လူငယ်တွေ ဆုံစည်းကြတဲ့ မဲဆောက်အိမ် ဘောလုံးသင်တန်း

RFA Burmese
2024.03.25
လူငယ်တွေ ဆုံစည်းကြတဲ့ မဲဆောက်အိမ် ဘောလုံးသင်တန်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဖွင့်လှစ်ထားသည့် မဲဆောက်အိမ် ဘောလုံးအားကစားသင်တန်းမှ အဖွဲ့ဝင်တချို့။
Photo: RFA

ထိုင်းနိုင်ငံ မဲဆောက်မြို့ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မြန်မာနိုင်ငံသားလူငယ်တွေ ဘောလုံးကန်ကြရင်း စိတ်ထွက်ပေါက်ရစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဲဆောက်အိမ် ဘောလုံးအားကစား သင်တန်းကို ဖွင့်ထားတာပါ။

ရွှေ့ပြောင်းလုပ်သားတွေ၊ နိုင်ငံရေးအခြေအနေတွေကြောင့် ရှောင်တိမ်းလာကြရသူတွေ၊ တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားကြသူတွေရဲ့ သားသမီးတွေအများစု ပါဝင်ကြတယ်လို့ မဲဆောက်အိမ်ဘောလုံးသင်တန်း တည်ထောင်သူတွေက ပြောကြပါတယ်။

ဘောလုံးသင်တန်းပေးသလိုပဲ ဘောလုံးပြိုင်ပွဲတွေကိုလည်း အလျဉ်းသင့်သလိုစီစဉ်ပေးနေတယ်လို့ သင်တန်းတည်ထောင်သူတွေက ပြောပါတယ်။

"ဘာကြောင့်ပဲ မဲဆောက်ကို ရောက်လာ ရောက်လာ၊ အလုပ်လုပ်ဖို့ပဲ ရောက်လာတဲ့သူပဲဖြစ်ဖြစ်၊ ဟိုဘက်က စစ်အာဏာသိမ်းလိုက်လို့ ထွက်ပြေးလာရတဲ့သူပဲ ဖြစ်ဖြစ်၊ စစ်ဘေးသင့်လို့ ရှောင်ရရင်းနဲ့ ရောက်လာတဲ့သူပဲ ဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေကြောင့်ပဲရောက်လာရောက်လာ ရောက်လာတဲ့သူတွေက ကျွန်တော်တို့အိမ်ကို စွန့်ခွာခဲ့ရတာပေါ့နော်။ ကျွန်တော်တို့အတွက် အိမ်လိုတယ်လေ၊ ကျွန်တော်တို့က မဲဆောက်မှာ အိမ်လေးတစ်လုံးလိုတဲ့အတွက် ကျွန်တော်တို့တွေ မျှမျှတတနဲ့စုစုစည်းစည်းလေးနဲ့ မိသားစုသဖွယ်အလုပ်လုပ်ကြမယ်၊ Activity လေးတွေလုပ်ကြမဲ့ အိမ်လေးတစ်လုံးဆိုပြီးတော့ မဲဆောက်အိမ်ဆိုပြီး နာမည်ပေးလိုက်တာပါ’’

အခုဆိုရင် အသက်အပိုင်းအခြားအလိုက် ဆယ်ကျော်သက်အရွယ်တွေကစပြီး အသက် ၅၀ ကျော် လူကြီးတွေအထိ ဝင်ရောက်ယှဉ်ပြိုင်လို့ရတဲ့ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကျင်းပပေးနေပါတယ်။ အမျိုးသမီးငယ်လေးတွေပါ ဝင်ရောက်ယှဉ်ပြိုင်လို့ရအောင် စီစဉ်ပေးထားတယ်လို့လည်း ဆိုပါတယ်။

တော်လှန်ရေးကာလအတွင်း လူငယ်တွေအတွက် စိတ်ထွက်ပေါက်ရစေဖို့ ဒီသင်တန်းကိုလုပ်နေတာလို့ သင်တန်းနည်းပြဆရာတစ်ဦးဖြစ်တဲ့ ကိုဟက်ဒီ (Huddy) က ပြောပါတယ်။

"တော်လှန်ရေးကာလမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမကောင်းကြတဲ့သူတွေ ဘောလုံးကန်ရင်းနဲ့ စိတ်ပြေလက်ပျောက်ဖြစ်ရမယ်။အပန်းပြေရမယ်။ မိတ်ဆွေတွေလည်း တိုးရမယ်၊ အဲဒီလိုလေးတွေ ရည်ရွယ်ထားပါတယ်၊ ဒီဘက်မှာ ကန်နေတယ်ဆိုတာကလည်း ကျွန်တော်တို့ ပျော်ရွှင်နေတာတို့ နိုင်ငံရေးသာယာနေတာတို့တော့ မဟုတ်ပါဘူး၊ တော်လှန်ရေးအတွက် ရောက်လာတဲ့သူတွေ စိတ်ထွက်ပေါက်ဖြစ်စေဖို့ ဖန်တီးပေးတဲ့ သဘောပါပဲ"

အများစုက အထောက်အထားမဲ့သူတွေဖြစ်ကြလို့ ရံဖန်ရံခါ ထိုင်းရဲတွေ လာရောက်ဖမ်းဆီးတာခံရတဲ့ အခက်အခဲတွေ ကြုံရတယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဖွင့်လှစ်ထားသည့် မဲဆောက်အိမ် ဘောလုံးအားကစားသင်တန်းမှ အဖွဲ့ဝင်တချို့။ (Photo: RFA)
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဖွင့်လှစ်ထားသည့် မဲဆောက်အိမ် ဘောလုံးအားကစားသင်တန်းမှ အဖွဲ့ဝင်တချို့။ (Photo: RFA)

သူများနိုင်ငံထဲမှာ ကိုယ့်မြန်မာနိုင်ငံသား အပေါင်းအသင်းအသစ်တွေနဲ့ ဘောလုံးကစားရင်း ပျော်ရွှင်မိတယ်လို့လည်း ကိုခန့်က ပြောပါတယ်။

"ဒီကိုရောက်နေတဲ့သူတွေ အခုလိုလှုပ်ရှားမှုလေးတွေ(Activity) လုပ်ဖြစ်တယ်။ ကျွန်တော်တို့ ဒီမှာနေရင်း အပေါင်းအသင်းလည်းမရှိတဲ့အခါကျတော့ ဒီတစ်နေရာတည်းမှာလာပြီး စုမိတဲ့အခါကျတော့ အပေါင်းအသင်းတွေရပြီး ပျော်ဖို့ကောင်းပါတယ်ဗျ၊ ယောကျ်ားလေးအများစုကတော့ ရေပန်းစားအားကစားဆို ဘောလုံးလို့ ထင်တာပေါ့နော်။ တခြားအားကစားလေးတွေလည်း လုပ်လို့ရတာပဲဆိုပေမဲ့ အစုအဖွဲ့နဲ့ လူများတဲ့အခါကျတော့ ဒီအားကစားက ပိုပြီးတော့ ပျော်တာပေါ့။ အစ်ကိုတွေ ညီတွေ မိသားစုလိုပဲ တွေ့တဲ့သူတွေ တစ်ယောက်နဲ့ တစ်ယောက်မသိတဲ့ အနေအထားကနေ ဒီဘောလုံးကွင်းလေးထဲမှာပဲ သိလာကြတယ်။ နောက်ဆုံးအကူအညီရတယ်ဆိုရင်လည်း ဘောလုံးကွင်းပြင်မှာပဲဖြစ်ဖြစ် ပေးတာတွေလည်းရှိတယ် အဲဒါကြောင့် ပျော်မိပါတယ်။’’

တိုင်းတစ်ပါးရောက် မြန်မာနိုင်ငံသားတွေ နေ့စဉ်စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေကို မဲဆောက်အိမ်ရဲ့ ဘောလုံးကွင်းထဲမှာ အပန်းပြေစေကြဖို့အပြင် တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်တွေကိုလည်း ဝိုင်းဝန်းကူညီဖေးမ ဖြေရှင်းပေးကြတယ်လို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။