မင်းကင်းက စစ်ဘေးဒုက္ခသည်စာသင်ကျောင်း ဆက်ရပ်တည်ရေး ခက်ခဲနေ
2025.02.01

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ကျေးရွာတွေကနေ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် ကလေးတွေရဲ့ စာသင်ကျောင်းလေး ဖြစ်ပါတယ်။
သူတို့တွေဟာ စစ်တပ်အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ် အစောပိုင်းကတည်းက နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒီကျောင်းမှာ မူလတန်းကနေ ခုနစ်တန်းအထိ ပညာသင်ကြားနေတဲ့ ကလေး တစ်ရာကျော် ရှိပါတယ်။
အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ CDM ဆရာ ဆရာမ နှစ်ဦးနဲ့အတူ လုပ်အားပေးဆရာ ဆရာမ ၂၅ ဦးက စာသင်ကြားပေးနေတာ ဖြစ်ပါတယ်။
အခုဆို စစ်ရှောင်ခဲ့တာက လေးနှစ်ရှိပြီဖြစ်ပြီး ကလေးတွေကို ပညာသင်ကြာပေးနေတာက စာသင်နှစ် ၃ နှစ် ရှိခဲ့ပြီလို့ ကျောင်းတာဝန်ခံ ဆရာမက ပြောပါတယ်။
“ကျွန်မတို့ဆရာမလေးတွေကို လခမပေးနိုင်ပါဘူး။ ရပ်ရွာ အခြေအနေ မပြည့်စုံတဲ့အတွက် စေတနာအပြည့်နဲ့ပဲ လက်ထောက်ဆရာမလေးတွေက သင်ကြားပေးနေကြတာပါ။ ကျောင်းသားတွေဆီကလည်း ငွေကြေး မကောက်နိုင်ပါဘူး။ မကောက်နိုင်ဘူးဆိုတာက ရွာကလည်း ခက်ခဲတဲ့ အခါကျတော့ ဘယ်မိကမှ မပေးနိုင်ပါဘူးရှင့်”
ဒီကိုယ်ထူကိုယ်ထ စာသင်ကျောင်းလေးကို စစ်ရှောင်စခန်းထဲမှာ ဖွင့်ထားတာ ဖြစ်ပါတယ်။
ဒီကျောင်းမှာ အကူအညီအထောက်အပံ့ ရှားပါးတဲ့အတွက် ဘေးအကာအရံတောင် မကာနိုင်သေးဘူးလို့ ကျောင်းတာဝန်ခံ ဆရာမက ပြောပါတယ်။
“ကျောင်းဆောင်က အခု မြင်ရတဲ့အတိုင်းပါပဲ၊ ကတ်တောင်မကာနိုင်ပါဘူး။ သက်ငယ်ပျစ်လေးမိုးပြီး မြေပြင်မှာပဲ ဖြစ်သလို စာသင်နေကြရတာပါရှင့်။ ရာသီဥတုဒဏ်လည်း မခံနိုင်ဘူးပေါ့။ ရာသီဥတုက ပြင်းတယ်။ ခံနိုင်ရည်မရှိပေမယ့် ဖြစ်သလို သင်ကြးပေးနေကြရတာပါ”
စစ်ရှောင်ကလေးတွေကို ဘာသာတရားကိုင်းရှိုင်းဖို့အတွက် ကျောင်းပညာရေးအပြင် ယဉ်ကျေးလိမ်မာသင်တန်းကိုလည်း သင်ကြားပေးနေတယ်လို့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။
“ဆရာတော်ရဲ့ ဩဝါဒကိုလည်း နာကြားလိုချင်တဲ့ ဆန္ဒတွေ ရှိလို့၊ ဆရာတော်ဘုရားနဲ့လည်း ပညာရေးကိစ္စလေးတွေ ဆက်စပ်နေတာတွေ ရှိတဲ့အတွက်... ဒီတောရကျောင်းကို ကျွန်တော်တို့လာပြီး အားလုံးစည်းလုံးညီညွတ်စွာ လာကန်တော့ ပူဇော်တာပါ”
ဆက်နွှယ်သော သတင်းများ
မင်းကင်းမြို့နယ်က စစ်ဘေးဒုက္ခသည် ခုနစ်ထောင်ခန့် စားဝတ်နေရေးခက်ခဲနေ
မင်းကင်းမှာ လေကြောင်းက ဗုံးကြဲလို့ တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာပြင်းထန်
နိုင်ငံတစ်ဝန်း စာသင်ကျောင်း တစ်သောင်းကျော် ပိတ်ထားရ
စစ်ဘေးရှောင်စက အထောက်အပံ့ရခဲ့ပေမယ့် နောက်ပိုင်းမှာ အထောက်အပံ့ ရောက်မလာတော့ဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။ သူတို့ကျွမ်းကျင်တဲ့ တောင်ယာ အလုပ်နဲ့ ဆက်စပ်တဲ့ အလုပ်တွေကို ရှာဖွေ လုပ်နေကြ ရတယ်လို့ ဆိုပါတယ်။
“ဘာမှ မဖြစ်ချင်ဘူးကွယ်...အသက်ရှည်ရှည်ပဲ နေချင်တယ်”
“အုန်းတံသပ်ပြီး အုန်းတံမြက်စည်းလုပ်တာ၊ အခုတော့ တံမြက်စည်းလုပ်ရအောင် အုန်းတံက မရှိတော့ဘူး။ ပိုက်ဆံဝင်ပေါက် ရှားနေပြီဟေ...”
လက်ရှိအချိန်မှာ ရာသီဥတုက ပြင်းတဲ့အတွက် သက်ကြီး ရွယ်အိုတွေ ကျန်းမာရေးထိခိုက်နေတယ်လို့ ဆိုပါတယ်။ ရွာကို ပြန်ချင်ပေမယ့် တရားထိုင်တဲ့ သက်ကြီးရွယ်အိုတွေတောင် ညှဉ်းပန်းနှိပ်စက်နေတာလို့ စစ်ဘေးဒုက္ခသည် အဘိုးတစ်ဦးက ပြောပါတယ်။
“လယ်က ဒီနှစ်ဆိုရင် ခိုးရိတ်ကြရတာ။ ညရိတ်... မနက်စောစောသွားရိတ် အဲသလို သိမ်းကြရတာ၊ ဟိုဘက်ကလမ်းမှာသွားတာ မြင်ရင်ကို လှမ်းလှမ်းပစ်နေတာ”
လက်ရှိ အချိန်မှာတော့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကျေးရွာတွေက ဒေသခံ စစ်ဘေးဒုက္ခသည်တွေဟာ အထောက်အပံ့အကူအညီ မရရှိဘဲ။ ရရာ အလုပ်ကို ရှာကြံလုပ်ကိုင်ရင်း တောတောင်တွေထဲမှာ ပုန်းအောင်း နေကြတာ လေးနှစ် နီးပါးရှိခဲ့ပြီလို့ ပြောကြတယ်။