စစ်တပ်ခန့်အစိုးရ သမ္မတဦးမင်းအောင်လှိုင်ရဲ့ ဗီယက်နမ်နိုင်ငံခရီးစဉ်အတွင်း ဗီယက်နမ်သမ္မတ တိုလန်းနဲ့ စက်တင်ဘာ ၅ ရက်က ဟနွိုင်းမြို့မှာတွေ့ဆုံပြီး နှစ်နိုင်ငံကြား နိုင်ငံရေး၊ ကာကွယ်ရေးနဲ့လုံခြုံရေး၊ စီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုအပြင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဗီယက်နမ်နဲ့ မြန်မာဆက်ဆံရေးတိုးမြှင့်လာတာဟာ မြန်မာစစ်တပ်အတွက်စစ်ဘက်နည်းပညာနဲ့ လက်နက်ထုတ် လုပ်ရေးကဏ္ဍမှာ အခွင့်အလမ်းဖြစ်လာနိုင်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက သုံးသပ်ပါတယ်။
“ဗီယက်နမ်နဲ့မဟာမိတ် ရင်းနှီးဆက်ဆံရေးကလည်းပိုပြီး အားကောင်းလာတဲ့ အနေ အထားရှိတယ်။ ရင်းနှီး မြှုပ်နှံမှုတွေက အပြန်အလှန် ရှိနေတဲ့အခါဖြစ်တယ်။ ဗီယက်နမ်က စစ်လက်နက်နည်းပညာကော IT နည်း ပညာတွေလည်း အားကောင်းလာတော့ မြန်မာစစ်တပ်အတွက် စစ်လက်နက်ထုတ်လုပ်ရေးအတွက် ဗီယက်နမ်ဟာ အခန်းကဏ္ဍတစ်ခုအနေနဲ့ အထောက်အကူဖြစ်နိုင်တယ်။ ဖလှယ်နိုင်တဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ ရှိနိုင်တယ်။ ဒါကြောင့် ဒီကဏ္ဍကို စစ်တပ်ဘက်က၊ မင်းအောင်လှိုင်ဘက်က တိုးမြှင့်နိုင်ဖို့ ခြေလှမ်းပြင် ကြိုးပမ်းလာတာလို့တော့ပြောလို့ရနိုင်မယ်ဗျ”
အာဏာသိမ်းပြီးနောက် နိုင်ငံတကာမှာအထီးကျန်လာတဲ့ မြန်မာစစ်တပ်အနေနဲ့ ရင်းနှီးတဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ စစ်ဘက်ဆက်ဆံရေးတိုးမြှင့်ဖို့ ဦးစားပေးလာတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဦးမင်းအောင်လှိုင်က ဗီယက်နမ်သမ္မတ တိုလန်းနဲ့တွေ့ဆုံချိန်မှာ မြန်မာ–ဗီယက်နမ် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်လိုကြောင်း၊ စစ်တပ်နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုဟာလည်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေ ရေးအတွက် အရေးပါကြောင်းပြောပါတယ်။ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအပြင် ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေးနဲ့ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း တိုးမြှင့်လိုတယ်လို့ သူက ဆိုပါတယ်။
ဗီယက်နမ်ဘက်ကလည်း ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရရဲ့ တည်ငြိမ်ရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ ဆွေးနွေးရေး ကြိုးပမ်းမှုတွေကို အလေးထားကြောင်းပြောဆိုခဲ့သလို ကာကွယ်ရေးနဲ့ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုကို နှစ်နိုင်ငံဆက်ဆံရေးရဲ့ “အဓိကမဏ္ဍိုင်”အဖြစ် မြှင့်တင်ဖို့ သဘောတူခဲ့ကြပါတယ်။
စစ်တပ်ခန့်အစိုးရကအခုလိုဆောင်ရွက်လာတာဟာ အာဏာတည်မြဲရေးနဲ့ နိုင်ငံတကာကလက်ခံလာရေးအတွက် တိုင်းပြည်ရဲ့ သယံဇာတနဲ့လဲဖို့ ကြိုးပမ်းနေတာလို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေး ဒုတိယဝန်ကြီး ဦးကျော်နီက သုံးသပ်ပါတယ်။
“စစ်အုပ်စုအနေနဲ့တော့ လိုအပ်ချက်တွေ ကြီးနေတာပေါ့နော်။ လူသားအရင်းအမြစ် လိုအပ်ချက်၊ လက်နက် နည်းပညာလိုအပ်ချက် ဒါတွေက တအားကြီးနေတာ။ ကြီးနေတဲ့အခါကျတော့ သူတို့တွေက နိုင်ငံတကာပတ်ပြီး တော့ တိုင်းပြည်ရဲ့ ရင်းမြစ်တွေနဲ့လဲပြီးတော့ သူတို့တည်မြဲရေးအတွက်ကို ဆက်ကြိုးစားနေတာပဲပေါ့နော်။ သမ္မတ ဆိုပြီးတော့အမည်ခံတဲ့ကိစ္စကို နိုင်ငံတကာကလက်ခံအောင်လို့ သူကနည်းမျိုးစုံ ကြိုးစားနေတာပေါ့”
စစ်တပ်ခန့်အစိုးရဟာ အာဆီယံအသင်းဝင်တွေနဲ့ နှစ်နိုင်ငံချင်းဆက်ဆံရေး တိုးမြှင့်ပြီး တရားဝင်မှုရရှိရေး ကြိုးပမ်းနေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကရှုမြင်ပါတယ်။
“အသွင်ပြောင်းအစိုးရက အာဆီယံရဲ့ ရပ်တည်ချက်ဘယ်လိုပဲဖြစ်နေဖြစ်နေ အာဆီယံထဲမှာရှိနေတဲ့ Member States တွေနဲ့ နိုင်ငံချင်း ဆက်ဆံရေးတိုးမြှင့်ခြင်းအားဖြင့် သူ့ရဲ့ Legitimacy ကို ချဲ့ထွင်တယ်ဆိုတဲ့ ပုံစံမျိုး သူ ချဉ်းကပ်နေတယ်လို့ ကျွန်တော်တို့ နားလည်လို့ရတယ်။ အာဆီယံအနေနဲ့ကျတော့ နဂိုတည်းက တင်းမာတဲ့ ရပ်တည်ချက်မျိုး ရှိထားတဲ့ နိုင်ငံတွေက အခုချက်ချင်းတော့ ပြောင်းလဲမှာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ ဥက္ကဋ္ဌ သက်တမ်းကုန်သွားပြီး စစ်အစိုးရနဲ့နီးစပ်တဲ့နိုင်ငံတွေ ဥက္ကဋ္ဌ အလှည့်ကျတဲ့အချိန်ဆိုရင်တော့ အာဆီယံထဲမှာပုံစံတစ်မျိုးတွေ့ရနိုင်တယ်။ အဲလိုဖြစ်အောင်လည်း ကြိုးစားနေတယ်လို့ ကျွန်တော်တို့ မြင်လို့ရတယ်”
အခုလိုသုံးသပ်ပြောဆိုတာတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်တပ်ခန့်အစိုးရ သမ္မတရုံး သတင်းနဲ့ပြန်ကြား ရေးဗျူရိုကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိသေးပါဘူး။
အာဆီယံအသင်းအနေနဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ စစ်တပ်ခန့်အစိုးရကို ဆက်လက်တိုက်တွန်းထားပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း စစ်တပ်ခန့်အစိုးရရဲ့ အဆင့်မြင့်ခေါင်း ဆောင်တွေ တက်ရောက်ခွင့်ကို ကန့်သတ်ထားဆဲဖြစ်ပါတယ်။
ဗီယက်နမ်ခရီးစဉ်ဟာ ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ခုနစ်ကြိမ်မြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအတွင်းမှာတော့ သုံးနိုင်ငံမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး အခု စက်တင်ဘာလ ၁၁ ရက်နဲ့ ၁၂ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံကို သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
