နိုဘယ်အေးဖောင်ဒေးရှင်း ထူထောင်
2025.02.08

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပတဲ့ မနိုဘယ်အေးအပါအဝင် နွေဦးတော်လှန်ရေး ကာလတစ်လျှောက် ကျဆုံးခဲ့ရတဲ့သူရဲကောင်းတွေ အောက်မေ့ဖွယ်အခမ်းအနားမှာ နိုဘယ်အေးဖောင်ဒေးရှင်းကို ထူထောင်လိုက်တာလို့ အခမ်းအနားစီစဉ်သူတွေက ပြောပါတယ်။
ပြည်တွင်းစစ်ဖြစ်နေတဲ့ကာလတစ်လျှောက် ကျဆုံးခဲ့တဲ့ရဲဘော်တွေ၊ ပြည်သူတွေကို စာရင်းကောက်ယူပြီး ကျန်ရစ်တဲ့သားသမီးတွေကို ထောက်ပံ့ဖို့၊ စစ်ဒဏ်ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူတွေကို ထောက်ပံ့ကူညီဖို့ နိုဘယ်အေးဖောင်ဒေးရှင်းကို ထူထောင်လိုက်တာလို့ အဖွဲ့တည်ထောင်သူ ကိုထက်မြက်က ပြောပါတယ်။
"အတတ်နိုင်ဆုံး ရန်ပုံငွေရှာတဲ့လုပ်ငန်းစဉ်တွေလုပ်မယ်၊ အဲဒီကရတဲ့ငွေတွေနဲ့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်တယ်၊ ကျွန်တော်တို့က အကြောင်းအရာ သုံးရပ်နဲ့သွားတာဆိုတော့ ပထမဦးဆုံးက စာရင်းကောက်ယူတဲ့ကဏ္ဍ၊ ဒုတိယနဲ့ တတိယကတော့ ထောက်ပံ့တာ ပံ့ပိုးကူညီတာ တွေကိုလုပ်သွားမှာဖြစ်တယ်၊ အဲဒါတွေက နောက်ပိုင်းခြောက်လလောက်ကြာတဲ့အခါမှာ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ဆုံးဖြတ်ထားပါတယ်ခင်ဗျ"
မနိုဘယ်အေးဟာ ကိုအောင်ကိုဟိန်း (ခ) ကိုလေးခွင်းနဲ့အတူ ပဲခူးတိုင်း၊ ဝေါမြို့မှာ လက်နက်တွေနဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က ဖမ်းဆီးခံ လိုက်ရတာပါ။
ဖေဖော်ဝါရီလ ၈ ရက်နေ့မှာတော့ သူတို့နှစ်ယောက်ကိုတရားရုံးထုတ်နေချိန်မှာ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်လိုက်ပါတယ်။ ခုလို မြေအောက်တော်လှန်ရေး လုပ်နေရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာခံလိုက်ရပြီး အသက်ပါစွန့်လွှတ်ခဲ့ရသူမို့ နိုင်ငံရေးအသိုင်းအဝိုင်းက မနိုဘယ်အေးကို အမျိုးသမီး အာဇာနည်သူရဲကောင်းအဖြစ် သတ်မှတ်ထားပါတယ်။
နိုဘယ်အေးဖောင်ဒေးရှင်းကနေ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်ရတဲ့သူတွေကို အတိုင်းအတာတစ်ခုလောက်အထိ ထောက်ပံ့ကူညီပေးနိုင်မယ်လို့ ဖောင်ဒေးရှင်းအဖွဲ့ဝင် ကိုမျိုးမင်းဇော် က ဆိုပါ တယ်။
"နိုဘယ်အေးဖောင်ဒေးရှင်းကနေပြီးတော့ အတိုင်းအတာတစ်ခုအထိ သေချာတယ် အကုန်လုံးတော့ ကျွန်တော်တို့ ကာဗာဖြစ်နိုင်ဖို့က မလွယ်ပါဘူး၊ အတိုင်းအတာတစ်ခုအထိ လုပ်ပေးနိုင်မယ်ဆိုရင် ကျဆုံးသွားတဲ့ရဲဘော်တွေ၊ တော်လှန်ရေးအတွက် အသက်ပေးသွားတဲ့ရဲဘော်တွေ၊ ကိုယ်လက်အင်္ဂါ စွန့် လွှတ်ခဲ့ကြရတဲ့ရဲဘော်တွေရဲ့ မျှော်မှန်းချက်၊ ရည်မှန်းချက်တွေကို တစ်စုံတရာ အတိုင်းအတာတစ်ခု အထိ ဖြည့်ဆည်းပေးတယ်လို့ ခံယူပါတယ်"
ဆက်နွှယ်သောသတင်းများ
မနိုဘယ်အေးနဲ့ ကိုလေးခွင်းတို့ကို ဂုဏ်ပြုပွဲ မဲဆောက်မြို့မှာ ကျင်းပ
နိုင်ငံရေးအကျဉ်းသူ မနိုဘယ်အေး ရက်လည်ဆွမ်းကျွေး မဲဆောက်မြို့မှာပြုလုပ်
ဖမ်းဆီးခံ မနိုဘယ်အေး အပါအဝင် နှစ်ဦး ပစ်သတ်ခံရကြောင်း ဝေါ PDF အဖွဲ့ပြော
နိုဘယ်အေးဖောင်ဒေးရှင်းကို စနစ်တကျနဲ့ရှင်သန်သွားဖို့လိုတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဦးအောင်မျိုးကျော်က မှတ်ချက်ပေးပါတယ်။
"ကျွန်တော်တို့ ဘယ်တော့မှ နိုဘယ်အေးကို မေ့မနေတော့ဘူးပေါ့နော်၊ နိုဘယ်အေးကလည်း ဒီနွေဦးတော်လှန်ရေးမှာ မတရားသဖြင့် စစ်အုပ်စုက သတ်ဖြတ်လိုက်တာ ခံလိုက်ရတယ်။ အသက်သေပေမဲ့လည်း နိုဘယ်အေးနာမည်မသေခဲ့ဘူး၊ အခုဆိုရင်လည်း နိုဘယ်အေးဖောင်ဒေးရှင်း ထပ်ပြီးပေါ် လာတဲ့အတွက်ကြောင့် နိုဘယ်အေးအတွက် ဒါက အင်မတန်ကို ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်၊ ဒီဟာကို နိုဘယ်အေးအနေနဲ့လည်း ကျေနပ်လိမ့်မယ်လို့ ယူဆတယ်၊ ဒီဖောင်ဒေးရှင်းလေးကို သေသေချာချာစနစ်တကျနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆက်ပြီးတော့ရှင်သန်သွားနိုင်ဖို့အတွက် ဦးစီးဦးဆောင်လုပ်တဲ့သူတွေကို တိုက်တွန်းလိုပါတယ်"
မနိုဘယ်အေးဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် နဝတ၊ နအဖ စစ်အစိုးရလက်ထက် ၁၉၉၆ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်မှာ တစ်ကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရသလို၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခဲ့စဉ်ကလည်း ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွဦးဆောင်ပါဝင်ခဲ့ပြီး စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ဖို့ မြေအောက် UG အဖြစ်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။