တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (Wang Yi) ဟာ မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ ထိုင်း သုံးနိုင်ငံကို ဧပြီ ၂၂ ရက်ကနေ ၂၆ ရက်အထိ ငါးရက်ကြာ ခရီးရောက်မယ်လို့ တရုတ်အစိုးရ Xinhua သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ တရုတ်အစိုးရက ကူညီပံ့ပိုးပြီး ထောက်ခံထားတဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော်ခေါ် ဖွဲ့စည်းထားတဲ့ စစ်ခေါင်း ဆောင်ဟောင်းရဲ့ အစိုးရသစ်လက်ထက်မှာ ပထမဆုံးလာရောက်တဲ့ တရုတ်အစိုးရအဆင့်မြင့်အရာရှိကြီးတစ်ဦးဖြစ်ပါတယ်။
တရုတ်အစိုးရ တရားဝင်ထုတ်ပြန်ချက်အရ မစ္စတာဝမ်ယိဟာ ခရီးစဥ် နောက်ဆုံး တစ်ထောက်အဖြစ် ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့ကတစ်ဆင့် ဧပြီ ၂၅ ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိမှာဖြစ်ပြီး ၂၆ မှာ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ်ခန့် အစိုးရသစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
ဒီခရီးစဥ်မှာ အဓိကအားဖြင့် နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေးနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ရေးတွေ ဆွေးနွေးမယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ၂၀၂၄ ခုနှစ် သြဂုတ်လကလည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေးနဲ့ မြန်မာစစ်တပ်က ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်ကာကွယ်ရေးဝန်ကြီး တုန်ကျွင်း (Tong Jun) နဲ့ အတူ ဧပြီ ၂၂ ရက် ဗုဒ္ဓဟူးနေ့က နှစ်နိုင်ငံ နိုင်ငံခြားရေးနဲ့ကာကွယ်ရေးဝန်ကြီးအဆင့် (၂+၂) အစည်းအဝေးကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
