တော်လှန်ရေးနယ်မြေက LGBT ဆေးမှူး

နန်းဆိုင်ဖူး (ဝါရှင်တန်ဒီစီ)
2025.02.02
တော်လှန်ရေးနယ်မြေက LGBT ဆေးမှူး တော်လှန်ရေးနယ်မြေတစ်နေရာမှ ဆေးမှူး လမင်း။
Photo: La Min Aung/ Facebook

စစ်တပ်အာဏာသိမ်းတာကိုလက်မခံနိုင်လို့ လက်နက်တော်လှန်နေကြတဲ့သူတွေထဲမှာ လူတန်းစား အလွှာပေါင်းစုံကလူတွေဟာ အသက်အရွယ်မရွေး၊ ကျားမမရွေးပါနေကြသလို၊ LGBT လို့ခေါ်တဲ့ လိင်စိတ်ခံယူမှုမတူတဲ့သူတွေလည်းပါဝင်ကြပါတယ်။

အဲဒီအထဲမှာ လမင်း လို့ နာမည်ခံယူထားတဲ့ လူငယ်တစ်ယောက်လည်း တနင်္သာရီတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှာ ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

“ကျွန်တော်ဝါသနာပါရာ ဆေးပိုင်းဖြစ်တဲ့အတွက်ကြောင့် အပြင်မှာလည်း ကျွန်တော်က volunteer အနေနဲ့ ဆေးပိုင်းကို တာဝန်ယူခဲ့ဖူးတော့ ကျွန်တော် ဆေးပိုင်းကို ပြောင်းလိုက်တယ်။ တခြားတပ်ဖွဲ့ကို။ ပြောင်းတာဆိုရင်လည်း လွယ်လွယ်ပြောင်းလို့မရဘူး။ ဒီတိုက်ခိုက်ရေးပါ တက်ရတယ်”

စစ်တပ်အာဏာမသိမ်းခင်က သူဟာ မိန်းကလေးလို ဝတ်စားဆင်ယင်ပြီး အွန်လိုင်းကနေ တိုက်ရိုက်လွှင့်ပြီး စျေးရောင်းတဲ့အလုပ် လုပ်ခဲ့ပါတယ်။ ကိုဗစ်နိုင်တင်း ကပ်ရောဂါဖြစ်လာတဲ့အခါမှာတော့ သူဟာ လူနာတွေကိုသီးခြားခွဲထားတဲ့ ကွာရန်တင်းစင်တာတွေမှာ ဆေးဘက်ဆိုင်ရာကူညီတဲ့ စေတနာ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ပရဟိတဝင်လုပ်ခဲ့တယ်လို့ ပြောပြပါတယ်။

“သူများထိုးနှက်လို့ ဒီတော်လှန်ရေးကနေ ထွက်သွားမယ်ဆိုတဲ့စိတ် လုံးဝမရှိခဲ့ဘူး။ ပိုပြီးကြိုးစားမယ်”

စစ်တပ်အာဏာသိမ်းလိုက်တဲ့အခါမှာတော့ သူဟာ တခြားလူငယ်တွေလိုပဲ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ဖို့ မြန်မာပြည်တောင်ပိုင်းက တိုင်းရင်းသားတွေရဲ့ လွတ်မြောက်ရေးနယ်မြေကို ရောက်သွားပါတယ်။ အဲဒီအချိန်က (KNDO) တပ်ဖွဲ့မှာ ထောက်လှမ်းရေးသင်တန်းတက်ပြီး တစ်နှစ်တာဝန်ထမ်းခဲ့တယ်လို့ ပြောပြပါတယ်။

ဒါပေမဲ့ ကိုဗစ်လူနာတွေအတွက် ကူညီလုပ်ကိုင်ပေးခဲ့ဖူးတဲ့ လမင်းဟာ အဲဒီအတွေ့အကြုံအရပဲ PDF တပ်ဖွဲ့မှာ ဆေးမှူးလုပ်ချင်တဲ့ ဆန္ဒဖြစ်လာတာလို့ဆိုပါတယ်။ ဒါကြောင့် သူနာပြုသင်တန်းကို တစ်လလောက်လေ့လာသင်ယူပြီး ဆေးမှူးတစ်ယောက်အဖြစ်တာဝန်ယူနေပါပြီ။

“ဆေးပိုင်းမှာက ကျွန်တော် ဆရာဝန်အစစ်ကြီးမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်နိုင်တဲ့ရောဂါကို ကုသပေးတာရှိသလို တကယ့်အရေးပေါ်အခြေအနေမှာ လိုအပ်လာရင်တော့ တတ်ကျွမ်းတဲ့ဆရာဝန်တွေဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ ဆေးထိုး ဆေးသွင်းရောဂါအခြေအနေပေါ် မူတည်ပြီးတော့ ထိထိရောက်ရောက် ကုသပေးတယ်။ ဆေးစပ်တာတွေလည်း ကျွန်တော်လုပ်ပေးတယ်”

ဆေးမှူးတစ်ယောက်ဖြစ်တဲ့အတွက် တစ်ခါတစ်လေ လိုအပ်တဲ့ဆေးရှိရင်၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ပေးတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ LGBT တွေ နည်းမျိုးစုံနဲ့ ဖိနှိပ်ခံနေရဆဲ

LGBT အရေးလှုပ်ရှားသူ စူးရှရှင်းသန့် ထောင် ၂၂ နှစ် ထပ်ချခံရ၊ စုစုပေါင်း ၂၅ နှစ် ရှိလာ

အာဏာသိမ်းပြီးနောက် LGBT ၁၇ ဦး သေဆုံးခဲ့ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်


အခုလိုတခြားလူငယ်တွေနည်းတူ ဒိုးတူပေါင်ဖက်ပါဝင်လုပ်ကိုင်နေပေမဲ့ LGBT တစ်ယောက်ဖြစ်နေတဲ့အတွက် လှောင်ပြောင်ခံရတာ၊ လေးစားမခံရတာကိုလည်း လမင်းကြုံရပါတယ်။

“LGBT တစ်ယောက်ဖြစ်သွားတော့ သူတို့ အထင်သေးတယ်။ စကားပြောရင်တောင် သူတို့ကို ကြိုက် နေတာလားဆိုတဲ့ အလှောင်အပြောင် နဲ့ ရုပ်ပိုင်းဆိုင်ရာလိုမျိုး သူတို့အထင်သေးပြီး လှောင်ပြောင် တယ်။ LGBT ဆိုတာ သူတို့ခေါင်းထဲမှာ လှောင်စရာ ရယ်စရာ လုပ်တယ်”

အဲဒီလို လှောင်ပြောင်တာတွေကိုခံစားမနေတော့ပဲ လမင်းဟာ ဆေးမှူးတာဝန်အပြင် ထောက်ပို့တာဝန်ကိုပါ ယူပြီး အလုပ်ကိုကြိုးစားလုပ်ကိုင်လာတဲ့အတွက် အခုဆိုရင် လှောင်ပြောင်တာတွေကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ပြောပါတယ်။

“ကျွန်တော့်မှာ လဲကျလို့မရဘူး။ တောထဲမှာဆို မိဝေးဖဝေး၊ အမှန်တိုင်းပြောရင် အသက်အန္တရာယ်ဆိုတာက ကိုယ်မြင်လို့ရတဲ့အရာ မဟုတ်တဲ့အတွက်ကြောင့် ကျွန်တော်သည် ရအောင်ကြိုးစားမယ်။ လိုအပ်တာ နည်းနည်းရောက်သွားရင် ကျေနပ်ပြီ။ သူများထိုးနှက်လို့ ဒီတော်လှန်ရေးကနေ ထွက်သွားမယ်ဆိုတဲ့စိတ် လုံးဝမရှိခဲ့ဘူး။ ပိုပြီးကြိုးစားမယ်။ အခုချိန်မှာတော့ ကူညီတဲ့သူ နည်းနည်းတော့ရှိတာပေါ့”

အိမ်ပြန်ချိန်မသိနိုင်သေးတဲ့ လမင်းတစ်ယောက် သူကျန်းမာရှင်သန်နေတဲ့အထိ ဒီတော်လှန်‌ရေးမှာ ဆက်ပြီးပါဝင်နေမယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ တော်လှန်ရေးပြီးသွားရင်တော့ အမျိုးသမီးတစ်ယောက်လိုပဲ နေသွားချင်တဲ့ဆန္ဒရှိတယ်လို့ ပြောပါတယ်။

“ကိုယ့်ရဲ့ ခံယူချက်ကလည်း LGBT ဖြစ်တယ်။ အမှန်တိုင်းပြောရင်တော့ ဒီတော်လှန်ရေးပြီးရင်တော့ မိန်းမဘဝကို ခံယူဖို့ အိမ်နဲ့လည်း အကုန်လုံး ပြောထားပြီးပြီပေါ့နော်။ အခုချိန်မှာ အဖေမရှိတော့ဘူး။ အမေပဲ ကျန်တယ်။ ကျွန်တော့်ကြောင့်နဲ့ အမေလည်း အခုချိန်မှာ သီလရှင်ဝတ်သွားပြီ။ အိမ်မှာလည်း မလုံခြုံဘူး”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။