မြန်မာပြည်က မြို့ပြတွေမှာ အခုနောက်ပိုင်း ခိုးဆိုးလုယက် ခါးပိုက်နှိုက်တာတွေများလာသလို၊ လူငယ် တချို့ ကိုယ်နှုတ် နှလုံး အပြောအဆိုကြမ်းလာကြပြီး၊ အုပ်စုဖွဲ့ ရန်ဖြစ်တာ၊ အနိုင်ကျင့်တာတွေလည်း လူမှု ကွန်ယက် စာမျက်နှာတွေမှာတွေ့လာရပါတယ်။
ဒါဟာ နိုင်ငံရေးစနစ်ကြောင့်ဖြစ်လာတဲ့ရလာဒ်လို့ ၈၈ မျိုးဆက်နိုင်ငံရေးအကျဥ်းသားဟောင်း ဦးကျော်ကျော် ထွေးက RFA ကိုပြောပါတယ်။
“နိုင်ငံရေးအခင်းအကျင်းရဲ့ ဓားစာခံတွေပေါ့။ လူငယ်တွေ မှန်သမျှက သူတို့ဘဝကို သူတို့ရှေ့ မျှော်ကြည့်တဲ့အခါမှာ ဘာမှသူတို့မျှော်မှန်းလို့မရနိုင်ဘူး။ နိုင်ငံရေးကြောင့် ဒီ စီးပွားရေး၊ လူမှုရေး အစစအရာရာမှာ ချွတ်ခြုံ ကျလာတဲ့အခါမှာ လူငယ်တွေမှာပိုပြီးထိခိုက်ခံစားရတာပေါ့”
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်မှာ လူငယ်တစ်စုက လူငယ်နှစ်ယောက် ကို အုပ်စုဖွဲ့ထိုးကြိတ်ပြီး ဓားနဲ့ထိုးတဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ ဆိုရှယ်မီဒီယာမှာပျံ့နှံ့ခဲ့သလို လူပြောများတဲ့ကိစ္စ ဖြစ်ခဲ့ပါတယ်။ အုပ်စုဖွဲ့တိုက်ခိုက်ခဲ့တဲ့သူတွေထဲက လူငယ်တစ်ယောက်ရဲ့ ရည်းစားမိန်းကလေးကို၊ တိုက်ခိုက်ခံ ရတဲ့ လူငယ်တစ်ယောက်က အွန်လိုင်းကနေ စနောက်ရာကနေ ဖြစ်ခဲ့တာလို့သိရပါတယ်။ ကျူးလွန်တဲ့သူ ရှစ်ဦး ဟာ အသက် ၁၆ နှစ်ကနေ ၂၀ ကြားဖြစ်ပြီး သူတို့ကို ဥပဒေအရအရေးယူဖို့ဆောင်ရွက်နေတယ်လို့ စစ်တပ်ခန့် အစိုးရ ထိန်းချုပ်ထားတဲ့ သတင်းစာတွေက စက်တင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိတဲ့ လူငယ်နှစ်ဦးကတော့ အသက် ၁၈ နှစ်နဲ့ ၂၃ နှစ်ဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးမှာကုပေးနေသလို တစ်ဦးက စိုးရိမ်ရတယ်လို့သိရပါတယ်။ ဖမ်းမမိပဲ ထွက်ပြေးလွတ်မြောက်နေတဲ့သူလည်းရှိသေးတယ်လို့ ပရဟိတသမားတစ်ဦးက RFA ကိုပြောပါတယ်။
“ ခံရတဲ့ကောင်တွေက ကျောင်းသားတဲ့။ ဟိုကောင်တွေကတော့ မပြောတတ်ဘူး။ ကျောင်းသားလည်းပါတယ် ပြောတယ်။ အပြင်လည်းပါတာပေါ့။ အခြေအနေကတော့ နည်းနည်း စိုးရိမ်ရတယ်လို့ ပြောတယ် တစ်ယောက် ကတော့။ တစ်ယောက်ကတော့ သိပ်မစိုးရိမ်ရဘူး ပြောတယ်။ တစ်ယောက် ကတော့ ကျွန်တော်တို့ ကြားတာ ကတော့ ငါးဆယ် ငါးဆယ်လို့ ပြောတယ်”
လူငယ်တွေဒီလိုဖြစ်လာတာ အလားအလာမကောင်းဘူးလို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က သုံးသပ်ပါတယ်။
“မိသားစုရဲ့ ကွပ်ကဲဆုံးမမှုကလည်း အားနည်းလာတာပါတယ်။ နောက်တစ်ခုက ဒီလုံခြုံရေး။ နောက်တခါ တရားဥပဒေစိုးမိုးရေးကိုကိုင်တဲ့အပိုင်းကလည်း ပညာပေးဆုံးမတာတို့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာတို့ နည်းလာတဲ့အခါကြတော့ ဒီပြဿနာတွေ ပေါ်လာတာပေါ့။ ကျွန်တော်တို့ဒါမျိုးက ဟိုးတုန်းကလည်းကြုံခဲ့ဖူးပါတယ်။ ဆိုရှယ်လစ်ခေတ်မှာလည်း လမ်းသရဲဆိုပြီးတော့ပေါ်ပါတယ်။ တကယ်ပြောရရင်တော့ ဒီလိုဖြစ်စဉ်တွေက အလားအလာမကောင်းဘူး”
လူငယ်တွေအရိုင်းဆန်လာတာဟာ တိုင်းပြည်အနာဂတ်အတွက်စိုးရိမ်ရတယ်လို့လည်း ၈၈ မျိုးဆက် နိုင်ငံရေး အကျဥ်းသားဟောင်း ဦးကျော်ကျော်ထွေးက ထောက်ပြပါတယ်။
“နိုင်ငံအတွက်ကို တော်တော်ကိုအန္တရာယ်ရှိပါတယ်။ ဘာလို့လည်းဆိုတော့ အနာဂတ်မှာ ဒီလူငယ်လေးတွေကြီးလာလို့ရှိရင် ဒီလိုစိတ်ရိုင်းတွေနဲ့ကြီးပြင်းလာတဲ့ လူငယ်လေးတွေလက်ထဲကို တိုင်းပြည်က တချိန်ချိန်ကျရင်ရောက်သွားရမှာပဲလေ။ မဖြစ်မနေ သူတို့ကို လက်လွှဲပြီး သူတို့တိုင်းပြည်အာဏာယူကြမယ်။ တိုင်းပြည်ရဲ့လုပ်ငန်းခွင်တွေ သူတို့ဝင်ကြမယ်။ အဲဒီလိုအခြေအနေမျိုးမှာ ဒီလိုစိတ်ပိုင်းဆိုင်ရာကြမ်းတမ်းမှု၊ ရိုင်းစိုင်းမှုတွေနဲ့ ဆက်ပြီးသွားနေမယ်ဆိုရင် ဒါဟာ တိုင်းပြည်ရဲ့အနာဂတ်က တော်တော်လေးကိုဆိုးရွားတယ်လို့ပြောလို့ရတယ်”
ဒါကြောင့် လူငယ်တွေကို မိဘ၊ဆရာ ညှိနှိုင်းပြီးယဉ်ကျေးသိမ်မွေ့လာအောင်ပညာပေးတာ ၊ ကျောင်းတွေမှာ ပြည်သူ့နီတိသင်ခန်းစာတွေသင်ပေးတာတွေလည်းလိုအပ်တယ်လို့လည်း အကြံပြုကြပါတယ်။
