ရန်ကုန်ရဲ့မြို့လယ်ခေါင် ဆူးလေဘုရားနားမှာ ည ၇ နာရီကျော်လောက်ကတည်းက မီးတွေမှောင်ပြီး လူတွေခပ်သုတ်သုတ်အိမ်ပြန်နေကြပါပြီ။
ပြီးခဲ့တဲ့ ၂ နှစ်ကျော် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ၂၀၂၃ ခုနှစ်မှာ ည ၈ နာရီဝန်းကျင်အထိ ရန်ကုန်မြို့ လယ်မှာလူတွေအသွားအလာများခဲ့ပါသေးတယ်။ ဒါပေမဲ့ အခု ၂၀၂၆ မှာတော့ ရန်ကုန်မြို့နေပြည်သူတွေဟာ မမှောင်ခင် ဘတ်စ်ကားစီးပြီး အိမ်ပြန်နေကြသလို မှောင်ရီပျိုးပြီဆိုရင်တော့လမ်းတွေဟာ လူအသွားအလာကျဲနေပါပြီ။
“အခုနောက်ပိုင်းဆိုရင်ဘယ်လိုဖြစ်လာလဲဆိုတော့ နေ့ခင်းကြောင်တောင်ပေါ်တင်တွေဆွဲလာတယ်။ ညဘက်တွေဘာတွေဆိုလို့ရှိရင် ပိုဆိုးတယ်။ ကျွန်တော်တို့ဆိုရင် အပြင်တောင်မထွက်ရဲဘူး။ ဒီကြားထဲမှာဆိုလို့ရှိရင် အခုဘော်ဒါတစ်ယောက်ဆိုလို့ရှိရင် ကျွန်တော်မျက်စိရှေ့မှာတင်ပဲပါသွားတာ”
လုံခြုံရေးအရ ကိုလင်း လို့ ဒီဆောင်းပါးမှာနာမည်လွှဲထားတဲ့ အသက်၂၀ ဝန်းကျင်အရွယ် ရန်ကုန်ကလူငယ်တစ်ယောက် ပြောပြတာပါ။
“ကျွန်တော်ကိုယ်တိုင်လည်းကြုံဖူးတယ်ပေါ့။ ဘယ်လိုကြုံတာလည်းဆိုတော့ ဗလတောင့်တောင့် တက်တူးတွေနဲ့ပုံစံအနေအထားကြည့်ရတာ လူမိုက်လိုလို၊ ဘာလိုလိုပဲ။ ကျွန်တော်ဆီကိုလာပြီးတော့ ညီလေး အစ်ကိုကြီးနဲ့လာခဲ့ ဆိုပြီးတော့ သူက လက်တွေဘာတွေ လာကိုင်တော့ အမှတ်မထင်လက်ကိုဆွဲရမ်းပြီးတော့ကျွန်တော်ဘာကြောင့်လိုက်ရမှာလဲမေးတော့ သူကမရဘူး။ ပြီးလည်းပြီးရောခြုံထဲကနေပြီးတော့ လေးငါးယောက်ထွက်လာတယ်။ ထွက်လာတော့အနားရှိတဲ့သူကို ကျွန်တော် ဆွဲထိုးတယ်။ ဆွဲထိုးပြီးတော့ထွက်ပြေးတယ်။ ထွက်ပြေးပြီးတော့အဲဒီတုန်းက မှတ်မှတ်ရရခွေးပြေး ဝက်ပြေးပြေးရတယ်။ လူတွေအများကြီးရှိနေတာတောင်မှ ဘယ်သူမှမကူညီရဲကြဘူးဗျာ” လို့ ကိုလင်းက ဆက်ပြောပါတယ်။
ရန်ကုန်မှာပေါ်တာဆွဲရောင်းစားပြီး စစ်ထဲပို့တာတွေများတယ်ဆိုတဲ့ တီးတိုးစကားတွေပြန့်နေပြီး အောက်ခြေလူထုကြားမှာ အကြောက်တရားလွှမ်းမိုးနေပါတယ်။
ညပိုင်းရောက်ရင် YBS ယာဉ်တွေလည်း မဆွဲတာများတယ်လို့ မြို့တွင်းနဲ့ ဒဂုံဆိပ်ကမ်းကိုပြေးဆွဲနေတဲ့ YBS ယဉ်မောင်းတွေကပြောပါတယ်။
ကိုမောင်လို့နာမည်လွှဲထားတဲ့ အသက်၂၀ ကျော်အရွယ် သုံးဘီးဆိုင်ကယ်မောင်းတဲ့လူငယ်ကလည်း သူ့ရဲ့ ဆွေမျိုးတွေကိုယ်တိုင် ဇူလိုင်လထဲမှာစစ်မှုထမ်းဖို့ရောင်းစားခံရတာကြောင့် ညဘက်ကယ်ရီဆွဲဖို့ ကြောက်ရွံ့နေပါတယ်။
“လူတွေလည်းကြောက်နေကြတဲ့အတွက် ဘယ်သူမှမထွက်ဘူးလေ။ ဘယ်သူမှမထွက်ရဲဘူး။ ကိုယ်လည်း ကိုယ့်ဂိတ်မှာလည်း မထိုင်ရဲတော့ဘူး။ ကိုယ့်အသိထဲမှာဆိုလို့ရှိရင်တော့ အဲဒီလိုနည်းနည်း မှောင်သွားတာနဲ့ အပြင်ထွက်လိုက်မိလို့ အဆွဲခံရလို့ပါသွားတာတွေတော့ အများကြီးရှိတယ်ဒီမှာက။ အမျိုးထဲက ဦးလေးရယ်၊ မယားညီအစ်ကိုရယ် နှစ်ယောက်ပါသွားတာ”
ဒီမိုးတွင်းမှာပဲ သူတို့ရပ်ကွက်မှာတင် ပေါ်တာဆွဲဖမ်းဆီးခံရတဲ့သူ ၁၃ ဦးရှိတယ်လို့သူကပြောပါတယ်။
ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုက အသက် ၄၀ ကျော်အရွယ် ဒေါ်တင်တင် လို့ နာမည်လွှဲထားတဲ့ ကလေး ၄ ယောက်မိခင်ကလည်း သူ့ခင်ပွန်း စစ်မှုထမ်းထဲရောင်းစားခံရလို့ ဒုက္ခရောက်နေပါတယ်။
“လိမ်ပြီးခေါ် သွားပြီးတော့ ရောင်းစားပစ်လိုက်တာတော့ စိတ်ထဲတော့မကောင်းဘူး။ ဒုက္ခလည်း ရောက်တယ်ပေါ့နော်။ ကလေး လေးယောက်နဲ့။ အခုအဲဒီလိုမျိုးပေါ့နော်။ အလုပ်လာခေါ်တယ် ဟေ့လေးသောင်းပေးမယ်။ ငါးသောင်းပေးမယ်ဆိုပြီး ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ အဲဒီလိုမျိုးတွေ လုပ်လုပ်ပလိုက်တာ အစပျောက်”
ပေါ်တာဆွဲတာတွေရဲ့နောက်ကွယ်မှာ လူမိုက်တွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်နေတယ်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဒေါ်စုစုနွေးက RFA ကို ပြောပါတယ်။
“ဒီရပ်ကွက် ဥက္ကဋ္ဌတွေ လူဝယ်ပြီးတော့ စစ်မှုထမ်းထည့်နေတဲ့အတွက် လူမိုက်အုပ်စုတွေက နေပြီးတော့ ဒီလူတွေကိုလိုက်ပြီးတော့ဆွဲတယ်။ အဲဒါကို ကာကွယ်ပေးတာကတော့ သက်ဆိုင်ရာဌာနတွေနဲ့ ဆိုင်နေတယ်ပေါ့နော်။ သက်ဆိုင်ရာဌာနက လုံခြုံရေးတပ်တွေ၊ ရဲတွေကပေါ့ နေရာတိုင်းတွေမှာ ကင်းတွေရှိတယ်။ သူတို့တွေသာ ဥပဒေအရကာကွယ်ပေးမယ်ဆိုရင် လူမိုက်တွေကလည်း ဒီလမ်းပေါ်မှာရှိတဲ့ အချိန်မလွန်သေးတဲ့ ဒီလူငယ်တွေကိုဆွဲတာကို လက်ခံမှာမဟုတ်ဘူးလေ။ ကာကွယ်ပေးနိုင်မှာ။ အဲဒီတော့ ကြည့်ခြင်းအားဖြင့် အကုန်လုံးကပူးပေါင်းပြီးဆောင်ရွက်နေတယ်ဆိုတာမျိုး ပေါ်ပေါက်ပါတယ်”
ဒီလိုပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုသူမရှိပါဘူး။
ပြည်သူ့စစ်မှုထမ်းအတွက် စနစ်နဲ့အညီဘယ်လိုဆောင်ရွက်နေလဲဆိုပြီး ဗိုလ်တထောင်မြို့နယ် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်က မေးထားပါတယ်။ ဒါနဲ့ပတ်သက်လို့ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ၂၀၂၄ သန်းခေါင်စာရင်းအရ စစ်မှုထမ်းဥပဒေနဲ့အကျုံးဝင်တဲ့သူ ၆ ဒဿမ ၂ သန်းဝန်းကျင်ရှိပြီး နယ်မြေနဲ့လူဦးရေအချိုးအစားပေါ် တွက်ချက်သတ်မှတ်ဆင့်ခေါ်နေတာလို့ စစ်တပ်ခန့်အစိုးရရဲ့ ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်က စက်တင်ဘာ ၄ ရက်ကကျင်းပတဲ့ စစ်တပ်ခန့်အစိုးရရဲ့ လွှတ်တော်မှာ ဖြေဆိုထားပါတယ်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တချို့ဟာ ဥပဒေအတိုင်းမလုပ်ဘဲ ငွေကြေးမသမာမှုတွေရှိနေတဲ့အတွက် စုဆောင်းခံရတဲ့ စစ်မှုထမ်းတပ်သားတွေဟာ အခက်အခဲအကျပ်အတည်းတွေ ကြုံနေရတယ်လို့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ၂၀၂၅ ခုနှစ် မေလ ၂၀ ရက်နေ့က ကလော မြို့နယ်မှာရှိတဲ့ တပ်မိသားစုဝင်တွေနဲ့ တွေ့ဆုံတဲ့အချိန်က ပြောခဲ့ပါတယ်။
