စစ်အာဏာရှင်အမြစ်ပြတ်တော့မယ့် အရိပ်အယောင်တွေမြင်နေရပြီလို့ဆို

မတ်လ ၁၆ ရက်နေ့မှာကျရောက်တဲ့ ၃၆ နှစ်ပြည့် တံတားနီနေ့အခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသားဟောင်းတွေ ဦးဆောင်ပြီး မြန်မာ-ထိုင်း နယ်စပ်တစ်နေရာမှာ ကျင်းပခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရကို ဦးဆောင်ခဲ့တဲ့ အာဏာရှင် ဦးနေဝင်းကို တက္ကသိုလ်ကျောင်းသားတွေက ဆန္ဒပြခဲ့ကြစဉ် ရန်ကုန်မြို့ အင်းလျားကန်ဘောင်ဘေးက တံတားနီမှာ လုံထိန်းတပ်ဖွဲ့ဝင်တွေရဲ့ နှိမ်နင်းခံခဲ့ရပါတယ်။

အဲဒီ တံတားနီအထိမ်းအမှတ်နေ့မှာ သေဆုံးခဲ့ရတဲ့ ကျောင်းသားအာဇာနည်တွေကို ဂုဏ်ပြုတာဖြစ်သလို လက်ရှိ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ အသက်ပေးဆပ်ခဲ့ရသူတွေကိုလည်း ဂုဏ်ပြုပွဲကျင်းပတာလို့ အခမ်းအနားဖြစ်မြောက်ရေးကော်မတီက ပြောပါတယ်။

စစ်အာဏာရှင်အဆက်ဆက် တော်လှန်ခဲ့ကြတဲ့ကျောင်းသားမျိုးဆက်တွေထဲမှာ ၂၀၂၁ ခုနှစ် မျိုးဆက်တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါတာကိုတွေ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က မှတ်ချက်ပြုပြောပါတယ်။

“၂၀၂၁ ကျတော့ အခွင့်အရေးက ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ထက် တော်တယ်ဗျာ၊ တတ်တယ်၊ သိတယ်၊ နောက်တစ်ခုက ရဲစွမ်းသတ္တိတွေကလည်း ကျွန်တော်တို့ထက် ပိုတယ်လို့ ကျွန်တော်အလေးအနက်ခံယူပါတယ်၊ အဲဒီအတွက်ကြောင့်မိုလို ကျွန်တော်တို ၂၀၂၁ နွေဦးတော်လှန်ရေးမှာ စုံလင်ကွဲပြားတဲ့ မျက်နှာစာအသီးသီးက ဗကသ ရဲဘော်တွေအပါအဝင် ရရာလက်နက်၊ ရရာနည်းလမ်း၊ ကျရာတာဝန်၊ ကျရာအခန်းကဏ္ဍ ထမ်းရွက်နေတဲ့ ရဲဘော်တွေဖြစ်တယ်လို ကျွန်တော် အလေးအနက်ခံယူပါတယ်။’’

ခေတ်အဆက်ဆက်က စစ်အာဏာရှင်တွေကို တော်လှန်ခဲ့ကြတဲ့ ကျောင်းသားမျိုးဆက်တွေအနေနဲ့ လက်ရှိ ၂၀၂၁ မျိုးဆက်မှာတော့ အပြီးတိုင်ချုပ်ငြိမ်းစေချင်တယ်လို့လည်း ပြောပါတယ်။

နွေဦးတော်လှန်ရေး သုံးနှစ်ကျော်ကာလမှာ အောင်မြင်တော့မယ့်ရောင်နီကို မြင်နေရပြီလို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ကောင်စီဝင် ဦးစည်သူမောင်ကလည်း ဆိုပါတယ်။

“နွေဦးတော်လှန်ရေးမှာ ကျွန်တော်အမြဲတမ်းပြောတယ်၊ ကျွန်တော့်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ တော် လှန်ရေးလှိုင်းလုံးတွေ မြောက်များစွာထဲက လှိုင်းလုံးတစ်ခုပဲ၊ ဒါပေမဲ့ အကြီးမားဆုံးလှိုင်းလုံး အဲဒီလှိုင်းလုံးက အကြီးမားဆုံးလည်း ဖြစ်သွားနိုင်တယ်၊ သွေးမုန်တိုင်းသီချင်းထဲကလို ဟောင်းနွမ်းတဲ့ အဆောက်အအုံတွေ ဖောက်ပြန်တဲ့လူတန်းစားတွေ ကျွန်တော်တို့အားလုံး ရိုက်ခတ်ဖျက်ဆီးဖို့အတွက်ကို ဒီမုန်တိုင်းကို ကျွန်တော်တို့ ကြိုဆိုပြီးလုပ်နေတာ၊ ဒီမုန်တိုင်းမှာ ဒီလှိုင်းမှာ အတူစီးနေကြတာ တစ်လှိုင်းပြီးတစ်လှိုင်းလာမယ်၊ တကယ်လည်း လာနေတာပဲ ကျွန်တော်တို့မှာ ရောင်နီတွေရှိလာတယ်၊ ကျွန်တော်တို့ ဒီစနစ်ကို နိဂုံးချုပ်ရမယ့် အရိပ်အရောင်တွေ ယုံယုံကြည်ကြည်နဲ့ မြင်လာရတယ်၊ အဲဒါကိုက ကျွန်တော်တိုအတွက်အားပဲ။’’

၂၀၂၄ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ၃၆ နှစ်ပြည့် တံတားနီနေ့အခမ်းအနားအား ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသားဟောင်းများမှဦးဆောင်ပြီး မြန်မာ-ထိုင်း နယ်စပ်တစ်နေရာတွင် ကျင်းပခဲ့စဉ်။ (Photo : RFA)
၂၀၂၄ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ၃၆ နှစ်ပြည့် တံတားနီနေ့အခမ်းအနားအား ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသားဟောင်းများမှဦးဆောင်ပြီး မြန်မာ-ထိုင်း နယ်စပ်တစ်နေရာတွင် ကျင်းပခဲ့စဉ်။ (Photo : RFA)

စစ်အာဏာရှင်တွေ သူတို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုလည်း ပြစ်ဒဏ်ပေးတရားစီရင်ပေးမှသာ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေအတွက် တရားမျှတနိုင်လိမ့်မယ်လို့ ၈၈ မျိုးဆက် ဗကသ ကျောင်းသား ဟောင်း ဦးညီညီကလည်း မှတ်ချက်ပြုပါတယ်။

“တရားမျှတမှု၊ ခေတ်အဆက်ဆက်မှာ စစ်အုပ်စုက သူတို့ပြစ်ဒဏ်အမျိုးမျိုး ကျူးလွန်လာတယ်၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ လက်ရှိအထိလည်း ကျူးလွန်တယ်၊ ဒါတွေက သူတို့လက်ရှိအထိ ပြစ်ဒဏ်ကင်း လွတ်ခွင့်ရနေတယ်၊ ဒီဟာကို ကျွန်တော်တို့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးလို မရဘူး၊ အဲလိုပြစ်ဒဏ်ကင်းလွတ်ခွင့် မပေးဖို့ဆိုရင် သူတို့ကို စစ်အနိုင်တိုက်ပြီးတော့ အမြစ်ဖြတ်မှရမယ်၊ သူတို့နဲ့တွေ့ဆုံဆွေးနွေးလို့လည်း မရဘူး၊ ကျွန်တော်တို့က စစ်အနိုင်တိုက်ပြီး အမြစ်ဖြတ်ပြီးတဲ့အခါ သက်ဆိုင်ရာပြစ်မှုအလိုက် ကျွန်တော်တို့က ခုံရုံးတင်စစ်ဆေးပြီးတော့ ထိုက်တန်တဲ့အပြစ်တွေကို ပေးရမယ်၊ ဒါမှလည်း တရားမျှတမှုဆိုတာ ဖြစ်မယ် ပေးဆပ်ခဲ့ရတဲ့သူတွေအတွက်လည်း ထိုက်တန်တဲ့ မျှတမှုဖြစ်မယ်လို ပြောချင်ပါတယ်။’’

ဒီအခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ General Strike Committee ၊ ဘာသာပေါင်းစုံကွန်ရက်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စတဲ့အဖွဲ့အစည်းအသီးသီးတို့က သဝဏ်လွှာတွေ ပေးပို့ဖတ်ကြားခဲ့ကြသလို တော်လှန်ရေးမှာ အားဖြစ်စေမယ့်ကဗျာတွေကိုလည်း ရွတ်ဖတ်ခဲ့ကြပါတယ်။