မန္တလေးတိုင်း၊ ပြင်ဦးလွင် မြို့နယ်က ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအတွက်ဆိုပြီး သုံးတောင်ရွာမရွာက အိမ် နဲ့ ဆိုင်ခန်း ၁၀၀ ထက် မနည်းဖျက်သိမ်းခံရတယ်လို့ ဒေသခံ တွေက RFA ကို ပြောပါတယ်။ မန္တလေး-ပြင်ဦးလွင် လမ်း ဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ် အဝင်ပေါက် ကနေ သုံးတောင်ရွာ ကိုးမြို့ရှင်နတ်နန်းအထိ အိမ်နဲ့ ဆိုင်ခန်းတွေဟာ စီမံကိန်း ဧရိယာထဲမှာပါနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်သိမ်းခံရတာလို့ ပြောကြ ပါတယ်။
အဲဒီစီမံကိန်းဟာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၆ ခုနှစ် ဇွန်လကတည်းကစခဲ့တာြဖစ်ပြီး အခုအနှစ်နှစ်ဆယ်အကြာမှာ စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်က ဆက်အကောင်အထည် ဖော်ဖို့ကြိုးစားနေတာပါ။
အဲဒီစီမံကိန်းအတွက် ပြင်စာရွာနဲ့ သုံးတောင်ရွာမရွာကြားက မြေဧက တစ်သောင်းကိုအသုံးပြုဖို့စီစဥ်နေတာပါ။ ဒါနဲ့ပတ်သက်လို့ မြေ ၂ ဧက အသိမ်းခံရတဲ့ ပြင်စာရွာသားတစ်ဦးက RFA ကို အခုလိုပြောပြပါတယ်။
“စီမံကိန်း ဧရိယာနယ်မြေကတော့ ဧက တစ်သောင်းဆိုတာက အဲဒါတော့သိထားတယ်။ ကျွန်တော်တို့တောင်မှ အဲဒီထဲမှာ အသိမ်းခံထားရတယ်။ အနီးစခန်း ဖွင့်တယ်။ အဲဒါပြီးတော့ ရတနာပုံမြို့သစ် အဲဒါတွေ ဖွင့်တယ်။ တရုတ်တွေ ဘာတွေ ဝင်လာတာမတွေ့သေးဘူး။ စက်ရုံတွေလည်ပတ်တာလည်း မတွေ့ရသေးဘူး။ အခုမှ စပြီးတော့ဖိတ်ခေါ်နေတုန်းပဲ ရှိဦးမှာပါ။ လာတာကတော့မတွေ့သေးဘူးဗျ”
ဒီစီမံကိန်းအတွက် အနီးစခန်းလေဆိပ်သစ်ကို ဇူလိုင်လ ၁၁ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း ကိုယ်တိုင် သွားပြီးဖွင့်လှစ်ခဲ့ပါတယ်။ ဒီလေဆိပ်ဖွင့်တာဟာ ရတနာပုံဆိုက်ဘာစီးတီးကို ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေ နဲ့ ရင်းနှီးမြှုပ်နှံသူတွေ အချိန်တိုတိုနဲ့ အလွယ်တကူသွားလာနိုင်အောင်ဖြစ်တယ်လို့ လေဆိပ်ဖွင့်ပွဲ မှာပြောခဲ့ပါတယ်။ တဘက်မှာလည်း အဲဒီစီမံကိန်းတစ်ခုလုံးရဲ့ လမ်း နဲ့ အခြေခံအဆောက်အအုံ တည်ဆောက် ခွင့်တွေ၊ ရေ နဲ့ မီးပေးဝေရေးလုပ်ငန်းတွေကို ဦးမင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံရဲ့ ကုမ္ပဏီက လုပ်ပိုင်ခွင့် ရထားတယ်လို့ ဒေသတွင်း မီဒီယာတွေမှာရေးသားဖော်ပြကြပါတယ်။
ဒါဟာ အရင် စစ်အာဏာရှင်အဆက်ဆက်လုပ်လေ့ရှိတဲ့အတိုင်း အခုလဲ အဲဒီအတိုင်းလုပ်နေတာလို့ အမေရိကန် ပြည်ထောင်စုမှာနေထိုင်တဲ့ စီးပွားရေးသုတေသီ ဦးစိန်ဌေးက RFA ကို ပြောပါတယ်။
“အာဏာရှင်နေဝင်း၊ သန်းရွှေ၊ သိန်းစိန် ဒီအထိပေါ့ မင်းအောင်လှိုင် သူတို့က ဘာလဲဆိုတော့ ပြည်သူလူထုကို ဘဝမြှင့်တင်ပေးတယ်ပေါ့။ အိမ်ရာတွေ ဆောက်ပေးမယ်။ (Public Service) လုပ်ပေးတယ်။ အိုးအိမ်တွေတည်ဆောက်ပေးပါတယ်ဆိုတာ လုပ်တာ။ ဒါကရုပ်ပြ။ တကယ်တော့လုပ်ရမယ့်အလုပ်ပါ။ သို့သော် သူအဲပုံစံလုပ်တယ်။ ပြီးရင် တစ်ဖက်က သူတို့အကျိုးစီးပွား သူတို့နဲ့အကျိုးတူ အရင် နဝတခေတ်ဆို ခရိုနီတွေပါ့ဗျာ တိုက်တွေဆောက် ချမ်းသာသွားတာမတွေ့ဘူးလား။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကြတာ သူတို့သားသမီးတွေနောက်ကပါတယ်။ အခုကလည်း အဲဒါက မင်းအောင်လှိုင်က သူ့သားတွေအတွက် လုပ်ပေးတာပဲလေ ”
စစ်တပ်ခန့်အစိုးရဟာ အင်္ဂလိပ်ကိုလိုနီခေတ်မြေပုံကိုအကြောင်းပြပြီး တစ်မြို့နယ်လုံးမှာသိမ်းနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ သိမ်းတဲ့ဟာကတော့ ၁၉၀၂ ခုနှစ် မြေပုံအရသိမ်းတာ ဆိုတော့ တော်တော်များများကတော့ပါမှာပဲ။ အဲဒီအပေါ်မှာ ကျွန်တော်တို့က အငြင်းပွားလို့လည်း မရတော့ဘူး။ သူတို့ ကိုင်ထားတဲ့ မြေပုံက အင်္ဂလိပ်လက် ထက်ကထုတ်ထားတဲ့ မြေပုံအရပါဆိုတော့ လက်ရှိ ရှိနေတဲ့သူတွေ မမွေးသေးတုန်းကဟာတွေလေ။ မမွေးခင် တုန်းကမြေပုံဆိုတော့ ဘာမှလုပ်မရဘူး။ သူတို့ လာပြီးတော့ ဒီမြေပုံပြ။ မြေပုံအရပါဆိုပြီး သိမ်းတယ်။ ခံရမှာပဲ။ အခု လက်ရှိလည်းသိမ်းနေတာပဲ။ ခံနေရတာပဲ”
NLD အစိုးရလက်ထက်မှာတော့ ဒီစီမံကိန်းကို ကိုရီးယား၊ ဂျပန်နဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကို စည်းရုံးပြီး အကောင်အထည် ဖော်ဖို့ကြိုးစားခဲ့ပေမဲ့ စစ်တပ်အာဏာသိမ်းလိုက်တဲ့အတွက် ရပ်သွားခဲ့ပါတယ်။
