ကျောက်တော်မြို့ ဗုံးကြဲခံရပြီး သေဆုံးသူ ၄၁ ဦးအထိရှိလာ

ကျောက်တော်မြို့ ကစ္ဆပနဒီတံတားပေါ်နဲ့ ကိုက် ၅၀၀ ခန့်အကွာမှာရှိတဲ့ အိန္ဒိယဈေးကို ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့တာဟုဆို။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၄၁ ဦး သေဆုံးပြီး ၅၃ ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က RFA ကို အတည်ပြုပါတယ်။

သေဆုံးသူအရေအတွက် ထပ်တိုးနိုင်ခြေရှိပြီး ဒဏ်ရာရသူ ၅၃ ဦးထဲက ကိုးဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုမှာ ပါဝင်သူတွေကို ဖော်ထုတ်ပြီး လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

“ကျွန်တော်တို့ ULA/AA အနေနဲ့ကတော့ ဒီဖြစ်စဉ်မှာ အသက်ပေးသွားခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ အပြစ်မဲ့ပြည်သူတွေအတွက် တရားမျှတမှုရရှိဖို့ ဒီအကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူ တစ်ယောက်ချင်းစီကို ဖော်ထုတ်ပြီးတော့မှ လက်တုံ့ပြန်တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်”

ကျောက်တော်မြို့ ဗုံးကြဲခံရပြီး ၄၁ ဦးသေဆုံး
ကျောက်တော်မြို့ ဗုံးကြဲခံရပြီး ၄၁ ဦးသေဆုံး ဗုံးကြဲတိုက်ခိုက်ခံရသည့် ကစ္ဆပနဒီတံတားနှင့် အနီးက စျေးအား တွေ့ရစဉ်။ (အာရက္ခတပ်တော် (AA))

ကျောက်တော်မြို့ ကစ္ဆပနဒီတံတားပေါ်နဲ့ တံတားကနေ ကိုက် ၅၀၀ ခန့်အကွာမှာရှိတဲ့ အိန္ဒိယဈေးကို ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့တာဖြစ်ပြီး ဈေးထဲက ကုန်သည်တွေနဲ့ လမ်းသွားလမ်းလာ ဒေသခံတွေ ထိမှန်သေဆုံးခဲ့တာလို့ AA က ဆိုပါတယ်။

အိန္ဒိယဈေးဟာ ပဲ၊ ငါးခြောက်၊ ငရုတ်သီး စတဲ့ ကုန်ခြောက်တွေနဲ့ စက်သုံးဆီကို အဓိက ရောင်းဝယ်တဲ့ ဈေးကြီးတစ်ခုဖြစ်ပြီး ကုန်သည်နဲ့ ဈေးဝယ်သူတွေ စည်ကားနေတဲ့အချိန်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာလို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ကိုဝေဟင်အောင်က RFA ကို ပြောပါတယ်။

“အခုဖြစ်သွားတဲ့နေရာက တကယ်လူထူထပ်တဲ့ နေရာပါ။ နယ်ဖက်က လူတွေ၊ ကုန်သည်တွေ အဓိက ဈေးလာဝယ်ရောင်းချတဲ့ နေရာပေါ့။ ကြဲသွားတာက နေ့လယ် ၁၂ နာရီလောက်က ပေါင် ၅၀၀ ဗုံးနှစ်လုံးဗျ။ တစ်လုံးက တံတားကို ထိမှန်ပြီး အောက်ကိုကျသွားတယ်။ နောက်တစ်လုံးက ဈေးတည့်တည့်ကို ထိတယ်။ သေဆုံးတဲ့အထဲမှာ လူဦးရေ တိုးလာနိုင်သေးတယ်ဗျ။ မီးလောင်အား အရမ်းပြင်းနေတော့ မီးထဲမှာ ပါသွားတဲ့လူတွေ ရှိနိုင်သေးတယ်လို့ ပြောလို့ရတယ်ဗျ”

ဒဏ်ရာရသူတွေကို ဆေးကုသပေးနေပြီး အများစုက ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ဗုံးစထိမှန်ဒဏ်ရာရထားသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျောက်တော်မြို့အပြင် AA ထိန်းချုပ်ထားတဲ့ မင်းပြား၊ သံတွဲနဲ့ ပုဏ္ဏားကျွန်းမြို့တွေကိုလည်း စက်တင်ဘာ ၂၈ ရက် တစ်ရက်တည်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာရသူတချို့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်တပ်ခန့်အစိုးရရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ၊ ပြည်နယ်သယံဇာတဝန်ကြီး ဦးစိုးမြင့်စိုးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးသလို သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မြောက်ဦးဆေးရုံကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံတက်ကုသနေတဲ့ လူနာတွေအပါအဝင် အရပ်သား ၃၃ ဦး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။