မြန်မာအရပ်ဘက်လေယာဥ်ကို ဒရုန်းနဲ့တိုက်ခိုက်ရာမှာ အမေရိကန်မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မက်သူး အေရွန်ဗန်ဒိုက် (Matthew Aaron VanDyke) နဲ့ ယူကရိန်းနိုင်ငံသား ၆ ဦး ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ (NIA) က တရားရုံးကို တင်ပြလျှောက်ထာ းလိုက်တယ်လို့ အိန္ဒိယက လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ တောင်အာရှမှာ အကြီးဆုံး အကျဥ်းထောင်ဖြစ်တဲ့ ဒေလီမြို့က တီဟာထောင်မှာ အချုပ်ကျနေတဲ့ ဗန်ဒိုက်နဲ့ ယူကရိန်းနိုင်ငံသား ကမင်းစကီ ဗစ်တာ (Kaminskyi Viktor) ကို လူတွေ့စစ်ဆေးခွင့်ပေးဖို့ တရားရုံးတော်ကို လျှောက်ထားရာမှာ သြဂုတ်လ ၃၁ ရက်နေ့က တရားရုံးခွင့်ပြုမိန့်နဲ့ စစ်ဆေးခဲ့အပြီး အခုလို စွဲချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
NIA ရဲ့ လျှောက်ထားချက်မှာ မြန်မာအရပ်ဘက်လေယာဥ်ကို ဒရုန်းနဲ့တိုက်ခိုက်ရာမှာ အမေရိကန်တစ်ဦးနဲ့ ယူကရိန်းနိုင်ငံသားတချို့ပါဝင်ပတ်သက်နေတယ်လို့ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေရခဲ့ကြောင်း ဖော်ပြထားပါတယ်။
အိန္ဒိယထောက်လှမ်းရေးအဖွဲ့ရဲ့ အဆိုအရ ယူကရိန်းနိုင်ငံသား ၁၄ ဦးအထိ အိန္ဒိယနိုင်ငံကို ကမ္ဘာ့လှည့်ခရီးသွား ဗီဇာနဲ့ ရောက်လာပြီး လေကြောင်းနဲ့ အာသံပြည်နယ် ဂူဝါဟတီမြို့ကို သွားရောက်ခဲ့ကြောင်း၊ အဲဒီကမှ ကန့်သတ်နယ်မြေ ခရီးသွားလာခွင့် အမိန့်နဲ့ ကာကွယ်ရေးဧရိယာခွင့်ပြုမိန့်တွေမပါဘဲ မီဇိုရမ်ပြည်နယ်ကို သွားရောက်ခဲ့ကြကြောင်း၊ အဲဒီကနေမှ မြန်မာနိုင်ငံထဲကို တရားမဝင် ဖြတ်ကျော် ဝင်ရောက်ပြီး ဒရုန်း စစ်ဆင်ရေး နည်းပညာ၊ ဒရုန်းပျံသန်းတာနဲ့ တပ်ဆင်တာ စတာတွေကို သင်တန်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီသင်တန်းဟာ မြန်မာစစ်တပ်အစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်အဖွဲ့တွေကို ပေးခဲ့တာဖြစ်ပြီး ဒီအထောက်အထား သက်သေတွေကို စွပ်စွဲခံနိုင်ငံခြားသားတွေရဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေကနေ ဗီဒီယို ဓာတ်ပုံနဲ့ အသံဖိုင်တွေနဲ့ သိရှိခဲ့ရတယ်လို့လည်း တရားရုံးကို တင်ပြခဲ့ပါတယ်။
လောလောဆယ် အိန္ဒိယ တရားရုံးက တရားရုံးအနေနဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးတာကို ခွင့်ပြုတာ တားမြစ်တာ စတာတွေကို အဆုံးအဖြတ်ပေးတဲ့ ဥပဒေမရှိဘူးလို့ ပြောဆိုခဲ့ပြီး တောင်းဆိုချက်ကို ခွင့်ပြုခဲ့ပါတယ်။ တချိန်ထဲမှာလည်း အစွပ်စွဲခံနိုင်ငံခြားသားတွေရဲ့ ရှေ့နေအဖွဲ့ကတော့ ဒီအဆင့်မှာ စုံစမ်းစစ်ဆေးတာဟာ ဥပဒေကြောင်းအရ အကြောင်းမခိုင်လုံဘူးလို့ ကန့်ကွက်ခဲ့ပါတယ်။
အခုနှစ် မတ်လက အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ အိန္ဒိယနိုင်ငံဘက်ကနေ မြန်မာနိင်ငံထဲကို ဝင်ရောက်ခဲ့တဲ့ ယူကရိန်းနိုင်ငံသား ခြောက်ဦးနဲ့ အမေရိကန်နိုင်ငံသား တစ်ဦးကို NIA က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
ယူကရိန်းနိုင်ငံသား သုံးဦးကို ဒေလီမြို့၊ အခြား သုံးဦးကို လက္ခနောင်မြို့နဲ့ အမေရိကန်နိုင်ငံသားတစ်ဦးကို ကာလကတ္တား လေဆိပ်မှာ မတ်လ ၁၃ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်မှုကာကွယ်ရေးဥပဒေအရ အမှုဖွင့်ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ပြောကြားချက်မှာ ယူကရိန်းနိုင်ငံသား ခြောက်ဦးဟာ အိန္ဒိယမြန်မာနယ်ခြားဒေသရှိ ကန့်သတ်နယ်မြေတွေကို သွားရောက်ပြီး တရားမဝင်လုပ်ငန်းတွေ လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားကို စွဲချက်မှာ ပြသထားနိုင်ခြင်းမရှိကြောင်း၊ အိန္ဒိယနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး အိုလက်ဆန်ဒါ ပိုလစ်ချက် (Oleksandr Polishchuk) က အိန္ဒိယနိုင်ငံခြားရေးဌာန အရာရှိကြီးတွေကို တွေ့ဆုံပြီး ယူကရိန်းနိုင်ငံသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ သံရုံးနဲ့တွေ့ဆုံခွင့်ပေးဖို့ မတ်လ ၁၆ ရက်နေ့က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်သံရုံးကတော့ ဒီဖြစ်စဥ်ကို သိရှိကြောင်း၊ ဒါပေမယ့် တစ်ဦးတစ်ယောက်ချင်းရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကန့်သတ်ချက်အရ အမှုကိုထုတ်ပြောလို့မရကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီနိုင်ငံခြားသားတွေဟာ မြန်မာနိုင်ငံဘက်က ဘယ်လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်နေသလဲ ဆိုတဲ့ အချက်ကိုတော့ နယူးဒေလီတရားရုံးက အမည် တိတိကျကျဖော်ထုတ်မထားတဲ့အတွက် မသိရသေးဘူးလို့ သိရပါတယ်။
