မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်မှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အထူးတိုင်းစစ်ဌာနချုပ်ရုံးကို စက်တင်ဘာလ ၂၄ ရက်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် PDF တပ်ဖွဲ့ဝင် လေးဦးထက်မနည်း သေဆုံးပြီး နောက်ထပ် ငါးဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ RFA ရဲ့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
အထူးတိုင်းစစ်ဌာန လက်အောက်ခံ တပ်ရင်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရှိတယ်လို့ RFA ကို အတည်ပြုပါတယ်။
“လေကြောင်းတိုက်ခိုက်ခံရတာကို အတည်ပြုပေးပါတယ်။ ထိခိုက်သေဆုံးမှုတွေရှိနေပေမဲ့ အသေးစိတ် မသိရသေးဘူး”
နောက်ထပ် သတင်းရင်းမြစ်တစ်ဦးကတော့ သေဆုံးသူလေးဦးထဲမှာ PDF တပ်ဖွဲ့ဝင် သုံးဦးပါဝင်ကြောင်း ပြောဆိုထားပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လေးဦးထက်မနည်း သေဆုံးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ အရေအတွက်ကို RFA က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်နဲ့ အထူးတိုင်းစစ်ဌာနချုပ်ရုံးကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်မဖြေသေးပါဘူး။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် စံညိုဝင်းကိုလည်း RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
အဲဒီလေကြောင်းတိုက်ခိုက်မှုအပြီးမှာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်အခြေစိုက် အမြောက်တပ်ရင်း (အမတ-၃၁၀) အပါအဝင် စစ်တပ်တပ်စခန်းတွေကနေ အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အထူးတိုင်းစစ်ဌာနမှာ ကရင်နဲ့ မွန်ပြည်နယ်အခြေစိုက် PDF နည်းဗျူဟာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေ၊ ဒရုန်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေ ပါဝင်ပြီး မွန်၊ ကရင်၊ ပဲခူးနဲ့ ရေး-ထားဝယ်ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနက PDF တပ်ရင်းနဲ့ နည်းဗျူဟာတွေကို ပြန်လည်စုဖွဲ့ပြီး အထူးတိုင်းစစ်ဌာနကို ၂၀၂၅ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာပါ။
