လုံခြုံရေးစိတ်မချတာကြောင့် ဝိုင်းမော်က ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေး

စစ်တပ်နဲ့ ကေအိုင်အေအကြား ၂၀၁၁ ခုနှစ်ကဖြစ်ခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့က မိုင်းနား (KBC) ဒုက္ခသည်စခန်းမှာ စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော် ခိုလှုံနေတာ ၁၀ နှစ် ကျော်နေပါပြီ။

အခု သူတို့နေရပ်ပြန်ချင်တယ်ဆိုရင် ငွေသားအနည်းငယ် ကူညီထောက်ပံ့ပေးမယ်လို့ ကချင်လူသားချင်း စာနာထောက်ထားမှုအဖွဲ့ (KHCC) တာဝန်ရှိသူတွေက ပြောပေမယ့် လုံခြုံရေးကို အတိအကျ အာမမခံနိုင်တာကြောင့် ဒုက္ခသည်တွေအတွက်ကတော့ နေရပ်ပြန်ဖို့ ခက်ခဲလှပါတယ်။

"မထင်မှတ်ထားတဲ့အချိန်မှာ တိုက်ပွဲတွေပြန်ဖြစ်လာရင် ပြန်ပြေးဖို့ အစွမ်းအစ မရှိတာကြောင့် အခုချိန်တော့ အဲဘက်ကို မပြန်သေးဘူး"

ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာကနေ ဒီဒုက္ခသည်စခန်းမှာ ၁၀ နှစ်ကျော် ခိုလှုံနေရတဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်စိုးစိုးအေးရဲ့ မိသားစုလည်း ဇာတိရွာကို ပြန်ချင်ပေမယ့် အာဏာသိမ်းပြီးတဲ့နောက် အသစ်ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် မဝံ့မရဲဖြစ်နေပါတယ်။

“မငြိမ်းချမ်းသေးဘဲ သွားနေမယ်ဆိုရင် အမြဲတမ်း ကျီးလန့်စာ စားသလိုဖြစ်နေတယ်။ စိုးရိမ်ပူပန်နေရတယ်။ ကြောက်လည်း ကြောက်တယ်။ ပြန်မယ်ဆိုရင် ကျမတို့ရဲ့ လုံခြုံရေးကိုလည်း သူတို့ အာမခံချက် မပေးနိုင်ဘူး။ နင်တို့ ပြန်လာနေချင်ရင် လာနေ အဲလိုပဲ ပြောတယ်။ အဲလိုဆိုရင် ကျမတို့က ဘယ်လိုလုပ်ရမလဲ၊ ပြန်ရမလား မပြန်ရ ဘူးလား၊ ရွာမှာတော့ အစားအသောက်အတွက် အဆင်ပြေတယ်။ ငါးဆိုရင် ဝယ်စားစရာ မလိုဘူး။ ဖမ်းစားလို့ရတယ်။ ဒီမှာက အဲလိုလုပ်စားလို့မရဘူး။ အဲဒါကြောင့် ရွာမှာပိုနေ ချင်တယ်”

ဒေါ်စိုးစိုးအေးမှာ ကျန်းမာရေးမကောင်းတဲ့ ခင်ပွန်းနဲ့ သား သုံးယောက်ရှိပါတယ်။ သူတို့ အားလုံး မိုင်းနား (KBC) ဒုက္ခသည်စခန်းက ၁၀ ပေ ပတ်လည်အခန်းကျဉ်းလေးထဲမှာ ခက်ခက်ခဲခဲ နေထိုင်ရတာပါ။

အခုတော့ အသက် ၂၅ နှစ်အရွယ် သားအကြီးဆုံးက တရုတ်ပြည်ဘက် သွားအလုပ်လုပ်ပြီး ၂၃ နှစ်အရွယ် သား အလတ်က ရွှေတူးတဲ့ ဆိုက်တစ်ခုမှာ အလုပ်ကြမ်း လုပ်ကိုင်ပါတယ်။ အသက် ၁၁ နှစ်အရွယ် အငယ်ဆုံးသားလေးကတော့ မိသားစုနဲ့အတူ နေထိုင်ပြီး အင်္ဂလိပ် စာ သင်ယူနေပါတယ်။

ဒေါ်စိုးစိုးအေးတို့လို ဒုက္ခသည်မိသားစုတိုင်းအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က တစ်ဦးကို တစ်လ ကျပ် ၁၃၀၀၀ ထောက်ပံ့ပေးပါတယ်။

ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းနောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် ကုန် ဈေးနှုန်းက မိုးထိမြင့်တက်နေတယ်လို့ ဒေါ်စိုးစိုးအေးက ဆိုပါတယ်။ ဒီငွေက မိသားစု သုံးယောက် နေ့စဉ် စားဝတ်နေရေးအတွက် မလုံလောက်ပါဘူး။ ဒေါ်စိုးစိုးအေးက ဝိုင်းမော်မြို့ပေါ်က ငွေကြေးတတ်နိုင်သူတွေရဲ့ အိမ်တွေမှာ အဝတ်လိုက်လျှော်ပြီး ရတဲ့ငွေလေးအနည်းငယ်နဲ့ မိသားစုနေ့စဉ်ဝမ်းရေးအတွက် ဖြေရှင်းရပါတယ်။

မိုင်းနား (KBC) စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးဘရန်ဆိုင်းကလည်း ဒုက္ခသည် မိသား စုအားလုံး စားဝတ်နေရေးအတွက် အပြင်ထွက် အလုပ်လုပ်ပေမယ့် အလုပ်အကိုင်က ရှား လွန်းလှတယ်လို့ ပြောပါတယ်။

“ကျနော်တို့ကျတော့ စိုးရိမ်စိတ်တွေနဲ့ စားဝတ်နေရေးတွေလည်း တော်တော်လေးကို ခက်ခဲသွားတယ်။ ဘာလို့ဆို ဘယ်မှထွက်ရှာလို့မရတဲ့ Lock Down ကာလအချိန်တွေ ရှိတယ်ပေါ့နော်။ အဲမှာ တစ်ကျော့ပြန် နိုင်ငံရေးပဋိပက္ခ ပြန်ဖြစ်လာတဲ့အခါ အရင် အပြင်မှာ အလုပ်လုပ် ရှာစားသောက်တဲ့သူတွေ ဒီကိုဗစ်က အဆက်ပေါ့ ခက်ခဲသွား တာတော့ အများကြီးပဲ။ ဘယ်မှ မသွားရ၊ မလာရ ကိုဗစ်ရဲ့ စည်းမျဉ်းစည်းကမ်း တွေကြောင့်ဖြစ်ဖြစ်၊ နိုင်ငံရေးကြောင့်ပဲဖြစ်ဖြစ် စစ်ရှောင်တွေ ပိုပိုခက်ခဲလာတယ်”

ဒုက္ခသည်အဟောင်းတွေ အိမ်မပြန်နိုင်သေးပေမယ့် ကချင်ပြည်နယ်ထဲ က ဝိုင်းမော်၊ အင်ဂျန်းယန်၊ မိုးမောက် စတဲ့ မြို့နယ်တွေမှာ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတာကြောင့် စစ်ဘေး ဒုက္ခသည်အသစ် တစ်သောင်းကျော်လောက် ထပ်တိုးလာပါတယ်။

အခုချိန်ထိ သူတို့ဇာတိရွာမှာ စစ်ကောင်စီတပ်က စခန်းချထားတာကြောင့် အိမ်မပြန်ရဲ သေးဘူးလို့ ဝိုင်းမော်မြို့နယ် မိုင်းနား (KBC) ဒုက္ခသည်စခန်းမှာ လာရောက်ခိုလှုံနေတဲ့ ကဇူးရွာသူ ဒေါ်လုနန်က ပြောပါတယ်။

“စစ်ပွဲကြောင့် အရမ်းစိုးရိမ်ကြောက်ရွံ့ပြီး ထွက်လာတာဆိုတော့ အခု ကျမတို့ ကဇူးရွာ လမ်းမတွေမှာ တစ်ခါတလေဆိုရင် စစ်သားဆို တစ်ရာ၊ နှစ်ရာ အဲလို ချီတက်လာတာ။ ဂါးရာယန်ဘက်ကနေ လမ်းလျှောက်ပြီး ကျမတို့ ရွာဘုရားကျောင်းရှေ့ သူတို့စခန်းပတ် လည်အပြည့်ပဲ လာနေနေတာမျိုးမြင်ရတော့ ဘယ်လိုမှ မပြန်ရဲသေးဘူး။ ပြန်ချင်တာ ပေါ့ ဒါပေမဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်တော့ လုံခြုံရေး အရေးကြီး တယ်။ မထင်မှတ်ထားတဲ့အချိန်မှာ တိုက်ပွဲတွေပြန်ဖြစ်လာရင် ပြန်ပြေးဖို့ အစွမ်းအစ မရှိတာကြောင့် အခုချိန်တော့ အဲဘက်ကို မပြန်သေးဘူး”

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ NLD အစိုးရ၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နဲ့ ကချင်လူသားချင်း စာနာထောက်ထားမှုအဖွဲ့ (KHCC) တို့ကြား သဘောတူ ညီမှု ရခဲ့ဖူးပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုတွေကြောင့် နဂိုမူလ KHCC ကော်မတီမှာ သဘောတူညီထားတဲ့ နေရပ်ပြန် စစ်ဘေးဒုက္ခသည်တွေကို ကူညီ ထောက်ပံ့ရေးအပိုင်းမှာ ငွေကြေးအခက်အခဲ ရှိလာပါတယ်။

ကချင်လူသားချင်း စာနာထောက်ထားမှုအဖွဲ့ (KHCC) ပူးတွဲဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ် ဆွန်က အိမ်ပြန်ချင်တဲ့ ဒုက္ခသည်တွေကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ကနေ ငွေကြေး အနည်းငယ် ကူညီနိုင်ပေမယ့် လုံခြုံရေးကို တော့ အာမမခံနိုင်ဘူးလို့ ပြောပါတယ်။

“လုံခြုံစိတ်ချရလားလို့ မေးရင် ကျနော်တို့ အာမခံချက် မပေးနိုင်ပါဘူး။ ဒါပေမဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ဖို့တော့ လိုပါတယ်။ အခု ဒီလိုပြန်တာဟာ IDP တွေရဲ့ ဆုံးဖြတ်ချက်ပါတယ်။ ကျနော်တို့ရဲ့ ပံ့ပိုးမှုနဲ့ ကျနော်တို့ရဲ့ ဝန်းရံမှုပါတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ကျနော်တို့က နိုင်ငံတကာရဲ့ အကူညီမရဘဲနဲ့ ပြန်မယ့်သူတွေကို ကျနော်တို့က ငါးသိန်းထောက်ပံ့ဖို့ ရှိပါတယ်။ သူတို့ အဲဒါကို ရယူနိုင်ပါတယ်။ တတ်နိုင်သလောက်ပေါ့။ အားလုံးကို ပေးချင်ပေမယ့် ရန်ပုံငွေကြောင့် ကျနော်တို့ မတတ်နိုင်ဘူးပေါ့”

ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဆောင်ရွက်ပေး နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ရက်ပိုင်းက ပြောခဲ့ ပါတယ်။

ဒါပေမဲ့ ဒုက္ခသည်အမည်ခံပြီး PDF တွေ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရင်တော့ တာဝန် မယူနိုင်ဘဲ လုံခြုံရေးဆောင်ရွက်ရတာရှိတယ်လို့ ထုတ်ပြောထားပါတယ်။

ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာကနေ လာရောက်ခိုလှုံနေတဲ့ ဒုက္ခသည် ဒေါ်ကော့မိုင် ကတော့ လုံခြုံရေးအတွက် အာမခံချက်ရှိတယ်ဆိုရင်တောင် ကလေးတွေအတွက် ပညာရေး၊ ကျန်းမာရေးအပြင် ရွာမှာရှိတဲ့ သောက်သုံးရေကအစ အဆင်မပြေသေးတာ ကြောင့် နေရပ်ပြန်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

kachin-refugees.jpg
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှ မိုင်းနား (KBC) ဒုက္ခသည်စခန်းအား ၂၀၂၂ ခုနှစ် မေလ ၄ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIO နဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်တဲ့ နဝတ စစ်အစိုးရတို့ကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ကြ ပေမယ့် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်နေ့မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။

“ကျမတို့ ကလေးတွေ တစ်ဝက်လောက်က ဒီမှာ ကျောင်းတက်နေတယ်ဆိုတော့ ရွာမှာ သွားနေမယ်ဆိုရင် ပညာရေး၊ ကျန်းမာရေးကအစ အရမ်းလိုအပ်သေးတယ်။ ပြီးတော့ ရွာကို KBC နဲ့ ဘာသာရေးအဖွဲ့စည်းတွေက ဦးဆောင်ပြီးပြန်လည်း ရွာမှာသောက်သုံးရေ ကလည်း ခက်ခဲနေတုန်းပဲ။ ရေတွင်းတွေမှာလည်း ညစ်တီးညစ်ပတ် မျိုးစုံပဲ။ အစိုးရက ရေတွင်းတွေ သန့်ရှင်းပေး သွားတယ်၊ မိုင်းတွေ ရှင်းပေးသွားတယ်ဆိုပေမယ့် အရမ်းရှင်း အောင် မဟုတ်ဘူး၊ မိုင်းတွေ ပြန်တွေ့တာတွေလည်းရှိတယ်”

တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်တစ်ခုလုံးမှာ ဒုက္ခသည်စခန်းပေါင်း ၁၆၀ ကျော်ရှိနေပြီး စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲလောက် ခိုလှုံနေပါတယ်။

၁၀ နှစ်ကျော်ကြာတဲ့အထိ ဒီဒုက္ခသည်တွေ အိမ်မပြန်နိုင်သေးခင်မှာပဲ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကြောင့် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲအသစ်တွေ ပြန်ဖြစ်နေပါတယ်။