သေနတ်သံတွေကြားက စာအံသံ

RFA Burmese
2024.03.27
သေနတ်သံတွေကြားက စာအံသံ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သာလင်းရွာ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသားများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရပြီး စာသင်ခန်းနဲ့ဝေးကွာနေတဲ့ ကလေးအတွက် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် သာလင်းရွာက ဘုန်းကြီးကျောင်းမှာ စာသင်ကျောင်း ဖွင့်လှစ်ထားပါတယ်။

ဒါကတော့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် သာလင်းရွာ ဘုန်းကြီးကျောင်းမှာ ဖွင့်ထားတဲ့ စာသင်ခန်းတစ်ခုပါ။

"စစ်တပ်က လက်နက်ကြီး ထုတာတွေ၊ မီးရှို့ဖျက်ဆီးတာတွေရှိတဲ့အတွက် စာသင်ကြားရတာတော့ လုံခြုံမှု မရှိပါဘူး"

မူလတန်း KG ကနေ Grade 10 အထိ ကျောင်းသား ၁၇၅ ဦးကို ဆရာ၊ ဆရာမ ၁၂ ဦး ပညာသင်ပေးနေတဲ့ ဒီစာသင်ကျောင်းလေးကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေ စုပေါင်းပြီး စတင်အကောင်အထည် ဖော်ခဲ့တာဖြစ်ပါတယ်။

ဒီစာသင်ခန်းတွေထဲမှာ သာလင်းရွာအပြင် မြောက်ခင်ရန်း၊ တောင်ခင်ရန်းနဲ့ ရွှေဘိုရွာတွေက စစ်ဘေးဒုက္ခသည် ကလေးတွေလည်း ပညာသင်ယူနေကြပါတယ်။ ဒီထဲမှာ နဝမတန်းပညာ ပညာသင်ယူနေတဲ့ သာလင်းရွာက အသက် ၁၄ နှစ်အရွယ် မောင်သားငယ်လည်း ပါဝင်ပါတယ်။

"ကျောင်းမတက်ရတာတွေ ကြုံဖူးပါတယ်ဗျ။ လက်နက်ကြီးတွေနဲ့ ထုတာကြောင့်မို့လို့ ရွာနားမှာ တိုက်ပွဲတွေဖြစ်လို့ ကျောင်းတွေရပ်နားခဲ့ရပါတယ်ဗျ။ ကျောင်းတက်ရတာလည်း ပျော်ပါတယ်ဗျ။ ကျောင်းမှာလည်း ဘာသာစုံ သင်ကြားရပြီးတော့ စိုက်ပျိုးရေး ဘာသာရပ်တွေကိုလည်း လက်တွေ့သင်ကြားရပါတယ်ဗျ။ ကြီးလာရင် တိုင်းပြည်အတွက် တစ်ထောင့်တစ်နေကနေပြီး အားကိုးအားထားရတဲ့ တာဝန်သိ ပြည်သူတစ်ဦး ဖြစ်ချင်ပါတယ်ဗျ"

ဒီကျောင်းမဖွင့်ခင်က သာလင်းရွာမှာရှိတဲ့ အစိုးရစာသင်ကျောင်းတွေနဲ့ အနီးအနားရွာတွေက ကျောင်းတွေမှာ ဒီကလေးတွေ ပညာသင်ယူခဲ့ကြတာပါ။ တိုက်ပွဲတွေကြောင့် စာသင်ခန်းတွေ ပိတ်လိုက်၊ တိုက်ပွဲတွေငြိမ်သွားရင် ပြန်ဖွင့်လိုက်နဲ့ပဲ ကလေးတွေဟာ စာသင်ခန်းထဲ အချိန်ပြည့်မရှိနိုင်ခဲ့ကြပါဘူး။

တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာတော့ စစ်ကောင်စီတပ်က စာသင်ကျောင်းတွေပါမချန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာတာကြောင့် ဘုန်းကြီးကျောင်းတွေမှာ နေရာပြောင်းရွှေ့ သင်ပေးနေရတယ်လို့ ကျောင်းကိုစတင်တည်ထောင်သူ အသက် ၃၂ နှစ်အရွယ် ကိုမင်းဦးက ပြောပါတယ်။

"ကျွန်တော်တို့ စာသင်ကျောင်းအတွင်းမှာ စာသင်ကျောင်းဆောင်ပေါ်ကို လက်နက်ကြီးကျတာရယ်၊ လက်နက်ကြီး အကြိမ်ကြိမ် ကျောင်းဝင်းအတွင်းမှာ ကျရောက်တာမို့လို့ ကလေးတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့ အနေအထားဖြစ်တာမိုလို့ ကျွန်တော်တို့က စာသင်ကျောင်းမှာ မဟုတ်ဘဲ ဘုန်းကြီးကျောင်းမှာ ရွှေ့ပြီးတော့ စာသင်ကြားရတာဖြစ်ပါတယ်။ တိုက်ပွဲတွေ ကြားထဲကနေ ကလေးတွေကို ပစ်ထားလို့ မရတော့ဘူးဆိုတဲ့ အသိစိတ်နဲ့ ကျွန်တော်တို့က ခက်ခက်ခဲခဲကြားထဲကနေ ကလေးတွေရဲ့ နောက်နောင် အနာဂတ်မှာ ဆိုးသွမ်းသွားမှာ၊ ဆိုးတဲ့အပြုအမူမျိုးကို မလိုလားလို့ ကျွန်တော်တို့ သင်ကြားရေးလုပ်ငန်းကို စသင်ကြားခဲ့ပါတယ်"

စေတနာ့ဝန်ထမ်း သင်ကြားပေးနေသူတွေဟာ ကလေးတွေ အနာဂတ်ပျောက်မသွားအောင် စာဆက်သင်ပေးနေပေမယ့်လည်း တိုက်ပွဲတွေကြောင့် လုံခြုံမှုမရှိလို့ စိုးရိမ်နေကြရပါတယ်။

"ကျွန်မက ကလေးတွေဆီကတော့ လခမရပါဘူး။ ဒါပေမဲ့ မိဘတွေရဲ့ သူတို့ တတ်နိုင်သလောက် ထောက်ပံ့ပေးတာလေးတော့ ရရှိပါတယ်။ လခမရဘဲ ဘာလို့လုပ်လဲဆိုတော့ ကျွန်မတို့က ကလေးတွေရဲ့ အနာဂတ်တွေ ပျက်ဆီးမှာစိုးလို့ ကျွန်မက စေတနာ့ဝန်ထမ်း ဝင်ပြီးကူညီပေးနေတာပါရှင့်။ စစ်တပ်က လက်နက်ကြီး ထုတာတွေ၊ မီးရှို့ဖျက်ဆီးတာတွေရှိတဲ့အတွက် စာသင်ကြားရတာတော့ လုံခြုံမှု မရှိပါဘူး။ ကျွန်မ သင်ကြားနေတဲ့ နေရာကို လက်နက်ကြီး ကျပြီးမှ ကလေးတွေ ထိခိုက်ဒဏ်ရာရမှာကိုလည်း ကျွန်မက စိုးရိမ်မိပါတယ်ရှင့်"

ဆရာမ မခိုင်က လက်ရှိ KG အတန်းက ကျောင်းသားတွေကို သင်ပေးနေပြီး ရွာကျောင်းမှာ လုပ်အားပေးဆရာမအဖြစ် ၁၁ နှစ် လုပ်ကိုင်ဖူးပါတယ်။

နယ်မြေမတည်ငြိမ်တဲ့ကြားက ခက်ခက်ခဲခဲ ဖွင့်ထားရတဲ့ စာသင်ကျောင်းဖြစ်တာကြောင့် ကလေးတွေအတွက် ပုံနှိပ်စာအုပ်နဲ့ မဖြစ်မနေလိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေကအစ မပြည့်စုံဘဲ စာသင်ပေးနေရတယ်လို့ ကျောင်းတည်ထောင်သူ ကိုမင်းဦးက ပြောပါတယ်။

"စာသင်ကျောင်းမှာ သင်ကြားရတဲ့ စိန်ခေါ်မှုတွေကတော့ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ကလေးတွေအပေါ်မှာ သင်ကြားရတဲ့ အခက်အခဲတွေလည်းရှိတယ်။ နောက်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေမို့လို့ စာရေးကိရိယာတွေ သယ်ရတာလည်း မလွယ်ကူပါဘူး။ စာသင်ကျောင်းမှာ သင်ကြားရတာမျိုး မဟုတ်တဲ့အတွက် ကျွန်တော်တို့ ဟင်းလင်းပြင်မှာ သင်ရတဲ့ အလုပ်ဖြစ်လို့ ကလေးတွေရဲ့ နေရာအခက်အခဲ ရှိပါတယ်။ ကျွန်တော်တို့ အနေအထားနဲ့ သင်ထောက်ကူနဲ့ သင်ပြစရာ လုံးဝမရှိပါဘူး"

တိုက်ပွဲတွေကြားမှာ စာသင်ခန်းနဲ့ မဝေးအောင် ကြိုးစားနေရတဲ့ ကလေးတွေရဲ့ ပညာရေးကို ဝိုင်းဝန်းကူညီပေးကြဖို့လည်း‌ ပြည်တွင်းပြည်ပက အလှူရှင်တွေကို ကိုမင်းဦးက တိုက်တွန်းပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သာလင်းရွာ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသားများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သာလင်းရွာ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသားများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒီကျောင်းမှာ ပညာသင်နေတဲ့ နဝမတန်း ကျောင်းသားတစ်ဦးရဲ့ မိခင် မအေးခင်ကတော့ စစ်ပွဲတွေ မြန်မြန်ပြီးဆုံးပြီး ကလေးတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျောင်းတက်တာကို မြင်ချင်နေပါတယ်။

"စစ်ပွဲကြီးတွေကိုလည်း မြန်မြန်ပြီးဆုံးစေချင်ပါတယ်ရှင့်။ စစ်ပွဲတွေပြီးမှ ကျွန်မတို့ သားတွေ၊ သမီးတွေကိုလည်း ကျောင်းကို အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျောင်းတက်ရတာမျိုး၊ အဖြစ်မျိုးကိုသာ ကျွန်မတို့ လိုချင်ပါတယ်ရှင့်"

ဂန့်ဂေါမြို့နယ်က ကျောင်းနေအရွယ် ကလေးတွေရဲ့ ပညာရေးအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဖုန်းခေါ်ပေမယ့် ဖုန်းမဖြေပါဘူး။

စစ်ရေးပဋိပက္ခတွေကြောင့် စာသင်ကျောင်းကနေ ဝေးကွာခဲ့ရတဲ့ ကလေးတွေ မပြည့်မစုံနဲ့ ပညာသင်နေရတဲ့ အခုလို အခြေအနေကနေ အမြန်ဆုံး လွတ်မြောက်ပြီး စိုးရိမ်စိတ်ကင်းကင်းနဲ့ လုံခြုံမှုရှိရှိ ပညာသင်ပေးနိုင်တဲ့ စာသင်ကျောင်းတွေ ဖြစ်ပေါ်လာဖို့ အားလုံးက မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။