ပြည်တွင်းစက်သုံးဆီစျေးနှုန်းဟာ စက်တင်ဘာ ၂၅ ရက်နေ့မှာ ၁၅ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းကျော်အထိ တစ်ရက်ထဲ ရုတ်တရက်ခုန်တက်သွားပါတယ်။ စက်တင်ဘာလဆန်းကစလို့ သုံးပတ်ကျော်အတွင်း တစ်လီတာကို ကျပ် ၁၀၀ ကျော်သာ မြင့်တက်ခဲ့ပြီး ဈေးနှုန်းအပြောင်းအလဲ အနည်းငယ်သာ ရှိခဲ့ပေမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ တစ်ရက်တည်း ကျပ် ၇၀၀ ကျော်အထိ ရုတ်တရက် ခုန်တက်သွားတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ စက်တင်ဘာလ ၂၅ ရက် လက်လီတစ်လီတာဈေးနှုန်းတွေအနေနဲ့ ဓာတ်ဆီအောက်တိန်း ၉၂ (92 Ron) အမျိုးအစားက ၄,၄၅၀ ကျပ် နဲ့ ၁၆.၃၄ ရာခိုင်နှုန်း၊ ဓာတ်ဆီအောက်တိန်း ၉၅ (95 Ron) အမျိုးအစားက ၄,၆၀၀ ကျပ် နဲ့ ၁၆.၄၆ ရာခိုင်နှုန်း၊ ဒီဇယ်စျေးက တစ်လီတာ ၄,၇၉၀ ကျပ် ၁၅.၄၂ ရာခိုင်နှုန်းတွေတက်ခဲ့ပြီး ပရီမီယံဒီဇယ် ၅,၇၉၅ ကျပ်နဲ့ ၁၃.၇၅ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့ က 92 Ron ၃,၈၂၅ ကျပ်၊ 95 Ron ၃,၉၅၀ ကျပ်၊ ဒီဇယ် ၄,၁၅၀ ကျပ်နဲ့ ပရီမီယံဒီဇယ် ၅,၀၅၀ ကျပ် ဖြစ်တာကြောင့် တစ်ရက်အတွင်း တစ်လီတာကို ၆၂၅ ကျပ်ကနေ ၇၄၅ ကျပ်အထိ ခုန်တက်သွားတာပါ။
စက်တင်ဘာလ ၁ ရက်နေ့က 92 Ron ၃,၇၁၀ ကျပ်၊ 95 Ron ၃,၈၁၅ ကျပ်၊ ဒီဇယ် ၄,၂၄၀ ကျပ်နဲ့ ပရီမီယံဒီဇယ် ၅,၁၄၀ ကျပ် ရှိခဲ့ပါတယ်။ ဒါကြောင့် စက်တင်ဘာလ ၁ ရက်ကနေ ၂၄ ရက်အထိ ရက်ပေါင်း ၂၀ ကျော်အတွင်း 92 Ron နဲ့ 95 Ron က တစ်လီတာကို ၁၁၅ ကျပ်နဲ့ ၁၃၅ ကျပ်သာ မြင့်တက်ခဲ့ပြီး ဒီဇယ်နဲ့ ပရီမီယံဒီဇယ်ကတော့ ၉၀ ကျပ်စီ ကျဆင်းခဲ့ပါတယ်။
လက်ရှိ ဈေးနှုန်းတွေ ရုတ်တရက်မြင့်တက်လာတဲ့ အကြောင်းရင်းကို သိနိုင်ဖို့ စစ်တပ်ခန့်အစိုးရရဲ့ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။
စက်သုံးဆီဈေး ရုတ်တရက်မြင့်တက်လာတာကြောင့် ယာဉ်စီးခတွေကို အရင်ထက် တိုးတောင်းရတာရှိသလို ခရီးသည်တွေလည်း မစီးနိုင်တော့ဘူးလို့ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“ဆီဈေးတက်တော့ ကားခတွေ တက်တယ်။ တက်တဲ့အတွက် သူတို့ မစီးနိုင်ဘူး။ အဲဒီလိုတက်တော့ မကိုက်ဘူးပေါ့။ ရပ်ပေါ့။ ရပ်ပြီးတော့ ခရီးသည်နဲ့ နည်းနည်း ဈေးပြောတောင်းရတာပေါ့။ ခရီးသည်တွေကလည်း မစီးနိုင်ဘူး။ အခုဆိုရင် တစ်မနက်လုံးတောင်မှ စီးတဲ့သူက ဘာမှမရသေးဘူး။ ၁၈,၀၀၀ ပဲ ရသေးတယ်။ ခရီးသည်က ပါးသွားပြီ။ အရေးအကြောင်းမရှိဘဲနဲ့ မစီးကြတော့ဘူး”
လက်ရှိ စက်သုံးဆီဈေးနှုန်းတွေကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ဖြစ်လာသလို ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာမှာကိုလည်း စိုးရိမ်နေတယ်လို့ အဲဒီယာဉ်မောင်းက ပြောပါတယ်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်က ကျေးလက်ဒေသတချို့မှာ ဓာတ်ဆီအောက်တိန်း ၉၂ (92 Ron) တစ်လီတာကို ၇,၅၀၀ ကျပ်အထိ ပေးဝယ်သုံးစွဲနေရတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၂၅ ရက်နေ့မှာ ပြောပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေရှိနေတဲ့ ဒေသတွေမှာတော့ 92 Ron တစ်လီတာကို ကျပ် ၁၅၀၀၀ ခန့် စျေးပေါက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့က စစ်တပ်ခန့်အစိုးရအကြီးအကဲ ဦးမင်းအောင်လှိုင်နဲ့ တိုင်းမ် (Time) မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် သတင်းမီဒီယာတွေက ထုတ်ပြန်ရာမှာ အမေရိကန်ပြည်ထောင်စုက ဦးဆောင်အရေးယူထားတဲ့ စီးပွားရေး ပိတ်ဆို့မှု (sanctions) တွေကြောင့် စီးပွားရေးကဏ္ဍမှာ ထိခိုက်မှုတွေရှိနေတာကို ဝန်ခံပြောဆိုခဲ့ပြီး ဘဏ်စနစ်နဲ့ ငွေကြေးလွှဲပြောင်းမှု ကန့်သတ်ချက်တွေ၊ ကုန်ပစ္စည်းတင်သွင်းဖို့ခက်ခဲ့တာတွေကို ဝန်ခံပြောဆိုထားပါတယ်။ အမေရိကန်ပိတ်ဆို့ အရေးယူမှုတွေထဲမှာ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် စစ်အာဏာပိုင်တွေရဲ့ နိုင်ငံခြားငွေ ဝင်ပေါက်တွေကို အဓိက အရေးယူထားပါတယ်။
စစ်တပ်ခန့်အစိုးရကတော့ စက်သုံးဆီတွေကို နှစ်စဉ်ပြည်ပက တင်သွင်းနေရပြီး နိုင်ငံခြားငွေ အများအပြား သုံးစွဲနေရတာကြောင့် စက်သုံးဆီတင်သွင်းမှု လျှော့ချနိုင်ရေး နည်းလမ်းရှာဖွေမယ်လို့ နိုင်ငံပိုင်သတင်းစာ တွေကတဆင့် ထုတ်ပြန်ပြောဆိုထားပါတယ်။
