တနင်္သာရီတိုင်း လောင်းလုံ၊ ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ မိုးဆက်တိုက်များပြီး ရေကြီးမြေပြိုနေတာတွေကြောင့် ကျေးရွာပေါင်း လေးဆယ်ကျော် ရေနစ်မြုပ်နေသလို လူ ဆယ်ယောက်ဝန်းကျင် သေဆုံးပြီး နှစ်ဆယ်ဝန်းကျင် ပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီရေကြီးနစ်မြုပ်မှုကြောင့် ရေဘေးသင့်သူ သောင်းနဲ့ချီရှိနိုင်တယ်လို့ ကယ်ဆယ်ရေးသမားတွေက ခန့်မှန်းထားပေမဲ့ အရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူး။
လောင်းလုံမြို့နယ် တောင်ဘက်ခြမ်းက ကျေးရွာတွေမှာ စက်တင်ဘာလ ၂၆ ရက် ညပိုင်းကစပြီး ရေဝင်ရောက်လာတာလို့ ဆိုပါတယ်။
လောင်းလုံမြို့နယ်က ကျေးရွာတွေမှာ ရေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ အမည်မဖော်လိုသူတစ်ဦးက သေဆုံးသူ ဆယ်ယောက်ဝန်းကျင်နဲ့ ပျောက်ဆုံးသူ နှစ်ဆယ်ဝန်းကျင် ရှိတယ်လို့ RFA ကို ပြောပါတယ်။
“အသေ အပျောက်က တော်တော်လေး ရှိမယ်ဗျ။ မနက်က ငါးယောက် အခုဆိုရင် ငါးယောက်၊ ဆယ်ယောက် အဲဒီ ဝန်းကျင်မှာ ရှိမယ်။ ပျောက်ဆုံးနေတာ ၂၀ ကျော် ဝန်းကျင်လောက် ရှိဦးမယ်။ အတိအကျတော့ မရသေးဘူး ဖုန်းလိုင်းတွေက ပြတ်တောက်နေတဲ့ အခါကျတော့ ပြီးတော့ တစ်ရွာနဲ့ တစ်ရွာ သွားလာဖို့ အဆင်မပြေဘူး"
ဒီသေဆုံး၊ ပျောက်ဆုံးသူအရေအတွက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းမှာတော့ ကျောက်နီမော်၊ ကဒက်ငယ်ထိန်၊ ကဒက်ငယ်ဆိတ်၊ ကရင်ကြီး၊ သဗျာ၊ ပဉ္စသီမော်၊ မင်းရပ်နဲ့ ညောပြင် စတဲ့ ကျေးရွာ နှစ်ဆယ်ကျော် ရေနစ်မြုပ်နေပြီး တချို့နေရာတွေမှာ ရေအနက် ၁၄ ပေအထိ ရှိနေတယ်လို့လည်း ပြောပါတယ်။
ဒေသခံအများစုကတော့ ရေဘေးလွတ်ရာ အထပ်မြင့်အဆောက်အအုံတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ စုပေါင်းခိုလှုံနေကြပါတယ်။
လက်ရှိအချိန်အထိ ပျောက်ဆုံးနေသူတွေထဲက လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားနှစ်ယောက် စုစုပေါင်း သုံးယောက်ရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။ ပျောက်ဆုံးနေသူတွေထဲမှာတော့ အသက် လေးနှစ် ကနေ အသက်ခြောက်ဆယ်ဝန်းကျင်အရွယ်အထိ ပါဝင်တယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအင်အား နည်းနေတာကြောင့် ပျောက်ဆုံးသူတွေကို ရှာဖွေရေးထက် ရေဘေးထဲ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ဦးစားပေးပြီး လုပ်နေရတယ်လို့ ကူညီရေးသမားတွေက ပြောပါတယ်။
အိမ်ခြေနှစ်ရာနီးပါးရှိတဲ့ ကဒက်ငယ်ဆိတ်ကျေးရွာမှာလည်း တစ်ရွာလုံးနီးပါး ရေနစ်မြုပ်နေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ကဒတ်ငယ်ဆိတ်မှာတော့ တစ်ရွာလုံးနီးပါးပဲ မြုပ်တယ်။ တစ်ထပ်ပဲ ရှိတဲ့ အိမ်က နေလို့မရတဲ့ အတွက်ကြောင့် ရွာမှာ ရှိတဲ့ ဘုန်းကြီးကျောင်း နှစ်ကျောင်းကို ရွာက လူငယ်တွေ လူလတ်တွေက လှေနဲ့ ဟိုဘက်ကျောင်း ဒီဘက်ကျောင်း လိုက်ပြီး ပို့ပေးနေတယ်။ ရေ နှစ်တိုင်း မတက်ဘူး တစ်ခါမှ မတက်ဘူး။ အခုကတော့ လူ တစ်ရပ်လောက် တက်တယ်”
သရက်ချောင်းမြို့နယ်မှာလည်း မြိတ်-ထားဝယ်ကားလမ်း တချို့နေရာတွေ ရေဖုံးလွှမ်းနေတာကြောင့် သွားလာလို့မရတော့သလို တီတွတ်ပြင်၊ ပဲဒက်၊ ရှင်မုတ္ထီး၊ ကြာအင်းအပါအဝင် ရပ်ကွက်နဲ့ ကျေးရွာအတော်များများမှာ ရေဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလော သရက်ချောင်းမြို့နယ်ဘက်မှာ လူသေဆုံးထိခိုက်တာ မရှိသေးပေမဲ့ စပါးခင်းတွေနဲ့ အိမ်တွင်းပစ္စည်းတွေ ပျက်စီးဆုံးရှုံးတာတွေရှိတယ်လို့ အမည်မဖော်လိုတဲ့ သရက်ချောင်းမြို့ခံတစ်ယောက်က ပြောပါတယ်။
“ပျက်စီး ဆုံးရှုံးမှုကတော့ အခုချိန်က ကျွန်တော်တို့မှာ လယ်တွေ မရိတ်ရသေးတဲ့အချိန် တန်ဆောင်မုန်းလောက်မှပဲ ရိတ်သိမ်းကြတာလေ။ အဲဒါကြောင့်မို့ အဲစပါးခင်းတွေ အကုန်လုံးဆိုရင် ဘာမှ သုံးစားလို့ ရတော့မှာ မဟုတ်ဘူး။”
လောင်းလုံမြို့နယ်အတွင်းက ကဒက်ငယ်ဆိတ်၊ ကဒက်ငယ်ထိန်နဲ့ ကျောက်နီမော် စတဲ့ ကျေးရွာတွေမှာလည်း ဘုန်းကြီးကျောင်းနဲ့ နေအိမ် ရှစ်ဆယ်ကျော် ရွှံ့နွံဖုံးသွားတယ်လို့ ကူညီနေသူတွေက ဆိုပါတယ်။
ရေဘေးသင့်သူတချို့ကို ရိက္ခာခြောက် ဖြန့်ဝေထားပေမဲ့ သောက်သုံးရေသန့်နဲ့ အရေးပေါ်ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။
စစ်တပ်ခန့်အစိုးရဘက်ကတော့ လောင်းလုံးမြို့ပေါ် ရပ်ကွက်လေးခုက ရေဘေးသင့်သူ ရှစ်ထောင်ကျော် (၈,၄၃၁ ဦး) ကို ပန်တောဝဘုန်းကြီးကျောင်းဆီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ကျေးရွာတချို့မှာတော့ ဒေသခံတွေဟာ ကိုယ့်အစီအစဉ်နဲ့ ရေဘေးလွတ်ရာ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို ရွှေ့ပြောင်းခိုလှုံနေကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ လောင်းလုံးမြို့နယ် တောင်ဘက်ခြမ်းက ရေကြီးမြေပြိုမှု ပြင်းထန်တဲ့ ကျေးရွာတွေမှာ ကယ်ဆယ်ရေးနဲ့ အရေးပေါ်အကူအညီ မလုံလောက်သေးဘူးလို့ ဒေသခံတွေနဲ့ ကူညီရေးလုပ်နေသူတွေက RFA ကို ပြောပါတယ်။
ဒီအခြေအနေကို မေးမြန်းဖို့ တနင်္သာရီတိုင်း စစ်တပ်ခန့်အစိုးရ ပြောခွင့်ရသူ ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
စစ်တပ်လက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ တနင်္သာရီကမ်းရိုးတန်းနဲ့ ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် တနင်္သာရီမြောက်ပိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ စက်တင်ဘာလ ၂၈ ရက်အထိ မိုးဆက်ကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းအပြင် ရခိုင်ပြည်နယ်တောင်ပိုင်းမှာ မိုးဆက်လက်ကြီးနိုင်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ သတိပေးထားပါတယ်။
အထူးသဖြင့် တနင်္သာရီရိုးမနဲ့ ရခိုင်ရိုးမဒေသတွေမှာ မိုးများနိုင်ပြီး ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်လာနိုင်တာကြောင့် သတိပေးမှုအဆင့် တိုးမြှင့်ထားသင့်တယ်လို့လည်း သူက ဆိုပါတယ်။
မိုးဆက်များနိုင်တာကြောင့် တောင်ကျရေ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဆက်ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေပြီး ရေဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေးနဲ့ အရေးပေါ်အကူအညီတွေ ဆက်လက်လိုအပ်နေပါတယ်။
