စာဆိုတော်နေ့အခမ်းအနား မဲဆောက်မှာ ကျင်းပ
2024.12.01

ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံထဲမှာ လွတ်လပ်တရားမျှတမှုတွေ ဆိတ်သုဉ်းနေချိန်ဖြစ်လို့ စာပေ၊ ဂီတ၊ ရုပ်ရှင် စတဲ့ အနုပညာထွန်းကားမှုတွေလည်း တုံ့နှေးနေတယ်လို့ စာပေပညာရှင်တွေက ပြောလိုက်ပါတယ်။
စာဆိုတော်ပညာရှင်ကြီးတွေ သက်ရှိထင်ရှားရှိပေမဲ့ စစ်အာဏာရှင်တွေ ဖိနှိပ်တာခံနေရတဲ့ကာလဖြစ်တာကြောင့် ပြည်သူတွေကို စာပေဟောပြောခွင့်မရဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
လူငယ်တွေ စာပေနဲ့အလှမ်းမဝေးစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဲဆောက်မြို့ရောက် စာပေပညာရှင်တွေ စုစည်းပြီး ကျင်းပတာလို့ ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ဦးကျော်လင်းမင်းက ပြောပါတယ်။
"ကျွန်တော်တို့ ဒီလိုစာဆိုတော်နေ့အခမ်းအနားကျင်းပဖို့ဆိုတာ သူတို့ကဖွင့်ပေးမှာမဟုတ်ဘူး။ ဒီလိုနေ့မျိုးက အမှန်တကယ်တော့ လွတ်လွတ်လပ်လပ်ပြောဆိုပြီးတော့ စာပေဟောပြောကြမယ့်နေ့ဖြစ်တဲ့အတွက် စာရေးဆရာကြီးတွေ အထင်ကရစာဆိုတော်ကြီးတွေရှိပေမယ့်လည်း သူတို့လုပ်ခွင့်မရဘူး။ လုပ်ခွင့်မပေးဘူးပေါ့။ မပေးတဲ့အတွက် မလုပ်ရဘူး။ မလုပ်ရတော့ ဘာဖြစ်လဲဆိုတော့ တဖြည်းဖြည်းနဲ့ စာပေနဲ့ဝေးဝေးသွားတယ်။ ကျွန်တော်တို့လည်း အခက်အခဲအများကြီးရှိပါတယ်။ ဒါပေမဲ့ ဒါလေးကိုရအောင် စာဆိုတော်နေ့လေးဖြစ်မြောက်အောင် စုစည်းမှုတစ်ရပ်အနေနဲ့ ကြိုးစားပြီးလုပ်တာ ဖြစ်ပါတယ်’’
မြန်မာ့စာဆိုတော်နေ့ကို မြန်မာသက္ကရာဇ် ၁၃ဝ၆ ခုနှစ် နတ်တော်လဆန်း ၁ ရက်နေ့မှာ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။
ဖက်ဆစ်ဂျပန်ကို တော်လှန်နေချိန်မှာ ရှေးခေတ်စာပေပညာရှင်ကြီးတွေက စာဆိုတော်နေ့ကို ကျင်းပရင်း နိုင်ငံရေးအရ ဖက်ဆစ်ဆန့်ကျင်ရေး လှုံ့ဆော်မှုတစ်ရပ်အဖြစ် အောင်မြင်မှုတွေလည်း ရခဲ့တာပါ။
စစ်အာဏာရှင်အဆက်ဆက် စာပေဆင်ဆာအဖြတ်ခံရတဲ့ သမိုင်းမှတ်တမ်းတွေကို စာဆိုတော်နေ့မှာ စာရေးဆရာကြီးတွေရဲ့ ဟောပြောချက်တွေကနေတစ်ဆင့် သိခွင့်ရခဲ့တယ်လို့လည်း စာရေးဆရာ မောင်လွင်မွန် (ကသာ) က ဆိုပါတယ်။
"ကျွန်တော်တို့က ဆင်ဆာကြမ်းတမ်းတဲ့ စစ်အာဏာရှင်စနစ်ကိုဖြတ်သန်းခဲ့ရတဲ့ သမိုင်းတွေပျောက် နေတာရှိတယ်၊ ဒါတွေကို ကျွန်တော်တို့က စာဆိုတော်နေ့မှာ သိရတာရှိတယ်။ စစ်အစိုးရအဆက်ဆက်က မကြိုက်တဲ့ဟာတွေကိုပေါ့နော်။ တလွဲသုံးထားတဲ့ကိစ္စတွေပေါ့။ ဒါတွေကို စာဆိုတော်နေ့မှာ အတိုင်းအတာတစ်ခုထိ ပရိသတ်ကို စာရေးဆရာတွေက ရှင်းပြကြတယ်ပေါ့နော်။ ဒါတွေရှင်းပြလို့ သိခွင့်ရတယ်ပေါ့’’
စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေကြတဲ့ လူငယ်မျိုးဆက်သစ်လေးတွေဟာ တောထဲမှာ စစ်တိုက်နေကြပေမယ့် အဲဒီအထဲမှာ စာပေ၊ ဂီတ စတဲ့ အနုပညာဖန်တီးမယ့်သူတွေလည်း ပါဝင်နေကြပါတယ်။
ဆက်နွှယ်သောသတင်းများ
နိုင်ငံရေးလှုပ်ရှားတဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေ တားမြစ်ခံရ
ပုံနှိပ်တိုက်နှစ်ခုနဲ့ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခု လိုင်စင်ပိတ်သိမ်းခံရ
အာဏာသိမ်းပြီးနောက် လွတ်လပ်စွာရေးသားထုတ်ဝေခွင့် ချိုးဖောက်ခံနေရ
စစ်မီးတောက်လောင်နေတဲ့ ကာလကြီး အမြန်ဆုံးကျော်လွှားနိုင်မှပဲ ပိုကောင်းတဲ့ စာပေအနုပညာ ဖန်တီးမှုတွေ ဆန်းသစ်လာမယ်လို့ နိုင်ငံရေးသိပ္ပံပညာလေ့လာသူ ကိုထိုက်က ဆိုပါတယ်။
"ပြီးခဲ့တဲ့ လေး ငါးနှစ် NLD အစိုးရလက်ထက်တုန်းက ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့တဲ့စာဆိုတော်နေ့တွေ မရှိတော့ ဘူး။ လူငယ်တွေ နားထောင်နေတဲ့ သီချင်းတွေကအစ သီချင်းအသစ်ကောင်းကောင်းဆိုတာက အများကြီးပေါ်မလာတော့ဘူး။ ရုပ်ရှင်လည်း ပြန်ကြည့်ရင် အလားတူပဲ။ စာပေပြန်ကြည့်ရင်လည်း အလားတူပဲဆိုတဲ့အခါကျတော့ ဒီကာလကြီးကတော့ ဆုတ်ယုတ်တဲ့ကာလကြီးပါ။ ပြည်တွင်းစစ်ဖြစ်နေတဲ့ ကာလကြီးပေါ့။ ဒီကာလကိုကျော်လွှားနိုင်မှသာ ပိုကောင်းတဲ့အနုပညာတွေ၊ စာပေပညာတွေ၊ ခံစားမှုတွေက တစ်ဖန်ပြန်ပြီး ဆန်းသစ်လာဖို့ရှိပါတယ်’’
လူကြီးလူငယ်တွေအနေနဲ့ စာပေကနေရလာမဲ့ အသိပညာဗဟုသုတတွေတိုးပွားဖို့၊ တိုင်းပြည်ပြန်လည်ထူထောင်နိုင်ဖို့ စစ်အာဏာရှင်အဆုံးသတ်ရေးက အဓိကဦးတည်ချက်ပဲလို့ ဆိုကြပါတယ်။