အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား မဲဆောက်မြို့မှာကျင်းပ
2024.12.10
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ လေးနှစ်နီးပါးရှိနေပြီး လက်နက်ကိုင်တော်လှန်ရေးကြောင့် ပြည်တွင်းစစ်မီး တောက်လောင်နေသလို စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို တစ်ပြည်လုံးက ပြည်သူတွေ နေ့စဉ်ခံစားနေရပါတယ်။
ဒါကြောင့် စစ်အာဏာရှင်လက်အောက် ဖိနှိပ်မှုမျိုးစုံနဲ့နေ့စဉ်ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးရွားဆုံးခံစားနေရတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်နေတယ်လို့ ပြောကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကိုဖယ်ရှားနိုင်မှသာ လူ့အခွင့်အရေးရနိုင်မယ်လို့ New Myanmar Foundation ရဲ့ ဒါရိုက်တာ ဒေါက်တာစန်းအောင်က ပြောပါတယ်။
"လူ့အခွင့်အရေးကြေညာစာတန်းကို ထုတ်ပြန်ခဲ့တာ ၇၆ နှစ်ရှိပြီ။ မြန်မာပြည်မှာက ကျွန်တော်မြင်တာ မြန်မာပြည်သူတွေက လူရယ်လို့တောင်ပြောလို့မရဘူး၊ အင်မတန်ကို နိမ့်တယ်ပေါ့ဗျာ။ စစ်ကျွန်ဘဝမှာ ရောက်နေတယ်။ စစ်ကျွန်ပဲ၊ ကျွန်ပဲ၊ လူတော့လူပဲ ဒါပေမဲ့ စစ်ကျွန်။ ဒါတွေဟာ ကျွန်တော်တို့ နောင်လာနောက်သားတွေအတွက်က လုံးဝလက်ခံလို့မရဘူး၊ ကျွန်တော်တို့သက်တမ်းမှာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီးတော့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေကို ကျွန်တော်တို့ မျိုးစေ့ချပေးခဲ့ရမယ်။ ပျိုးထောင်ပေးခဲ့ရမယ်။ အပင်ပေါက်တဲ့အထိ လုပ်ပေးခဲ့ရမယ်"
မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေးရခဲ့ပါတယ်။
၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင့်သုံးနေပေမဲ့လည်း လက်ရှိမြန်မာနိုင်ငံမှာတော့ လူ့အခွင့်အရေးက ဆိတ်သုဉ်းနေဆဲဖြစ်ကြောင်း မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
(၇၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားကိုလည်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ New Myanmar Foundation က ဦးဆောင်ကျင်းပခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေပပျောက်ဖို့ဆိုရင် မြန်မာပြည်သူတစ်ရပ်လုံး ညီညွတ်ကြဖို့ များစွာလိုအပ်တယ်လို့ (The Space Youth Learning Center) အဖွဲ့က ကိုနွေဦးကိုကိုက ပြောပါတယ်။
"တစ်နိုင်ငံလုံးမှာပဲ လေကြောင်းဗုံးကြဲမှုတွေ စစ်ကောင်စီကေ နရက်စက်စွာဖြင့် ပြည်သူတွေကို လူသားမဆန်စွာ လူ့အခွင့်အရေးချိုးဖောက်ပြီးတော့ လုပ်နေတာတွေ အများကြီးပဲရှိနေတယ်။ ဒါတွေပပျောက်ဖို့ဆိုရင်တော့ ကျွန်တော်တို့တွေအားလုံး ကျွန်တော်တို့ပြည်သူလူထုအားလုံး၊ ရှိတဲ့အဖွဲ့အစည်းတွေအကုန်လုံးပေါ့နော်။ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေအကုန်လုံးကနေ ညီညီညွတ်ညွတ်နဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့အသံတွေ များစွာလိုအပ်နေပါတယ်လို့’’
လူ့အခွင့်အရေးဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ လူသားတိုင်း မွေးရာပါရပိုင်ခွင့် အခွင့်အရေးလို့ ဆိုထားပါတယ်။
ဆက်နွှယ်သောသတင်းများ
စာဆိုတော်နေ့အခမ်းအနား မဲဆောက်မှာ ကျင်းပ
မြန်မာက လူ့အခွင့်အရေးကာကွယ်သူကို အမေရိကန် ဆုချီးမြှင့်
အမျိုးသမီးတွေ ထုတ်လုပ်တဲ့ ကရင်ရိုးရာဂျပ်ခုတ်ထည်ရောင်းချပွဲ မဲဆောက်မှာ ကျင်းပ
စစ်ကောင်စီဟာ သူ့အာဏာတည်မြဲရေးအတွက် စစ်အုပ်ချုပ်ရေးယန္တယားမှာ လူ့အခွင့်အရေးဆိုတာ ထည့်သွင်းထားတာမရှိလို့ ရွာတွေမီးရှို့၊ လူတွေအစုလိုက်အပြုံလိုက်သတ်၊ လေယာဉ်တွေနဲ့ ဗုံးကြဲ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်ကျူးလွန်နေတာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
စစ်ကောင်စီကိုဖြုတ်ချနိုင်ဖို့ တော်လှန်ရေးမှာ နောက်ထပ်ခြေလှမ်းများစွာ လှမ်းဖို့ လိုနေသေးတယ်လို့ မြန်မာ့မီးရထားဌာနက CDM ဒေါက်တာကိုကိုလွင် က သုံးသပ်ပါတယ်။
"သူတို့အာဏာသိမ်းတဲ့အချိန်ကစပြီးတော့မှ CDM လှုပ်ရှားမှုတွေလုပ်ခဲ့တယ်။ ပြည်တွင်း ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးကနေပြီးတော့ ဒါ မထောက်ခံပါဘူးဆိုတဲ့ ဆန္ဒပြမှုတွေ အများကြီးလုပ်ခဲ့တယ်။ ဆိုတော့ ကျွန်တော်တို့ နောက်ထပ်ဒါမျိုး ဖြုတ်ချဖို့အတွက်ဆိုရင် ကျွန်တော်တို့ရဲ့ခြေလှမ်းသည် တစ်လှမ်းမက နောက်ထပ်ခြေလှမ်းများစွာ လှမ်းဖို့ လိုသေးတယ်လို့ ကျွန်တော်ကတော့ထင်ပါတယ်’’
စစ်ကောင်စီက ပြည်သူတွေအပေါ် ပုံစံအမျိုးမျိုးနဲ့ လူ့အခွင့်အရေးချိုးဖောက်ခဲ့တာတွေကို ကိုယ်တိုင် ခံစားခဲ့ရသူတွေကလည်း အဖွဲ့လိုက်ဆွေးနွေးခဲ့ကြပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဖမ်းဆီး၊ နှိပ်စက်၊ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် သေဆုံးရတဲ့ အရပ်သား ခြောက်ထောင်ရှိသွားပြီမို့ နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တုံ့ပြန်ဆောင်ရွက်တဲ့ပုံစံတွေ ပြောင်းလဲသင့်ပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူတွေက ဒီဇင်ဘာလ ၂ ရက်နေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။