ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လူ့အခွင့်အရေးကာကွယ်သူတွေဟာ စောင့်ကြည့်ခံရမှု၊ သွားလာခွင့်ကန့်သတ်ခံရမှုနဲ့ ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်တွေကြားမှာ ဆက်လက်လုပ်ကိုင်နေရတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က ဩဂုတ်လ ၂၇ ရက်နေ့မှာ အစီအရင်ခံစာ ထုတ်ပြန်ပါတယ်။
“ကြောက်ရွံ့မှုများကြား၌ တိတ်ဆိတ်စွာ ရှင်သန်ရုန်းကန်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီအရင်ခံစာ ထုတ်ပြန်လိုက်တာဖြစ်ပြီး အဲဒီဒေသတွေမှာရှိတဲ့ လူ့အခွင့်အရေးကာကွယ်သူတွေရဲ့ လုံခြုံရေးအခြေအနေနဲ့ လုပ်ငန်းဆောင်ရွက်နိုင်တဲ့ ပတ်ဝန်းကျင်ဟာ စစ်အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားလာတယ်လို့ ဖော်ပြထားပါတယ်။
လူ့အခွင့်အရေးကာကွယ်သူတွေ သွားလာတဲ့အခါ စစ်ဆေးရေးဂိတ်တွေမှာ တင်းကျပ်စွာ စစ်ဆေးခံရတာနဲ့ ဖုန်းတွေ စစ်ဆေးခံရတာတွေ ပါဝင်တယ်လို့ KHRW ရဲ့ ဒါရိုက်တာ ဆိုင်းမိုင်က RFA ကို ပြောပါတယ်။
“လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့သူတွေမှာ အဓိကအန္တရာယ် ကြီးကြီးမားမားအနေနဲ့ ခြိမ်းခြောက်နေတဲ့အရာတွေက သွားလာတဲ့အခါ စစ်ဆေးတင်းကြပ်တဲ့ဟာတွေ၊ ဖုန်းတွေ စစ်တဲ့ဟာတွေပေါ့နော်။ ပြီးလို့ရှိရင် ဒီလေယာဉ်ကွင်းတို့၊ ဂိတ်တို့၊ တံတားထိပ်တို့ပေါ့နော်။ မြို့ထဲမှာတောင်မှ စစ်ဆေးမေးမြန်းတဲ့ဟာတွေ၊ ဖုန်းတွေ စစ်တဲ့ဟာတွေက တော်တော်လေးကို အန္တရာယ်ဖြစ်စေတယ်။ ဒီဟာကလည်း ပိုပြီးတော့ စိုးရိမ်စရာကောင်းတဲ့ဟာက မတရားဖမ်းဆီးမှုတွေ၊ မတရားဖမ်းဆီးမှုနဲ့အတူ တွဲပါလာတာက နှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေ ဒီလိုမျိုးအခြေအနေတွေ ဖြစ်မှာကို ကျွန်မတို့အနေနဲ့ အလွန်အမင်း စိုးရိမ်တယ်”
အဲဒီအစီရင်ခံစာအတွက် ၂၀၂၆ ခုနှစ်အတွင်း လူ့အခွင့်အရေးကာကွယ်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ် စုစုပေါင်း ၂၅ ဦးကို တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ များပြားလာတာကလည်း လူ့အခွင့်အရေးကာကွယ်သူတွေနဲ့ လူသားချင်းစာနာမှုအကူအညီ ပေးသူတွေအတွက် နောက်ထပ်စိန်ခေါ်မှု ဖြစ်လာနေတယ်လို့ KHRW က ပြောပါတယ်။
လူ့အခွင့်အရေးကာကွယ်သူတွေအပေါ် ခြိမ်းခြောက်မှုတွေဟာ မြန်မာစစ်တပ်တစ်ဖက်တည်းမဟုတ်ဘဲ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေလည်း ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဖွဲ့အစည်းမျိုးစုံရဲ့ ခြိမ်းခြောက်မှု၊ စောင့်ကြည့်မှု၊ သွားလာခွင့်ကန့်သတ်မှုနဲ့ ဒစ်ဂျစ်တယ်စောင့်ကြည့်မှုတွေကြားမှာ လူသိရှင်ကြား မလုပ်ရဲတော့ဘဲ တိတ်တဆိတ် လုပ်ကိုင်နေရတာကြောင့် ရန်ပုံငွေနဲ့ အထောက်အပံ့ရရှိမှုတွေ လျော့နည်းလာတယ်လို့လည်း KHRW က ပြောပါတယ်။
ဒါကြောင့် အလှူရှင်အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေ၊ နိုင်ငံတကာအစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတွေ (INGOs) နဲ့ သံရုံးတွေက မြန်မာနိုင်ငံအတွင်း ဆက်လက်လုပ်ကိုင်နေတဲ့ လူ့အခွင့်အရေးကာကွယ်သူတွေအတွက် ရေရှည်တည်တံ့ပြီး ဒေသအခြေပြု ကာကွယ်ရေးအထောက်အပံ့တွေ ပေးဖို့ KHRW က တောင်းဆိုထားပါတယ်။
အဲဒီအထောက်အပံ့တွေထဲမှာ အရေးပေါ်နေရာရွှေ့ပြောင်းရေး၊ လုံခြုံတဲ့နေရာတွေ၊ ဥပဒေရေးရာနဲ့ ကျန်းမာရေးအကူအညီ၊ စိတ်ကျန်းမာရေးဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်နဲ့ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးသင်တန်းတွေအပြင် အသက်မွေးဝမ်းကျောင်းအထောက်အပံ့နဲ့ မိသားစုတွေအတွက် ကာကွယ်ရေးအစီအစဉ်တွေ ပါဝင်သင့်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အန္တရာယ်တွေကြားကပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူ့အခွင့်အရေးကာကွယ်သူတွေဟာ လူမှုအသိုင်းအဝိုင်းတွေအတွက် ကာကွယ်စောင့်ရှောက်မှု၊ အမှန်တရားဖော်ထုတ်ရေးနဲ့ တာဝန်ယူမှုရှိစေရေးအတွက် ဆက်လက်လုပ်ဆောင်နေကြတယ်လို့ KHRW က ပြောထားပါတယ်။
KHRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ပြောဆိုချက်တွေကို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို၊ တုံ့ပြန်ချက်ရဖို့ RFA က သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
