မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးက ဘားနဒ်ကျေးရွာဟာ ဆောင်းတွင်းကာလ တချို့အချိန်တွေမှာ မနက်ပိုင်းရေခဲတာကြောင့် သွားရောက်လည်ပတ်ဖို့ ခရီးသွားတွေကြားမှာ စိတ်ဝင်စားမှု တိုးလာတဲ့နေရာတစ်ခုပါ။
လက်ရှိ ကိုဗစ်ကပ်ဘေးကြောင့် ခရီးသွားလုပ်ငန်းတွေ ရပ်တန့်နေပေမယ့် ကိုဗစ်အလွန်မှာတော့ ခရီးသွားတွေ လာရောက်နိုင်အောင် ဒေသခံတွေက ကြိုတင်ပြင်ဆင်နေပါတယ်။ ဒီအချိန်မှာ ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခတွေ တိုးလာတာကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေပါတယ်။
ကမ္ဘာကျော် ပတ္တမြား၊ နီလာစတဲ့ ကျောက်မျက်ရတနာတွေထွက်ရှိရာ မိုးကုတ်မြို့ကနေ ကားနဲ့ နာရီဝက်လောက်သွားရင် တောင်ပေါ်ကျေးရွာဖြစ်တဲ့ ဘားနဒ်ရွာကို ရောက်ပါတယ်။ အဲဒီရွာမှာ ၁၈၈၀ ခုနှစ် ကိုလိုနီခေတ် စစ်သင်္ချိုင်းရှိတာ၊ ဆောင်းတွင်းကာလမှာ ရေခဲလေ့ရှိတာ၊ တိုင်းရင်းသားရွာတွေကို တောင်တက်ခရီးသွားလို့ရတာကြောင့် နှစ်စဉ် ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ တိုးနေတာပါ။
အဲဒီရွာခံတွေဟာ ခရီးသွားဧည်သည်တွေကို ကိုယ်တိုင်ပြုလုပ်ထားတဲ့ ဒေသထွက်ကုန် လက်လုပ်ပစ္စည်းတွေ ရောင်းချပြီး ဝင်ငွေတိုးလာမယ်လို့ ထင်ခဲ့ကြပေမယ့် ကိုဗစ်ကပ်ဘေးကြောင့် မျှော်လင့်သလို မဖြစ်ခဲ့ပါဘူး။ ဘားနဒ်ရွာခံ မရီမိတ်တို့ ဘိုးဘွားအစဉ်အဆက် နေထိုင်လာတဲ့ ခြံထဲမှာ ကိုလိုနီခေတ် ယမ်းတိုက်အဟောင်းတစ်လုံးရှိပြီး စစ်သင်္ချိုင်းကိုလာတဲ့ ခရီးသွားတွေက သူ့အိမ်ကို တကူးတက လာရောက်ကြပါတယ်။
ရေခဲတဲ့အချိန် လာချင်သူတွေကိုလည်း ဘယ်လိုအခြေအနေမှာ ရေခဲနိုင်ကြောင်း မရီမိတ်က ဖုန်းနဲ့ အကြောင်းကြားပေးလေ့ရှိပါတယ်။ သူ့ခြံဝန်းထဲက ယမ်းတိုက်ကိုတော့ အများပြည်သူ ကြည့်လို့ရအောင် ခရီးသွားလုပ်ငန်းမှာ အထောက်အကူဖြစ်စေဖို့ အစိုးရကို လှူဒါန်းထားပါတယ်။ စစ်သင်္ချိုင်းရှိတဲ့ ဘားနဒ်ရွာအနီးက နန်းဥမ္မာရွာက လီဆူလူငယ်တွေကလည်း ခရီးသွားလုပ်ငန်းမှာ ပိုအထောက်အကူရအောင် ချယ်ရီပင်တွေကို စိုက်နေကြပါတယ်။
မိုးကုတ်ဒေသမှာ ကျောက်လုပ်ငန်းတွေ အလုပ်မဖြစ်တော့တာကြောင့် ခရီးသွားလုပ်ငန်း ပိုပြီးတိုးတက်လာမယ်လို့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက မိုးကုတ်မြို့အနီးတိုက်ပွဲဖြစ်တာ ဒေသခံတချို့ကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။ နယ်မြေမတည်ငြိမ်တာကြောင့် ခရီးသွားတွေ တိုးလာဖို့ ဒေသခံတွေရဲ့ ကြိုးစားချက်တွေ ထိခိုက်မှာကို စိုးရိမ်သူတွေလည်းရှိပါတယ်။
နှစ်စဉ်ခရီးသွား တစ်သောင်းကျော်လောက် လာလေ့ရှိတာကနေ ကိုဗစ်ကာလ ကန့်သတ်ချက်တွေကြောင့် အခုဆိုရင် ဘားနဒ်ရွာမှာ ငါးရက်တစ်ဈေးလိုနေ့မျိုးမှာတောင် လူဦးရေ ရာဂဏန်းလောက်ပဲ လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုလိုနီခေတ်က ဘားနဒ်ရွာမှာ မြို့တည်ဖို့ ရွေးချယ်ခဲ့ကြပေမယ့် ကျောက်လုပ်ကွက်တွေရှိတဲ့ မိုးကုတ်မြို့အနီးမှာပဲ လူနေထိုင်မှုများခဲ့တာကြောင့် မိုးကုတ်ဒေသဟာ မြို့ဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။
မိုးကုတ်မြို့မှာ အစဉ်အလာအတိုင်း လုပ်ကိုင်လာကြတဲ့ တစ်ပိုင်တစ်နိုင် ကျောက်လုပ်ကွက်တွေ ပိတ်သိမ်းခံရပြီး နောက်ပိုင်းမှာ ကျောက်ဈေးတန်း (ဌာပွဲ) တွေမှာ ကျောက်လာရောင်းတဲ့သူတွေ နည်းသွားတယ်လို့ ဆိုပါတယ်။ ကျောက်လုပ်ငန်းတွေ ရပ်နားထားရတာကြောင့် ဒေသခံတွေဟာ တခြားနည်းနဲ့ ဝင်ငွေရမယ့် စိုက်ပျိုးရေး လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတွေကို အာရုံစိုက်လာကြတယ်လို့ ကျောက်အရောင်းအဝယ် လုပ်ကိုင်နေသူတွေက ဆိုပါတယ်။
နယ်မြေဒေသ အေးချမ်းမှုအပေါ် မှီခိုအားထာရတဲ့ ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်နေချိန် ဒေသအတွင်း မတည်ငြိမ်မှုတွေက ကိုဗစ်ရောဂါထက် စိန်ခေါ်မှု ကြီးနေတယ်လို့ မိုးကုတ်မြို့ ထာပွဲကျောက်ကုန်သည်ပွဲစားများအသင်း ဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့် က သုံးသပ်ပါတယ်။
ခရီးသွားဧည့်သည်တွေ တိုးလာမယ်လို့ မျှော်လင့်ချက်နဲ့ မိုးကုတ်မှာ ဟိုတယ်လုပ်ငန်းတွေလည်း တိုးလာပါတယ်။ အရင်က ဟိုတယ်လေးလုံး လောက်သာရှိတာကနေ လက်ရှိမှာ ဟိုတယ် ခြောက်လုံး၊ တည်းခိုရိပ်သာတစ်လုံးရှိနေပြီး ဆောက်လက်စ ဟိုတယ်လေးလုံးလောက်ရှိတယ်လို့ ဟိုတယ်ခရီးသွားလုပ်ငန်း တာဝန်ရှိသူက ပြောပါတယ်။ ခရီးသွားရာသီမှာ ဟိုတယ် တည်းခိုခန်းတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်အထိ ပြည့်နေတတ်ပြီး ကိုဗစ်ကာလ စက်တင်ဘာနောက်ပိုင်းထဲက ဟိုတယ်တွေကို ပိတ်ထားရတယ်လို့ဆိုပါတယ်။ ခရီးသွားဝင်ရောက်မှုက လုံးဝနီးပါးရပ်ဆိုင်းသွားတယ်လို့ ပြောပါတယ်။
မိုးကုတ်မှာ ခရီးသွားလုပ်ငန်းအားကောင်းဖို့ ဘားနဒ် စစ်သင်္ချိုင်းကို BOT စနစ်နဲ့ ကုမ္ပဏီနှစ်ခုက ပြုပြင်ပြီး ခရီးသွားလုပ်ငန်းလုပ်ခွင့်ရဖို့ လျှောက်ထားတာရှိသလို တခြားတောင်တက်ခရီးစဉ်တွေ ဘုရားဖူးခရီးစဉ်တွေကိုလည်း အကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။ လက်ရှိကာလမှာ ကိုဗစ်ကြောင့် ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်တာတွေ ရပ်ထားရပြီး နယ်မြေ မတည်ငြိမ်တာကြောင့် ပြင်ဦးလွင်ကနေ မိုးကုတ်ကို ပါမစ်နဲ့လာမယ့် နိုင်ငံခြားသား ခရီးသွားတွေ ဝင်ရောက်မှုကိုပါ ထိခိုက်နိုင်တယ်လို့ မိုးကုတ်မြို့ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်ဦးစီဌာန ဦးစီးအရာရှိ ဦးစိုးတင့်က RFA ကို ပြောပါတယ်။
မိုးကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးကတော့ ကိုဗစ်ကာလမှာ နေအိမ်မှာနေထိုင်ရေး သတ်မှတ်ထားတဲ့ မြို့နယ်တွေက လာသူတွေကို အသွားအလာ ကန့်သတ်စောင့်ကြည့်ကြောင်း ပြောပါတယ်။ ကျန်တဲ့ မြို့နယ်တွေက လာသူတွေကိုတော့ အဝင်၊ အထွက်တွေမှာ ကျန်းမာရေးစစ်ဆေးပြီး လိုအပ်ရင် နေအိမ်မှာ အသွားအလာ ကန့်သတ်နေခိုင်းထားကြောင်း ပြောပါတယ်။ မိုးကုတ်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာက တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ခဲ့တဲ့အပြင် ဒေသတွင်း လုပ်ငန်းရှင်တချို့ကို TNLA က ဖမ်းဆီးငွေတောင်းတာတွေကြောင့် ဒေသခံတွေကြားမှာ မြို့လုံခြုံရေးကို စိုးရိမ်နေကြတာပါ။
မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်၊ မဘိမ်းမြို့ စတဲ့နေရာတွေမှာ TNLA အပြင် တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလဲ လှုပ်ရှားတဲ့ဒေသဖြစ်ပါတယ်။ မိုးကုတ်မြို့နယ်အတွင်း အဓိကလှုပ်ရှားတဲ့ TNLA အဖွဲ့ကတော့ ဒေသခံတွေကို မစိုးရိမ်ကြဖို့နဲ့ လူဖမ်းငွေတောင်းတဲ့ ကိစ္စတွေကို စိစစ်အရေးယူမယ်လို့ ပြောထားပါတယ်။ မိုးကုတ်မြို့ လုံခြုံရေးအတွက် လတ်တလောမှာ တပ်မတော်က စစ်ဗျူဟာမှူးဦးဆောင်ပြီး လုံခြုံရေးဆောင်ရွက်နေတယ်လို့ပြောပါတယ်။ ဒေသအတွင်းမှာ တရားဥပဒေစိုးမိုးရေးနဲ့ ရေရှည်လုံခြုံရေးအတွက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပဲ လုပ်ဆောင်လို့မရဘဲ ပြည်သူလူထုကပါ ပူးပေါင်းကူညီဖို့ လိုတယ်လို့ တပ်မတော်က တိုက်တွန်းထားပါတယ်။
