ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးဖို့တောင်းဆို

မန္တလေး ရတနာပုံတက္ကသိုလ်မှာ ကျောင်းလုံခြုံရေး တိုးမြှင့်ချထားပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့အတွက် ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၇ ဦးကို အမရပူရမြို့နယ်တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

RFA သတင်းထောက် မခေမဏီဝင်းက တင်ပြထားပါတယ်။

~~~~~~~~~~

ရတနာပုံတက္ကသိုလ်က ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့တောင်းဆို

(ခေမဏီဝင်း)

■ ရတနာပုံတက္ကသိုလ်ကျောင်းသားတွေရဲ့ ဒီနေ့ ပထမဆုံးတရားရုံးချိန်းကို မန္တလေးတိုင်းအပါအဝင် တခြားပြည်နယ်နဲ့တိုင်းတွေမှာရှိတဲ့ ကျောင်းပေါင်း ၃၀ ကျော်က ဗကသအဖွဲ့ဝင် ကျောင်းသား ၅၀ လောက်လည်း လာရောက်ဝန်းရံခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ အမြန်ဆုံးပြန်လွတ်လာဖို့အတွက် တောင်းဆိုသွားမယ်လို့ ရန်ကုန် ပညာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုနောင်ထက်အောင်က ပြောပါတယ်။

"ရတနာပုံ ဗကသကတော့ သူ့တောင်းဆိုချက်နဲ့သူသွားမယ်။ ကျနော်တို့က အဲဒီသုံးချက်အတိုင်းမှာ ကျနော်တို့ ကျောင်းတွေမှာလည်းဖြစ်နေတဲ့ ကျောင်းတွေ တကယ်ရှိတယ်။ အထူးသဖြင့်ကတော့ မြို့ပြင်ထုတ်ခံထားရတယ်ဆိုရင် တကယ်ရှိနေတာပဲ၊ တကယ်ရှိလို့ တကယ်လည်း အသက်ခံံရပြီးပြီ။ ကျောင်းသား အသတ်ခံရလို့ ကျောင်းသား သမဂ္ဂကပြောတာ။ ပြည်သူအသတ်ခံရရင် နိုင်ငံရေးပါတီက ပြောလိမ့်မယ်၊ ဒါထုံးစံပဲ"

မန္တလေးတိုင်းအတွင်းက ကျောင်းတွေမှာ ကျောင်းသားတွေ ပစ္စည်းလုယူသတ်ခံရတာတွေနဲ့ ပစ္စည်းတွေ ခိုးယူခံရတာတွေကြောင့် ကျောင်းလုံခြုံရေးကို တိုးမြှင့်ချထားပေးဖို့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီလိုတောင်းဆိုရာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ရတနာပုံတက္ကသိုလ်ရှေ့မှာ မန္တလေးတိုင်း အစိုးရတာဝန်ရှိသူအချို့နဲ့ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်တို့ရဲ့ နာရေးအသုဘ အခမ်းအနားပုံစံလုပ်ပြီး ဆန္ဒပြခဲ့တဲ့အတွက် ကျောင်းသား ၃ ဦးကို ဆန္ဒပြပွဲမှာတင် ဖမ်းဆီးလိုက်ပြီး နောက်ထပ်ကျောင်းသား ၅ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးပြီးနောက်မှာတော့ ကျောင်းသားတွေကို မီးရှို့မှု၊ ငြိမ်းစုစီဥပဒေ၊ အားပေးအားမြောက်မှုနဲ့ အကြည်ညိုပျက်စေမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲထားတာဖြစ်ပါတယ်။

ကျောင်းသားတွေ တိုက်ခိုက်ခံရပြီး သေဆုံးတာတွေရှိတာကြောင့် လုံခြုံရေးတိုးမြှင့်ပေးဖို့ တောင်းဆိုသူတွေကို တရားစွဲတာဟာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း ရတနာပုံတက္ကသိုလ်က ဗကသက အထွေထွေအတွင်းရေးမှူး မအိမွန်ခင်က ပြောပါတယ်။

"တောင်းဆိုနေတဲ့ကြားထဲက ၂၅ ရက်နေ့မှာ ကျောင်းသား ကိုစိုးမိုးဟိန်း အသတ်ခံရတယ်။ ကိုယ့်ကျောင်းသား သေတဲ့အတွက်မို့ စိတ်ဆန္ဒပြင်းပြပြီးတော့ အမြင့်ဆုံးဆန္ဒပြမှုတစ်ခုကို လုပ်ခဲ့တယ်။ အဲဒါကို ဘာလို့ ကျောင်းအုပ်ချုပ်ရေးကနေ တရားလိုလုပ်ပြီး တရားစွဲတာလဲ၊ ဆရာမတွေကို ဂိတ်စောင့်ခိုင်းတယ်။ ဝန်ကြီးဌာက မလုပ်ခိုင်းဖို့ပြောပေမယ့် ကျောင်းအုပ်ချုပ်ရေးက ချိုးဖောက်ခဲ့တယ်။ ကျောင်းသားကတော့ ကျောင်းသားအရေးလုပ်တာကို ကျောင်းအုပ်ချုပ်ရေးက ဘာလို့တရားလိုလုပ်စွဲတာလဲဆိုတာ မေးခွန်းထုတ်ချင်တယ်"

ဒီနေ့ ရုံးချိန်းကို လာရောက်ဝန်းရံတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဟာ ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ရုံးချိန်းအပြီးမှာ အာဇာနည်ဗိမ္မာန်ကုန်းကနေ မဟာမုနိဘုရားကြီးအထိ လမ်းလျှောက်ချီတက်ဆန္ဒပြရာမှာ အထွေထွေအုပ်ချုပ်ရေးအဖွဲ့တွေက ၂ ကြိမ်တိုင် လာရောက်တားဆီးတာတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ကျောင်းသားတွေကတော့ ဘုရားကြီးထိ ဆက်လက်ချီတက်ခဲ့ရာမှာ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ဘုရားကြီးထဲကို ဝင်ခွင့်မပေးတာကြောင့် ဘုရားကြီးရှေ့မှာတင် ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ပါတယ်။

ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂက အထွေထွေအတွင်းရေးမှူး ကိုသက်မောင်မောင်က ကျောင်းသားတွေဟာ ကိုယ့်အခွင့်ရေးကို တောင်းဆိုတာကိုပဲ လျစ်လျူရှုခံနေရပြီး အခုလိုမျိုးတွေက မဖြစ်သင့်ဘူးလို့ ပြောဆိုပါတယ်။

"အရင်ဆုံး ရတနာပုံကတ္ကသိုလ် ကျောင်းများသမဂ္ဂ ဗကသများအဖွဲ့ချုပ်ကနေ သွားပြီးတော့ တောင်းဆိုတာကို ညှိနှိုင်းဖြေရှင်းပေးတာမရှိတော့ အခုလို ပြင်းပြင်းထန်ထန် တောင်းဆိုတာထိဖြစ်လာတာ။ အခုလို ဆန္ဒပြနေတာတွေကို ပြည်သူတွေတင်မြောက်ထားတဲ့ ပြည်သူ့အစိုးရအနေနဲ့ ပြန်လည်သုံးသပ်ဖို့ လိုလာပြီ"

ရတနာပုံ တက္ကသိုလ်က ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ၇ ဦးကို လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးချိန်းထပ်မံချိန်းဆိုလိုက်ပါတယ်။