပျိုးထောင်ခဲ့ပြီးသွားပါပြီ၊ ဒီလို နောက် တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့လည်းပဲ နွေးနွေးထွေးထွေး ချစ်ကြည်စွာ အားလုံးလိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကြီးကို ရောက်ဖို့အတွက် အများကြီး စည်းစည်းလုံးလုံး နေပြခဲ့ပြီးပြီဆိုတော့ ဒီတိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့ အမေစု မွေးထုတ်ပြုစုပျိုးထောင်ပေးထားတဲ့ အမေစုရဲ့နှလုံးသားတွေနဲ့ ထပ်တူကျတဲ့ လူငယ်တွေ အများကြီးရှိနေတဲ့အတွက် ဒါ အမေစု ကြိုးစားပေးတယ်လို့ပဲ ပြောပါရစေခင်ဗျ၊ ကျွန်တော်တို့ အမေစုဒီမွေးနေ့မှ နောက်မွေးနေ့တွေ မွေးနေ့တွေမှာဆိုလို့ရှိရင် ကျွန်တော်တို့ပြည်သူနဲ့အမြန်ဆုံး ပြန်လည်ပြီးတော့ အရင်လိုပဲ နွေးထွေးတဲ့အပြုံးတွေနဲ့ တိုင်းပြည်ကိုဦးဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်၊ ကျွန်တော်တို့ အတ္တနည်းပြီးတော့ မာန်မာနနည်းတဲ့အတွက် ဒီမတရားဖမ်းဆီးခံထားရတဲ့ အကျဉ်းကျခံထားရပေမဲ့လည်း နှလုံးစိတ်ဝမ်းအေးချမ်းစွာပဲ ရှိနေတဲ့နေရာမှာ ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်ပါတယ် ခင်ဗျာ"

စစ်အာဏာရှင်လက်အောက်ကနေ တိုင်းပြည်လွတ်မြောက်ဖို့၊ မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ကြဖို့ကိုလည်း ဆုတောင်းပေးခဲ့ကြပါတယ်။

"ကျွန်မတို့ပြည်သူတွေ ဝေဝါးနေတာမျိုးမဟုတ်ဘဲနဲ့ ထိထိရောက်ရောက် စစ်အာဏာရှင်ပြုတ်ကျဖို့အတွက်ကို ကျွန်မတို့က သွားစေချင်တယ်၊ ထောင်ထဲမှာရှိတဲ့ အမေစုနဲ့ တော်လှန်ရေးကြောင့် အကျဉ်းကျနေတဲ့သူအားလုံးကိုလည်း ပြန်လွတ်စေချင်တယ်၊ ကျွန်မတို့ရဲ့လေးစားဂုဏ်ယူရတဲ့ အမေ စုဟာ အမြန်ဆုံးလွတ်မြောက်စေချင်ပါတယ်လို့"

ပြည်တွင်းမှာ စစ်ကောင်စီရဲ့လုံခြုံရေးတွေတင်းကျပ်ထားတဲ့ကြားကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲအထိမ်းအမှတ်အဖြစ် လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတာတွေ၊ ပန်းသပိတ်လှုပ်ရှားခဲ့ကြသလို လွတ်မြောက်နယ်မြေရောက် ဒီမိုကရေစီအရေး၊ တော်လှန်ရေးလှုပ်ရှားခဲ့ကြသူတွေကလည်း အခက်အခဲတွေကြားကနေ ကျင်းပခဲ့ကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
အမျိုးသမီးငယ်တစ်ဦးရဲ့ ငါးရာကျပ်တန် ထမင်းဆိုင်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။